ပြည်တွင်းမှာတော့ Mitsubishi အမှတ်တံဆိပ်ဆိုရင် SUVမော်ဒယ် အများစုပဲ လူကြိုက်များတာ တွေ့ရပြီး အခုလို Sport Sedanအမျိုးအစား ဖြစ်တဲ့ Lancerကတော့ အစီးရေ အနည်းအကျဉ်းလောက်ပဲ တွေ့နိုင်ပါတယ်။ ဒါကလည်း ပြိုင်ကားတွေ စီးနင်းခွင့် ပိတ်ထားတာတွေနဲ့ အတူ လူငယ်ကြိုက် စွမ်းဆောင်ရည်မြင့် မော်ဒယ်ဖြစ်တာကြောင့် လူစီးနည်းသွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ ပြိုင်ဖက် နည်းတယ်လို့ ခေါင်းစဉ်မှာ ပြေားထားတဲ့ အကြောင်းရင်းကတော့ Lancerဆိုတာ Sport Sedan ဖြစ်နေလို့ပါပဲ။
Sedanတွေ အများအပြား ဈေးကွက်ဝင်ပေမယ့် Sport Sedan ကတော့ Sedan ၁၀၀ ရာခိုင်နှုန်းမှာ သူက ၃ရာခိုင်နှုန်းလောက်ပဲ ရှိတာကြောင့်ပါ။ စွမ်းဆောင်ရည်ပိုင်းကိုပဲ အလေးပေး ကောင်းမွန်အောင် ထုတ်လုပ်ထား တာ ဖြစ်ပြီး နိုင်ငံတကာမှာတော့ Underground ကားမောင်းပြိုင်ပွဲတွေမှာ စိတ်ကြိုက်ပြင်ဆင်ပြီး အသုံး ပြုကြတာ တွေ့ရပါတယ်။ အခု Lancerမှာ အားသာချက် အနေနဲ့ မော်ဒယ်ခွဲ အများအပြား ရွေးချယ် ဝယ်ယူနိုင်အောင် ထုတ်လုပ်ရောင်းချတာ တွေ့ရပြီး တန်းမြင့် အနေ နဲ့ ထုတ်လုပ်ထားတဲ့ မော်ဒယ်ခွဲတွေရဲ့ အင်ဂျင်တွေက စွမ်းဆောင်ရည် အထူးကောင်းမွန်တာ တွေ့ရပါတယ်။
ပြီးတော့ ဈေးနှုန်း ချိုချိုနဲ့ ရနိုင်ပြီး တန်းတူ အင်ဂျင်တပ် မော်ဒယ်တွေနဲ့စာရင် စွမ်းဆောင် ရည်သာတယ်၊ လက်ကိုင်ပိုင်းမှာ စိတ်ချယုံကြည်ရမှု အပြည့်ရှိသလို သူနဲ့ တန်းတူ မော်ဒယ်တွေ အားလုံးထဲမှာ အကောင်း ဆုံးလို့ သတ်မှတ်နိုင်လောက်အောင် လက်ကိုင်ပိုင်းက တည်ငြိမ် ကောင်းမွန်လှပါတယ်။
အားနည်းချက် အပိုင်းမှာက ဂီယာချက် ပြောင်းလဲ မောင်းနှင်ရမှု အပိုင်းမှာ အားနည်းချင်တာ ဖြစ်ပြီး ပုံမှန် မော်ဒယ်တွေလောက်ပဲ ဖြစ်နေသလိုပါ။ နောက်တစ်ခုက အနိမ့်ဆုံး မော်ဒယ်ခွဲ အနေနဲ့ ထုတ်လုပ်ထားတဲ့ မော်ဒယ်က အင်ဂျင်သံ ဆူညံလွန်းတာ ဖြစ်ပါတယ်။ ကိုယ်ထည်ပိုင်းမှာက အရောင် ၆ရောင်လောက်ပဲ ထုတ်လုပ်တာတွေ့ရပြီး အတွင်းခန်း အပြင်အဆင်က အထည်သားဦးစားပေးနဲ့ နှစ်မျိုးပဲ ရနိုင်ပါတယ်။
အလတ်တန်းစား ဆီဒင် မော်ဒယ် ဖြစ်ပြီးတော့ အလျားက ၁၅ပေတိတိ၊ မျက်နှာစာ အကျယ်က ၅ပေနဲ့ ၉ ဒသမ ၄လက်မ၊ အမြင့်က ၄ပေနဲ့ ၁၀ ဒသမ ၃လက်မပဲ ရှိမှာ ဖြစ်ပါတယ်။ အတွင်းခန်း အကျယ်အဝန်းက ရှေ့ဖက်ခန်း ၅၄ ဒသမ ၇လက်မနဲ့ နောက်ဖက်ခန်း ၅၄ ဒသမ ၃လက်မရှိမှာ ဖြစ်ပါတယ်။
တပ်ဆင် အင်ဂျင်ပိုင်းမှာက ၂.ဝလီတာသုံး၊ ၂.၄လီတာသုံး ပုံမှန် လေးလုံးထိုး အင်ဂျင်တွေ ရွေးချယ်နိုင်သလို ၂ ဒသမ ဝလီတာသုံး Turbocharged စနစ်ပါရှိတဲ့ အင်ဂျင်စနစ်နဲ့လည်း ရနိုင်ပါတယ်။
မော်ဒယ်ကို Dual-clutchစနစ်နဲ့ တပ်ဆင် ထုတ်လုပ်ထားပြီး အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းမှာ တနာရီ မိုင် ၆၀နှုန်းကို အချိန် ၅ ဒသမ ၈စက္ကန့်ပဲ ယူမှာ ဖြစ်ပြီးတော့ တန်းတူ မော်ဒယ်တွေထဲမှာ အမြန်ဆုံး နှုန်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဆီစားနှုန်း အပိုင်းမှာတော့ အားနည်းသွားပြီး ဆီတစ်ဂါလံကို ပျမ်းမျှ ၂၁မိုင် လောက်ပဲ စီးနင်းနိုင်မှာ ဖြစ်ကာ မြို့တွင်းတွေမှာ ၁၈မိုင်နဲ့ ခရီးဝေး ဆိုရင်တော့ ၂၅မိုင်လောက်ထိအောင် ရနိုင်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ စွမ်းဆောင်ရည် ဦးစားပေး မော်ဒယ်၊ စွမ်းဆောင်ရည်လည်း စိတ်ကြိုက်ဖြစ်နေမှာတော့ ဆီစားများတာ ပြသနာ မဟုတ်တော့ပါဘူး။ Mitsubishi Lancer ကို Sport Sedan ၁ စီး အဖြစ် အကောင်းဆုံး မှတ်ချက်ပေးလိုက်ဖို့ပဲ ရှိပါတော့တယ်။