တော်လှန်ရေးနယ်မြေကို ရောက်ရှိနေတဲ့ အဆိုတော် နိုဗန်ထူးက ဒီကာလမှာ ပြည်သူတွေ ဖိအားမျိုးစုံနဲ့ ရင်ဆိုင်နေရတာကြောင့် တယောက်ကို တယောက် ဖေးမကြဖို့ အခုလိုပဲ ဆိုပါတယ်။
“အေးဆေးပဲလား၊ ဂရုစိုက်ဦး၊ နေကောင်းအောင်နေနော် စသဖြင့် ဒီစကားတွေက တယောက်နဲ့ တယောက် နွေးထွေးမှုတွေ အပေးနိုင်ဆုံး စကားလုံးပဲ။ ကျနော်တို့ ပြောပြောနေကျ ငါတို့မှာ ငါတို့ပဲ ရှိတယ် ဆိုတဲ့အတိုင်း ဖိအားမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာ တယောက်ကို တယောက် ဖေးမကြဖို့ပါ”
“ချစ်ရတဲ့လူတွေကို ရင်ဖွင့်ပါ။ အားတက်စေမယ့် သီချင်းအမျိုးအစားတွေနဲ့ ပြန်လည် တည်ဆောက်ပါ။ စိတ်ပိုင်းဆိုင်ရာအတွက်လည်း တခါတလေ အနားယူဖို့ လိုပါတယ်။ ကျနော် ကိုယ်တိုင်လည်း ၂ ရက်လောက် အနားယူဖို့ ပြင်ဆင်နေပါတယ်။ လိုအပ်ရင် ကျနော့်လို စိတ်ဆရာဝန် (Therapist) တွေနဲ့ ဆွေးနွေးပါ”လို့ နိုဗန်ထူးက ဆိုပါတယ်။
ဆက်လက်ပြီး တိုင်းပြည် ကောင်းစားတာ ကြည့်သွားဖို့ ကျန်းမာရေး ကောင်းဖို့လည်း လိုအပ်တယ်လို့ ဆိုပါတယ်။
“တိုင်းပြည် ကောင်းစားတာ ကြည့်သွားဖို့ ကျန်းမာရေး ကောင်းဖို့လည်း လိုအပ်တယ်နော်။ အားတင်းထားကြမယ်။ ကျနော့်လို စိတ်ဆရာဝန်တွေနဲ့ ဆွေးနွေးပါ ဆိုတာ ကျနော် ကိုယ်တိုင် စိတ်ဆရာဝန်တွေနဲ့ သွားပြီး ရင်ဖွင့်တာ ပြောတာပါ”လို့ နိုဗန်ထူးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်းက အဆိုတော် ရေမွန် ရုတ်တရက် ကွယ်လွန်သွားတာကြောင့် စိတ်တွေ တိမ်းတိမ်းပွေပွေ ဖြစ်ခဲ့ရတယ်လို့ နိုဗန်ထူးက ဆိုပါတယ်။
“နာကျင်စရာတွေကြားက ကျေနပ်စရာ တချို့လည်း ဖြစ်ခဲ့တယ်။ ကိုဝင်းကျော်နဲ့ တိုင်ပင်ပြီး ကျနော်တို့ရဲဘော်တွေအတွက် လိုအပ်တာတွေ တတ်နိုင်သမျှ ရှာဖွေပေးသွားမယ်ဆိုပြီး အရင်ကတည်းက ကြံစည်ခဲ့တာ အခုတော့ ဖြစ်လာခဲ့ပြီ။ ဒီကြားထဲ ကိုရေမွန် ရုတ်တရက် ထွက်ခွာသွားတော့ ကျနော်တို့ စိတ်တွေ တိမ်းတိမ်းပွေပွေ ဖြစ်ခဲ့ရတယ်”
“ဖြစ်တယ် ဆိုပြီးတော့လည်း တော်လှန်ရေးကို စိတ်လျော့သွားရမှာ မဟုတ်ဘူး။ ပိုပြီး နာကျည်းတယ်။ အမုန်းတရားနဲ့ မိတ်ဖွဲ့ထားပြီး ပြန်လည် ပေးဆပ်ဖို့ ရှေ့ဆက်လျှောက်ဖို့ပဲ ရှိတယ်။ ကိုရေမွန်လည်း စောင့်ကြည့်နေမယ်လို့ ယုံကြည်တယ်”လို့ နိုဗန်ထူးက ဆိုပါတယ်။
တော်လှန်ရေး ရဲဘော်တွေထံ အလှူငွေ ဘတ် ၂ သိန်း ချောချောမွေ့မွေ့ ရောက်ရှိလာခဲ့ပြီလို့ သိရပါတယ်။
“အခုလည်း အာလုံးစုပေါင်း ထည့်ဝင်ထားတဲ့အထဲက ဘတ် ၂ သိန်းလည်း ကျနော်တို့ ရဲဘော်တွေဆီ ချောချောမွေ့မွေ့ ရောက်ရှိလာခဲ့ပါပြီ။ သေချာတာ တခုက ပန်းနဲ့ပေါက်တဲ့ပွဲ မဟုတ်တော့ ပေးဆပ်မှုကတော့ ကြီးမှာပါပဲ။ ဘယ်အကြောင်းကြောင်းနဲ့မှ သွေးမအေးစေရ”လို့ နိုဗန်ထူးက ပြောထားပါတယ်။