တကယ်တမ်းကတော့ Hummer မော်ဒယ်တွေက စစ်ဖက်ဆုံး မော်ဒယ်တွေအနေနဲ့ ဈေးကွက်မှာ အောင်မြင်မှု ရခဲ့ပြီး နောက်ဆက်တွဲအနေနဲ့ အိမ်စီးမော်ဒယ်အဖြစ် ပွဲထွက်လာခဲ့တာဖြစ်ပြီး သူ့ရဲ့နည်းပညာအဆင့်မြင့်မှု ဆိုတာထက် အကြမ်းခံနိုင်မှုနဲ့အတူ လမ်းကြောင်းစုံ မောင်းနှင်နိုင်မှုတွေက လူကြိုက်များနေတာလည်း ဖြစ်ပါတယ်။ မော်ဒယ်တခုမှာ နောက်ထပ်လိုအပ်တဲ့ အချက်တချက်ဖြစ်တဲ့ ရုပ်ထွက်ပိုင်း သိသာ ကွဲပြားမှု ကလည်း အခရာကျသလို Porsche လို မော်ဒယ်တွေဆိုရင်လည်း အရည်အသွေးနဲ့အတူ ရုပ်ထွက် ပေါ်လွင်မှု တွေက ဈေးကွက်နေရာလွယ်လွယ်နဲ့ ရသွားစေတာ ဖြစ်ပါတယ်။ အခုလည်း H3 ဆိုရင် ဆွဲဆောင်မှု ကောင်းတယ်ဆိုတဲ့ ရုပ်ထွက်ထက်၊ သူကတခြား မော်ဒယ်တွေနဲ့ သိသာတယ်၊ ပေါ်လွင်ပြီး တည်ငြိမ်တဲ့ ရုပ်ထွက်မျိုးရှိနေတာပါ။ Jeep တွေနဲ့ ရုပ်ထွက် ဆင်ချင်တယ်ဆိုပေမယ့် တကယ်တမ်းတော့ ကွဲပြားပါတယ်။ တကယ်ဆိုရင် Hummer တွေကကျနော်တို့ နိုင်ငံလိုဈေးကွက်ကို ရောက်လာဖို့ လွယ်တာမဟုတ်ဘူး။ Hummer တွေရဲ့ ဈေးကွက်ဖြန့်ကျက်မှုကလည်း အာရှတဝှမ်းမှာကိုပဲ ဒီလောက် မရှိလှသလို ပြည်တွင်းမှာဆိုရင်လည်း Hummer က အရေအတွက် အများကြီးမရှိပါဘူး။ ဒါဆိုရင်တော့ အစကတည်းက ပေါ်လွင်နေတဲ့ မော်ဒယ်က ပြည်တွင်းကလမ်းကြောင်းတွေပေါ်မှာလည်း ဘုရင်ဖြစ်နေတော့မှာပါ။
မော်ဒယ်ရဲ့ အရည်အသွေးပိုင်းက စိတ်ချရမှု အပြည့်ရှိတယ်၊ အမေရိကန်ထုတ် မော်ဒယ်ဖြစ်လို့ ကျနော်က ဆီစားနှုန်းတော့ ချိုလိမ့်မယ်လို့ မပြောချင်ပါဘူး။ ဒါပေမယ့် အရမ်းတော့ မဆိုးလှပါဘူး။ ဒါပေမယ့် အင်ဂျင်ပိုင်းစွမ်းဆောင်ရည်ကိုတွေ့ရင် ဝယ်လက် စိတ်ကြိုက်ဖြစ်လောက်တဲ့ ပုံစံပါ။ စွမ်းဆောင်ရည်ဆိုတာက SUV တန်းဝင် မော်ဒယ် အနေအထားမှာတော့ မြန်နှုန်းမြင့် မောင်းနှင်နိုင်မှု ဆိုတာထက် လမ်းကြမ်းပိုင်း စွမ်းဆောင်ရည် ကောင်းမွန်တာတွေ၊ အတွင်းခန်းစနစ်တွေ စိတ်ကြိုက် ဖွင့်လှစ် အသုံးပြုနိုင်တာတွေ၊ ခရီးဝေး စိတ်ကြိုက် မောင်းနှင်နိုင်တာတွေ၊ အင်ဂျင် ရေရှည် စိတ်ချရတာတွေကတော့ အကောင်းဆုံးတွေပါပဲ။ ပြီးတော့ ဈေးကွက်ထဲမှာတွေ့ရတဲ့ H3 တွေ ဒီလောက်လည်း မော်ဒယ် မနိမ့်လှပါဘူး။ များသောအားဖြင့်တော့ ၂၀၀၇ ခုနှစ်နဲ့ နောက်ပိုင်းထုတ်လုပ်ထားတဲ့ H3 မော်ဒယ်တွေပဲ ဈေးကွက်မှာတွေ့ရပြီးတော့ အရောင်ပိုင်းတွေကတော့ အနက်နဲ့ အဝါတွေ များပါတယ်။ ဒါပေမယ့် မော်ဒယ်အလယ်အလတ် ဖြစ်ပေမယ့် တကယ်က မောင်းနှင်ပြီး ကီလိုကပဲကားတစီးကို အဓိကစကားပြောသွားစေနိုင်တာမို့ ကျနော်တို့ မော်ဒယ်နှစ်ခုကို ခဏ မေ့ထားလိုက်ရအောင်ပါ။ တွေ့မိသလောက်တော့ မောင်းနှင်ပြီး ကီလို ၅သောင်း ဝန်းကျင်တွေပဲ ဈေးကွက်မှာတွေ့ရပြီး ဒါက H3 ရဲ့ နောက်ထပ် သက်တမ်းနှစ် အများကြီးသုံးနိုင်သေးတယ်၊ မော်ဒယ်ကို ဘယ်လောက်မှ သုံးမထားသေးဘူးဆိုတာတွေကို ပေါ်လွင်နေစေတာပါ။
တပ်ဆင် အင်ဂျင်ပိုင်းကို ကြည့်မယ်ဆိုရင်လည်း ၃.၅လီတာသုံး အင်ဂျင်စနစ် ဖြစ်လို့ အခုလိုအကြီးစားမော်ဒယ် တခုအတွက်တော့ အနေတော်လောက်ပါပဲ။ နောက်ပြီးမောင်းနှင်ရမှု အပိုင်းမှာ Auto နဲ့ သွားတယ်၊ ဂီယာချက် ပြောင်းလဲရမှု ပေါ့ပါးတယ်၊ မောင်းလို့ ကောင်းတယ်၊ သက်တောင့်သက်သာရှိတယ်၊ အတွင်းခန်းအပြင်အဆင် က ဇိမ်ခံတန်းဝင်အောင် ထည့်ထားတာတွေ့ရတယ်၊ ဖျော်ဖြေရေးစနစ်တွေက မူလပစ္စည်းတွေ များသေးတယ်။ စိတ်ကြိုက် အဖြစ်ရဆုံးတချက်ကတော့ အသက်ကယ်စနစ်လို အပိုင်းတွေ အားကောင်းပြီး ကိုယ်ထည်လည်း ကြံ့ခိုင်မှု အားကောင်းလို့ ရာနှုန်းပြည့် စိတ်ချရတာပဲ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ ကျနော်တို့ အတွက် အလှစီးအနေနဲ့ရော တကယ်တမ်းလက်တွေ့မှာပါ အသုံးဝင်နိုင်တဲ့ မော်ဒယ် တခုကို ပိုင်ဆိုင်ရဖို့ ရှိနေတာပါနော်။ ဈေးနှုန်းကတော့ ၂၀၀၈ ခုနှစ် ဝန်းကျင်ထုတ် မော်ဒယ်တွေကို သိန်း ၆၂၀ လောက် ခေါ်ထားပြီး H3 မှာတော့ အရောင်ထက် မောင်းနှင်ပြီး ကီလိုအပေါ်မှာမူတည်ပြီး ဈေးကွာဟချက် ရှိနိုင်သလို ကျနော်ကတော့ ၆၀၀ လောက်နဲ့ ဆိုရင် H3 ကို စိတ်ကြိုက်ဖြစ်မိမှာအမှန်ပါ။