လက်ရှိ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ အခြေအနေတွေအကြောင်း တောင်ကိုရီးယားနိုင်ငံမှာ အင်တာဗျူး ဖြေခဲ့တဲ့ Makeup Artist၊ မော်ဒယ် ဟန်နာယူရီက အင်္ဂလိပ် ဘာသာစကားနဲ့ ကြိုးစားပြီး ဖြေခဲ့ပေမယ့် စိတ်လှုပ်ရှားနေတာကြောင့် ကိုယ့်ကိုယ်ကိုယ် အားမရဘူးလို့ ဆိုပါတယ်။
“Nervous အရမ်းဖြစ်လို့ ကိုယ်ပြောချင်တာကို အင်္ဂလိပ်လို စာစီနေရတာရယ်၊ ဘာပြီးရင် ဘာလေးပြောလိုက်မှ ဆိုပြီး စဉ်းစားနေရတာရယ်၊ 3rd person ဘက်ကနေ မြန်မာအကြောင်း ပြောနေရတာ မဟုတ်ဘဲ ကိုယ်တိုင်ကြုံခဲ့ရတဲ့ ကိုယ့်ခံစားချက် ပါတဲ့အတွက် ရင်တွေတုန်၊ စကားတွေ ရှုပ်ထွေးပြီး အင်တာဗျူး မလုပ်ခင်က ကိုယ်ပြောမယ်ဆိုပြီး ပြင်ဆင်တာတွေလည်း ဘယ်ရောက်ကုန်မှန်းမသိ ဖြစ်ခဲ့တယ်”
“ဒါပေမဲ့ ကိုယ့်ရဲ့အစွမ်းကုန်ကြိုးစားပေးခဲ့ပြီး ဖြေခဲ့ပါတယ်။ ဆက်ပြီး မြန်မာပြည်သူတွေနဲ့အတူ ရှိနေပါမယ်။ စစ်အာဏာရှင်စနစ် အမြန်ဆုံးကျရှုံးပါစေ။ ပြောချင်တာတွေကို မြန်မာလို ပြောရတာ မဟုတ် အင်္ဂလိပ်လိုဆိုတော့ ကိုယ့်အင်္ဂလိပ်ကလည်း အဲ့လောက် မကောင်းတော့ ကိုယ့်ကိုယ်ကိုယ် အားမရဘူး။ တောင်းပန်ပါတယ်ရှင်”လို့ ဟန်နာယူရီက ပြောပါတယ်။
တောင်ကိုရီးယားမှာ ဟန်နာယူရီ ဖြေခဲ့တဲ့ အင်တာဗျူး
“နောက်တခေါက် မြန်မာစကားပြန်နဲ့ သွားပြောပါ့မယ်နော်။ ကျမ English မကောင်းတာ တောင်းပန်ပါတယ်ရှင်။ ကျမကို အားပေးတဲ့ comment လေးတွေ တခုချင်းဆီကို ကျေးဇူးတင်ပါတယ်။ ကျမက မြန်မာပြည်မှာ အစိုးရကျောင်းတက်ပြီး မြန်မာတက္ကသိုလ်က English major နဲ့ ဘွဲ့ရခဲ့တာပါ။ ကျမရဲ့ မြန်မာပြည်က ဆရာ၊ ဆရာမများကို အမြဲလေးစား ကျေးဇူးတင်ပါတယ်”
“နိုင်ငံတကာနဲ့ ယှဉ်လို့ရတဲ့ Professional English မတတ်ကျွမ်းတဲ့ ကိုယ့်ကိုယ်ကိုယ် အားမရပါဘူး။ Instagram မှာ အချို့ လာဟားနေတာတွေ တွေ့ပါတယ်။ ကျမ English မတော်လို့ နည်းနည်းမှ မရှက်ပါဘူးရှင်။ ချစ်တဲ့နိုင်ငံအတွက် အကောင်းဆုံး မလုပ်ပေးနိုင်မှာပဲ စိုးရိမ်တယ်။ အားနာပါတယ်”လို့ ဟန်နာယူရီက ပြောပါတယ်။
ဆက်လက်ပြီး ဟန်နာယူရီက စစ်အာဏာရှင်ကို ဘာလို့ ဘက်ပေါင်းစုံကနေ တွန်းလှန်နေရလဲဆိုတာ အခုလိုပဲ ပြောပါတယ်။

“ကျမတို့ ဒီတိုက်ပွဲကို ဘာလို့ ဘက်ပေါင်းစုံက တိုက်ပွဲဝင်နေလဲ။ ဒီအချက်တွေပါပဲ။ ကျမတို့နိုင်မှ သားသမီးတွေ မျိုးဆက်တွေဘဝ အစစအရာရာ တိုးတက်လာမှာပါ။ ပိုက်ဆံရှိမှ English ကျောင်းတက်၊ နိုင်ငံခြားထားနိုင်မှ English လို ကောင်းကောင်း ပြောနိုင်မယ့်ဘဝ၊ တိုးတက်နိုင်မယ့် ပညာရေးမျိုးတွေ နောင်လာမယ့် မျိုးဆက်တွေကို မဖြစ်စေချင်ဘူး”
“တိုင်းရင်းသားပြည်သူ အားလုံး တညီတညွှတ်တည်း တန်းတူအခွင့်ရေးတွေ ရစေချင်တယ်။ နှစ် ၇၀ ကျော် ဒီအာဏာရှင်စနစ်ကို အမြစ်ဖြုတ်ချပြီး ပြည်သူတွေကို ဒီမိုကရေစီ အရသာစစ်စစ်၊ လူအခွင့်ရေးတွေ ခံစားစေချင်တယ်။ ဒီအရာတွေအားလုံးအတွက် အားတင်းပြီး စစ်အာဏာရှင်ကို ဆန့်ကျင်နေတာပါရှင်”လို့ ဟန်နာယူရီက ပြောထားပါတယ်။
ဟန်နာယူရီဟာ Makeup Artist, Beauty Influencer နဲ့ Freelance Model တဦးဖြစ်ပြီး၊ သူ့ရဲ့ Followers ၁ ဒသမ ၃ သန်းရှိတဲ့ လူမှုကွန်ရက် အကောင့်ကနေ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် Speak Out လုပ်ပေးနေတဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။
You may also like these stories:
အလှမယ် သူဇာဝင့်လွင်ရဲ့ Luggage ပြန်တွေ့အောင် ကြိုးစားနေ
မြန်မာပြည်အကြောင်း တောင်ကိုရီးယားမှာ အင်တာဗျူး ဖြေခဲ့တဲ့ ဟန်နာယူရီ
သံပုံးတီးသပိတ်ကို ပိုအားကောင်းအောင် တိုးချဲ့ဖို့ ဇေယျာသော် တိုက်တွန်း