မြန်မာနိုင်ငံမှာ မော်တော်ကားတွေ စတင် တင်သွင်းစီးနင်းကြချိန်မှာ Volkswagen(VW)တွေက အစောဆုံး ကား တွေဖြစ်ခဲ့ပြီး မြန်မာ့ကားဈေးကွက်ကို ကြီးစိုးခဲ့တဲ့ ခေတ်ဦး ကားမော်ဒယ်အမျိုးအစားတွေဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း မြန်မာ့ကားဈေးကွက်က ဆင့်ကဲပြောင်းလဲလာပြီး စစ်အစိုးရလက်ထက်မှာတော့ အရည်အသွေးကောင်းမွန်ပြီး ဈေးပေါတဲ့ ဂျပန်ကားတွေကသာ ဈေးကွက်ကိုကြီးစိုးလာပါတယ်။
လက်ရှိ လူကြိုက်များ အမှတ်တံဆိပ်တွေ ဖြစ်တဲ့ Toyotaတွေ Hondaတွေ ဈေးကွက် မဝင်ခင်ကတည်းက VWတွေ ပြည်တွင်းမှာ စီးလာခဲ့ကြတာပါ။ ဒါပေမယ့် ဆယ်စုနှစ် နှစ်ခုကျော်လောက်ကြာအောင် ဈေးကွက် အဝင် ဒီလောက်ကြီး မရှိတော့တဲ့ VWက အခုဆိုရင် ပြည်တွင်းမှာ တော်တော်လေး လူသိနည်းသလို လူကြိုက်နည်းသလို ဖြစ်နေပါတယ်။
နိုင်ငံတကာ ဈေးကွက်မှာတော့ VWရဲ့ အောင်မြင်မှုက Toyotaကိုတောင် ကောင်းကောင်း စိန်ခေါ်နိုင်စွမ်းရှိလာတာပါ။ ၂၀၂၀ခုနှစ်အတွင်း ကမ္ဘာ့ရောင်းအား အကောင်းဆုံး နေရာအတွက် Toyotaကို ကျော်တက်နိုင်ဖို့တောင် မှန်းထားတာပါ။ အခု ပြည်တွင်းမှာ ကားတင်သွင်းခွင့်တွေနဲ့ အတူ မော်ဒယ်စုံ ဈေးကွက်ဝင်လာတဲ့ အထဲမှာ တန်ကြေးနည်း အရည် အသွေးမြင့် VWရဲ့ Golfတွေ မြင်လာရပါတယ်။ ဒီမော်ဒယ်က ရွေးချယ်နိုင်စရာ Gradeအများအပြား၊ ကိုယ်ထည် အမျိုး အစား အများအပြားနဲ့ ပြီးခဲ့တဲ့ တန်းတူ ပြိုင်ဖက်မော်ဒယ်တွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် ၄နှစ်အတွင်း ဥရောပ လူကြိုက် အများဆုံး မော်ဒယ်ရဲ့ နံပါတ်တစ်နေရာကို သုံးနှစ်ထိအောင် သိမ်းပိုက်ထားနိုင်တာပါ။
VW Golf ကို မိသားစုစီး မော်ဒယ် အနေနဲ့ ဖန်တီးထားပေမယ့် လမ်းကြမ်းပိုင်း စွမ်းဆောင်ရည် ကောင်းတယ်၊ ခရီးဝေး သွားလာ မောင်းနှင်နိုင်မှုလည်း ရှိတယ်၊ ကိုယ်ထည်ပိုင်း မာကျောကောင်းမွန်ပြီး ရေရှည်စိတ်ချရမှုလည်း မြင့်မားတယ်၊ ဈေးနှုန်း လည်း ချိုသာတယ်၊ အတွင်းခန်းလည်း ကျယ်တယ်၊ ဒီတော့ ဇိမ်ခံမဟုတ်တဲ့ မော်ဒယ် တစ်ခုအတွက် အခုထက် ပိုပြီး ပြည့်စုံဖို့ မလိုလောက်တော့ဘူးလို့ ထင်မိတာပါနော်။ အခု Golfကတော့ အင်ဂျင်ပိုင်းမှာ ဆိုရင်လည်း ပြည်တွင်းမှာ လူကြိုက်များနေတဲ့ ၁ ဒသမ ၃လီတာသုံး အင်ဂျင်တပ် မော်ဒယ် အနေနဲ့ရော နောက်ဆုံး ၁ ဒသမ ၄လီတာသုံး အင်ဂျင် အနေနဲ့ပါ ရွေးချယ် ဝယ်ယူနိုင်မှာ ဖြစ်သလို တစ်ဖက်ကလည်း အရောင်ပိုင်း ရွေးချယ်နိုင်မှု အပိုင်းမှာ ဆိုရင်လည်း အနက်ရောင်၊ အဖြူရောင်နဲ့ ငွေရောင်တွေ အတွေ့ရများတာ တချက်ကတော့ စိတ်ကြိုက်ပါပဲ။
Transmissionပိုင်းမှာက Autoစနစ်နဲ့လည်း လာတာ တွေ့နိုင်သလို Manual Mode ATစနစ်နဲ့လည်း ရနိုင်တာကြောင့် ကိုယ် နှစ်သက်တဲ့ မော်ဒယ်ကို ရွေးချယ်နိုင်မှာပါ။ အဆိုပါ ပုံစံနှစ်မျိုးလုံးကတော့ ပြည်တွင်းမှာ လူကြိုက်များနေပြီးသား၊ မောင်းနှင်ရ အဆင်ပြေပြီးသား ဆိုတော့ အားနည်းချက် မဖြစ်ပါဘူး။ မောင်းနှင်ပြီး ကီလို အနေအထားအပေါ်မှာ မူတည်ပြီးတော့ ဈေး အတိုး အလျော့ အနည်းငယ် ရှိတာ တွေ့ရပေမယ့် အများဆုံး မောင်းနှင်ပြီး ကီလိုက ၄သောင်းလောက်ထိအောင်ပဲ တွေ့နေရတာက မများပါဘူး။
ပုံမှန်ကတော့ ကီလို တစ်သောင်းခွဲဝန်းကျင်လောက်ပဲ မောင်းထားတာတွေ အတွေ့ရများပါတယ်။ မော်ဒယ်နှစ် အနေနဲ့က ဈေးကွက်မှာ ၂၀၁၁ခုနှစ်ထုတ်တွေ အတွေ့ရများပြီးတော့ ဈေးနှုန်းပိုင်းမှာတော့ သိန်း ၁၇၀ကနေ ၁၉၀အကြားမှာ အရောင် နဲ့ ကီလိုအပေါ် မူတည်ပြီးတော့ အနည်းငယ် ကွာဟချက် ရှိတာတွေ့ရပါတယ်။ အထူးသဖြင့်တော့ ကီလို အပေါ်မှာ စကားပြောပြီးတော့ ကီလို သုံးသောင်းနဲ့ အထက်ဆိုရင် သိန်း ၁၇၀အောက်မှာပဲ ဈေးရှိချင်နေတာပါနော်။