တေးသံရှင်ဆိုတေး သတိရလာပြီ ဆိုပေမယ့် သူနဲ့အတူ ယာဉ်မတော်တဆမှုမှာ ပါဝင်ခဲ့တဲ့ သူချစ်သူ ချောချော သေဆုံးမှုကို မသိသေးဘူးလို့ ဆိုတေးရဲ့ အဒေါ် ဒေါ်ချို ဆီက သိရပါတယ်။
“ချောချော သေဆုံးတဲ့ ကိစ္စကို ပြောဖို့လောက် အထိ သတိမရသေးဘူး။ စကားလည်း မပြောနိုင်သေးဘူး။ သတိကလည်း အကောင်းကြီး မဟုတ်သေးဘူး။ အန်တီတို့ ပြောတာကို ခေါင်းခါတယ်၊ ခေါင်းညိတ်တာ လောက်ပဲ ရှိတယ်။ သေချာ မသိ သေးဘူး။ ဒီကိစ္စ ကိုလည်း ကောင်းကောင်းကြီး သတိမရသေးတော့ ပြောလို့မရသေး ဘူးပေါ့။ သတိရ ခဲ့ရင်တောင် ချောချော သေတာ ဘယ်ပြောလို့ ဖြစ်မလဲ” လို့ ဒေါ်ချိုက ပြောပြပါတယ်။
ဆိုတေးကို မန္တလေးဆေးရုံ အထူးကြပ်မတ်ဆောင်မှာပဲ ကုသနေဆဲ ဖြစ်ပြီး ပုံမှန်အနေအထား ရောက်မလာသေးဘူးလို့ သိရပါတယ်။
လက်ရှိမှာ နှလုံး အထူးကု၊ အာရုံကြော အထူးကု ဆရာဝန်တွေနဲ့ ကုသနေရ သေးပေမယ့်လည်း နိုင်ငံခြားမှာ ဆေးသွားကုဖို့ လုံးဝ အစီအစဉ်မရှိဘူးလို့ ဒေါ်ချိုက ပြောပါတယ်။
“ဖြစ်ဖြစ်ချင်းထက် စာရင် ပိုကောင်းပါတယ်။ ပုံမှန်လိုမျိုးတော့ သတိတော့ ကောင်းကောင်း မရသေးဘူး။ စကားလည်း မပြောနိုင်သေးဘူး။ မျက်လုံးကလည်း လူကောင်းတွေလိုမျိုး မဖွင့်နိုင်သေးပါဘူး။ ဆရာဝန်ကြီးတွေကတော့ နည်းနည်း ထပ် ကုသရဦးမယ် ပြောတယ်။ ပုံမှန်အနေအထား ရဖို့တော့ ခက်ခဲဦးမယ်။ စိတ်တော့ရှည်ရမယ် ပြောတယ်။ အဓိက ကတော့ အာရုံကြောထိတာပေါ့” လို့ သူက ဆက်ပြောပါတယ်။
ခွဲစိတ်ပြီး ၃ ရက်အကြာမှာ သတိပြန်ရလာပြီး ကိုယ်လက်တွေလည်း လှုပ်ရှားလို့ ရတယ်လို့ သိရပါတယ်။
ဆိုတေးကို ကုသပေးနေတဲ့ ဆရာဝန်ကြီးတွေထဲက တဦးဖြစ်တဲ့ မန္တလေးဆေးရုံက တာဝန်ရှိ ဆရာဝန်တဦးက လက်ရှိ အခြေအနေကတော့ တိုးတက်မှုရှိကြောင်းနဲ့ အာရုံကြောတွေ ထိခိုက်သွားတဲ့အတွက် ပုံမှန်အနေအထား ပြန်ရောက်ဖို့ အချိန် ကြာကြာ ယူဖို့ လိုတဲ့အကြောင်း ရှင်းပြပါတယ်။
“အခုအချိန်မှာတော့ သူ့ကိုကြပ်မတ်ဆောင်ထဲ မှာပဲ ကုသနေတုန်းပါပဲ။ ကိုယ်လက်တွေတော့ လှုပ်ရှားနိုင်တယ်။ မှတ်ဉာဏ် အနေနဲ့ကတော့ အရင်က ဖြစ်တာထက်စာရင် တော်တော် ကောင်းလာပါတယ်။ အရှင်းကြီး ပျောက်ဖို့တော့ နည်းနည်း ကြာမယ် ထင်ပါတယ်” လို့ သူက ပြောပါတယ်။
ဆိုတေးနဲ့ ပတ်သက်မှုရှိတယ်လို့ ဆိုလာတဲ့ ထိုင်းနိုင်ငံက ချိုချို ဆိုတဲ့ အမျိုးသမီးနဲ့ ပတ်သက်လို့ အုပ်ထိန်းသူတွေရဲ့ သဘောထားကို မေးကြည့်တဲ့အခါ ဘာမှပြောစရာမရှိဘူးလို့ပဲ သူ့အဒေါ်ဖြစ်သူက ဆိုပါတယ်။
တေးသံရှင် ဆိုတေးဟာ ၂၀၁၁ ခုနှစ်မှာ မီးအိမ်ရှင်စီးရီးနဲ့ ဂီတလောကထဲ ရောက်ရှိလာခဲ့ပြီး ၂၀၁၃ ဇူလိုင် ၁၃ ရက်နေ့မှာ အဝေးပြေးကားလမ်း၊ အမြန်လမ်းမကြီး မိုင်တိုင်၂၉၁/ ၃ မှာ ယာဉ် မတော်တဆမှု ဖြစ်ခဲ့ပါတယ်။ ၁၄ ရက်နေ့မှာ ဦးခေါင်းပိုင်း ကို မန္တလေး ဆေးရုံမှာခွဲစိတ်ခဲ့ရပြီး ဇူလိုင် ၁၇ ရက်နေ့မှာ သတိ ပြန်ရလာခဲ့ပါတယ်။ ချစ်သူ ချောချောကတော့ ဇူလိုင်
၁၃ ရက်နေ့မှာပဲ ကွယ်လွန်ခဲ့ပါတယ်။