ဒီတပတ် အားလပ်ချိန် ရုံးပိတ်ရက်မှာ ကိုယ့်မိသားစု သူငယ်ချင်းတွေနဲ့ စားရင်းသောက်ရင်း သီချင်းဆိုပြီး အနားယူချင်သူတွေအတွက် မိသားစုပုံစံ ကာရာအိုကေဆိုင်တွေကို Foodie Guide ကနေတဆင့် ဧရာဝတီမှ ဖော်ပြပေးချင်ပါတယ်။
ဝါသနာအရ သီချင်းသွားဆိုချင်တာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ အပျော်သွားချင်တာပဲဖြစ်ဖြစ် တပတ်စာ ပင်ပန်းနွမ်နယ်မှုတွေကို သံစဉ်တွေနဲ့ ဖြေဖျောက်နိုင်ဖို့ အစားအသောက်တွေလည်းရှိပြီး ဈေးနှုန်းသင့်တင့်တဲ့ ကာရာအိုကေဆိုင်တွေ ရန်ကုန်မြို့နေရာအနှံ့မှာ ဖွင့်လှစ်ထားတာ တွေ့ရပါတယ်။
(၁) mCube Family Karaoke
ပထမဆုံး အနေနဲ့ ၇ လပိုင်းလောက်ကမှ ဖွင့်လှစ်ထားတဲ့ mCube Family Karaoake ဆိုင်အကြောင်း ပြောပြချင်ပါတယ်။ mCube မှာဆိုရင် အခန်းအမျိုးအစားတွေက Small, Medium, Large နဲ့ VIP ဆိုပြီး ၄ မျိုး ရှိပါတယ်။ လူ ၄ ဦးခန့် ဆံ့တဲ့ Small အခန်းကတော့ တနာရီကို ၁ သောင်းကျပ်ရှိပြီး လူ ၈ ဦးခန့်ဆံ့တဲ့ Medium အခန်းဆိုရင် တနာရီကို ၁ သောင်းခွဲ ကျပ်၊ လူ ၁၂ ဦးခန့်ဆံ့တဲ့ Large အခန်းက တနာရီကို ၂ သောင်းခွဲကျပ် ရှိပါတယ်။ ကျယ်ကျယ်ဝန်းဝန်းနဲ့ မွေးနေ့ပါတီ လုပ်လိုသူတွေအတွက်ကတော့ လူ ၂၅ ဦးဆံ့တဲ့ VIP အခန်းရဲ့ ဈေးနှုန်းမှာ တနာရီကို ၃ သောင်းခွဲ ကျပ်ဆိုပြီး ရှိပါတယ်။
အခန်းအားလုံး ၂၃ ခန်းရှိပြီး Large နဲ့ VIP အခန်းတွေမှာ LED နဲ့ Mike Stand စတဲ့ Facility တွေပါမှာဖြစ်ပြီး အခန်းတခန်းနဲ့တခန်း ကွာခြားချက်ကတော့ အခန်း အပြင်အဆင်တွေဖြစ်တဲ့ LED မီးနဲ့ ဆလိုက်မီးတွေပဲ ဖြစ်ပါတယ်။ စားစရာအနေနဲ့ တရုတ်စာနဲ့ ဟောင်ကောင် အစားအစာတွေကို အဓိက မှာယူစားသုံးနိုင်ပြီး လောလောဆယ်အနေနဲ့တော့ အရက်၊ဘီယာ မရရှိသေးပါဘူး။
လိပ်စာ – အမှတ် ၆၀၊ ဝေဇယန္တာလမ်း၊ ဝေဇယန္တာ စီးတီးမတ် အနီး။
(၂) TK House
နောက်တဆိုင် အနေနဲ့ စမ်ချောင်းမြို့နယ် ပန်းလှိုင်လမ်းမှာရှိတဲ့ TK House ဆိုတဲ့ ဆိုင်ကိုညွှန်းချင်ပါတယ်။ Family KTV တခုသာမက မွေးနေ့၊ ပျော်ပွဲရွှင်ပွဲ၊ နှစ်ပတ်လည်ပွဲတွေနဲ့ မိတ်ဆုံစားပွဲတွေကိုပါ လက်ခံ ကျင်းပပေးပါတယ်။ ဒီဆိုင်မှာ Small, Medium, Large ဆိုပြီး အခန်းအမျိုးအစား ၃ မျိုးရှိကာ ဈေးနှုန်းအနေနဲ့ တနာရီကို ၁၂၀၀၀ ကျပ်၊ ၁၅၀၀၀ ကျပ် နဲ့ ၃၅၀၀၀ ကျပ်တန်ဆိုပြီး အသီးသီးရှိပါတယ်။ လူဦးရေအနေနဲ့ Small အခန်းမှာ ၈ ယောက် ဆံ့ပြီး ကျန်တဲ့ Medium နဲ့ Large မှာ ၁၅ ယောက်နဲ့ ၃၅ ယောက်ထိ ဆံ့ပါတယ်။ စားစရာအနေနဲ့ အကင်၊ ထိုင်းနဲ့ တရုတ်အစားအစာတွေကို စားသုံးနိုင်မှာဖြစ်ပါတယ်။
ယခု ဩဂုတ်လရဲ့အထူး Promotion အနေနဲ့ လာရောက်စားသုံးသူများကို မနက် ၁၀ နာရီမှ ည နေ ၃ နာရီအတွင်း လာရောက်ပါက 1+1 ဆိုတဲ့ 1 section ယူပါက 1 section လက်ဆောင်ပေးတဲ့ အစီအစဉ်ရှိပြီး အခြားအချိန်တွေမှာ ဆိုရင်တော့ 3+1 ၊ ၃ ချိန်ယူ ၁ ချိန် အပိုဆောင်းပေးတဲ့ Promotion ရှိပါတယ်။
လိပ်စာ – အမှတ် ၈၅ ဘီ၊ ပန်းလှိုင်လမ်း၊ စမ်းချောင်းမြို့နယ်။
(၃) K Box Family Karaoke
တတိယမြောက်အနေနဲ့ အသစ်ဖွင့်တဲ့ လှည်းတန်း ဂမုန်းပွင့် Shopping Center ရှိတဲ့ K Box Family Karaoke ကိုညွှန်းချင်ပါတယ်။ ဒီဆိုင်ဟာဆိုရင် မြန်မာ၊ ထိုင်း၊ တရုတ် စတဲ့ အစားအစာတွေစုံလင်စွာ ရနိုင်တဲ့အပြင် Bar ပါ ထားရှိထားတာကြောင့် သောက်ရင်းစားရင်း လွတ်လွတ်လပ်လပ် သီဆို အနားယူနိုင်ပါတယ်။ အခန်းခ ဈေးနှုန်းတွေ အနေနဲ့ လူ ၅ ယောက်ခန်းကို တနာရီ တသောင်းကျပ်၊ ၁၀ ယောက်ခန်းကို တနာရီ တသောင်း ၄ ထောင်ကျပ်၊ ၁၂ ယောက်ခန်းကို တသောင်း ၈ ထောင်ကျပ်နဲ့ အယောက် ၂၀ ခန်းကို ၂ သောင်းခွဲကျပ် စသဖြင့် အသီးသီးရှိပြီး Facilities နဲ့ အပြင်အဆင်က အခန်းအားလုံး အတူတူပဲလို့ သိရပါတယ်။
လိပ်စာ – ဂမုန်းပွင့်ကုန်တိုက်၊ အင်းစိန်လမ်းမ၊ စံရိပ်ငြိမ်မှတ်တိုင်အနီး။
(၄) Pwint Thit San Family Karaoke
ထပ်ပြီး ပြောပြချင်တဲ့ဆိုင်က ဈေးနှုန်းသက်သာပြီး လူသွားများတဲ့ ကမ္ဘာအေးဘုရားလမ်းမ၊ နှင်းဆီကုန်း ဘိုးဘွား ရိပ်သာ နားက ပွင့်သစ်ဆန်းကာရာအိုကေဆိုင်ဖြစ်ပါတယ်။ ဒီဆိုင်ကတော့ ဈေးနှုန်းအနေနဲ့ အထူးသက်သာပြီး အစားအသောက် အနေနဲ့ဲလည်း တရုတ်စာ၊မြန်မာစာနဲ့ အခြားမုန့်မျိုးစုံ မှာယူနိုင်ပါတယ်။ ၄ ယောက်ခန်းကို တစ်နာရီ ၆၀၀၀ ကျပ်၊ ၆ ယောက်ခန်းကို ၈၀၀၀ ကျပ်၊ ၈ ယောက်ခန်းကို ၉၀၀၀ ကျပ် ရှိပြီး အခန်းကျယ်အနေနဲ့ ၁၀ ယောက်ခန်း၊ ၁၄ ယောက် ခန်းနဲ့ ၁၈ ယောက်ခန်းတို့ရှိပြီး ဈေးနှုန်းအနေနဲ့ တနာရီကို တသောင်းကျပ်၊ တသောင်း ၃ ထောင်ကျပ်နဲ့ တသောင်းခွဲကျပ် တို့ရှိပါတယ်။ ပွင့်သစ်ဆန်းက မနက်စာပါရတဲ့ ဆိုင်ဖြစ်တဲ့တွက် မနက် ၈ နာရီ ကနေ ညဥ့်နက်ချိန်အထိဖွင့်ပါတယ်။
လိပ်စာ – အမှတ် ၅၂၀ အေ၊ ကမ္ဘာအေးဘုရားလမ်း၊ နှင်းဆီကုန်းဘိုးဘွားရိပ်သာအနီး။
(၅) Music Box
နောက်ဆုံးတဆိုင်အနေနဲ့ လူငယ်တော်တော်များများကြားမှာ နာမည်ရပြီးဖြစ်တဲ့ Music Box အကြောင်း ပြောပြချင်ပါတယ်။ အလုံလမ်း Yangon International Hotel နဲ့ Junction Square ဆိုပြီး ဆိုင်ခွဲ ၂ ခုရှိပြီး ပင်မ အလုံလမ်းဆိုင်မှာတော့ တရုတ်အစားအစာအပြင် ဘီယာ၊ အရက်၊ ကော့တေးတို့ကို မှာယူ စားသောက်နိုင်ပါတယ်။ အခန်းခ ဈေးနှုန်းတွေကတော့ ၄ ယောက်ဆံ့ တသောင်းတန်ခန်း၊ ၆ ယောက်ဆံ့ တသောင်း ၃ ထောင်တန်ခန်း၊ ၈ ယောက်ဆံ့ ၁ သောင်းခွဲတန်အခန်း နဲ့ ၁၀ ယောက်ဆံ့ ၁ သောင်း ၈ ထောင် တန်အခန်းဆိုပြီး အမျိုးမျိုးရှိပါတယ်။ အခန်းကျယ်တွေအနေနဲ့ကတော့ ၁၃ ယောက်ခန်းကို ၂ သောင်း ၃ ထောင်ကျပ်နဲ့ အယောက်၂၀ ခန်းကို ၂ သောင်း ၈ ထောင်ကျပ် ဆိုပြီး ရှိပါတယ်။ ဈေးနှုန်းပိုမြင့်တဲ့အခန်းတွေက Sound System ပိုကောင်းတယ်လို့ သိရပါတယ်။
လိပ်စာ – အမှတ် ၃၃၀၊ အလုံလမ်း၊ Yangon International ဟိုတယ်ဝင်းအတွင်း။
စိတ်ဖိစီးမှုတွေပြေပျောက်သွားအောင် ဘော်ဒါတွေနဲ့ လွတ်လွတ်လပ်လပ် အပီဟစ်နိုင်ဖို့ ဈေးနှုန်းသင့်တင့်တဲ့ မိသားစုစတိုင် ကာရာအိုကေ ၅ ဆိုင်ကို ဖော်ပြပေးလိုက်ပါတယ်။