အစိုးရသစ် လက်ထက်အတွင်း မူဝါဒ ပြောင်းလဲမှုများ ရှိလာနိုင်တယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေကြောင့် ရန်ကုန် ကားဈေးကွက်မှာ အရောင်းအဝယ်အေးနေပြီး နယ်ဝယ်လက် အနည်းငယ်သာရှိတယ်လို့ ဈေးကွက် အတွင်းမှ စုံစမ်းသိရှိရပါတယ်။
ပုံမှန်အားဖြင့် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်နားနီးလာတိုင်း ကားဈေးတွေ မြင့်တက်လေ့ရှိပေမယ့် အခုနှစ်မှာတော့ မူဝါဒ ချမှတ်မှုနဲ့ အစိုးရသစ် အပြောင်းအလဲကို စောင့်ကြည့်သူ များနေတော့ ကားဈေးကွက်မှာ အဝယ်မရှိသလောက် ဖြစ်နေတယ်လို့ ကားဝယ်ရောင်း အကျိုးဆောင်တွေက ရှင်းပြပါတယ်။
ဒါ့အပြင် မော်တော်ယာဉ်ဥပဒေသစ်အရ မော်တော်ကားဝယ်ယူပြီးတာနဲ့ ပိုင်ရှင် အမည်ပေါက် ချက်ချင်း ပြောင်း လဲ ရမယ်ဆိုတဲ့ သတ်မှတ်ချက်၊ မော်တော်ကား ၁ ကြိမ်ဝယ်ယူပြီးတိုင်း အခွန်ဆောင် အမည်ပြောင်းရတဲ့ ကန့် သတ် ချက်တွေကြောင့်လည်း ကားဝယ်ရောင်းတွေက အခြေအနေကို စောင့်ကြည့်နေကြတာကလည်း ကားအဝယ် အရောင်း အေးစက်စေတဲ့ အကြောင်းအရင်းတခုဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်မှာ ကားဝယ်ယူ တင်သွင်းမယ့်သူတွေအနေနဲ့လည်း ကားပါကင်ထောက်ခံချက် လိုအပ်နေပြီး ကားပါကင်ထောက်ခံချက်ကလည်း ရယူဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ လအတွင်းက တန်ကြေးသင့်နဲ့ တန်ကြေးမြင့် မော်ဒယ်တွေရဲ့ ဈေးနှုန်းတွေ ခုန်တက်သွားခဲ့ပေမယ့် ဒီရက်ပိုင်းမှာတော့ အဝယ် မရှိတာကြောင့် အကျဈေးဘက် ပြန်ရောက်နေတယ်လို့ သိရပြီး အခုရက်ပိုင်း အတွင်း လုပ်ငန်းတွေမှာပါ သုံးနိုင်တဲ့ လူစီးနဲ့ ကုန်တင် မော်ဒယ်တွေကိုပဲ နယ် အဝယ် ရှိနေတယ်လို့ သိရပါတယ်။
ရေပက်ခံထွက်ဖို့ သင်္ကြန်ကား အနေနဲ့ပါ သုံးနိုင်မယ့် Bongo, Porter, Hijet, Carryနဲ့ Samberတွေပဲ နယ်အဝယ် အများဆုံး ရှိနေတာ တွေ့ရပြီး အဆိုပါ မော်ဒယ်တွေကတော့ နယ်ဝယ်လက် အနေအထားကြောင့် ပုံမှန်ထက် ဈေး ကျပ် ၅သိန်းလောက် မြောက်နေတယ်လို့ ဈေးကွက်ကနေ သိရှိရပါတယ်။
ရန်ကုန် ဝယ်လက်အကြိုက် အနေနဲ့တော့ အခုလအတွင်း သိန်း တစ်ရာ ဝန်းကျင် အိမ်စီး မော်ဒယ်တွေပဲ အဝယ်လိုက်နေပြီး Beltaနဲ့ Fitတွေ စိတ်ဝင်စားသူ များသလို တစ်ပတ်ကို အစီးရေ ဆယ်စီးခန့်လောက်ပဲ ရန်ကုန် ဝယ်လက် ရှိနေတယ်လို့ သိရီမင်္ဂလာ မော်တော်ယာဉ်ရောင်းဝယ်ရေးစခန်းက သိရှိရပါတယ်။