ဆွီဒင်အခြေစိုက် မော်တော်ကား ကုမ္ပဏီ Volvo အနေနဲ့ လျှပ်စစ်စွမ်းအင်နဲ့သွားမယ့် လျှပ်စစ်ကားတွေကို ၂၀၁၉ ခုနှစ် အတွင်း စတင် ရောင်းချနိုင်ဖို့ ပြင်ဆင်နေတာ တွေ့ရပြီး ဈေးနှုန်းပိုင်းမှာ ချိုသာအောင် ရောင်းချမှာ ဖြစ်တဲ့အတွက် လက်ရှိ လျှပ်စစ်ကား ဈေးကွက်မှာ အအောင်မြင်ဆုံး ဖြစ်နေတဲ့ Tesla အတွက်တော့ စိုးရိမ်စရာ ဖြစ်လာပါပြီ။
ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Volvoရဲ့တာဝန်ရှိသူကနေ လက်ရှိ ကုမ္ပဏီကနေ ထုတ်လုပ်နေတဲ့ အတွင်းခန်း ပေါက်ကွဲ အင်ဂျင် ပါရှိတဲ့မော်ဒယ်တွေ အားလုံးကို လျှပ်စစ်မော်ဒယ်တွေအဖြစ် ပြောင်းလဲ ထုတ်လုပ်ဖို့အားစိုက်နေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ချက်ချင်းအနေနဲ့တော့ လက်ရှိ စက်သုံးဆီသုံး အင်ဂျင်တပ် မော်ဒယ်တွေကနေ လျှပ်စစ်မော်ဒယ်တွေ ပြောင်းလဲ ထုတ်လုပ်မှာ ပုံမှန် အတိုင်းပဲ တဆင့်ချင်း သွားမယ်လို့ ဆိုပါတယ်။
ဆိုလိုတာကတော့ လက်ရှိ စက်သုံးဆီသုံး အင်ဂျင်တပ်မော်ဒယ်ကနေ ပထမ တဆင့်အဖြစ် Hybrid မော်ဒယ်တွေကနေ နောက်ပိုင်း Plug-in Hybrid နဲ့ နောက်ဆုံးမှာမှ လျှပ်စစ်ကားတွေအဖြစ် လုံး၀ ပြောင်းလဲထုတ်လုပ်ဖို့ ဖြစ်ပါတယ်။
လက်ရှိမှာတော့ လျှပ်စစ်ကား ထုတ်လုပ်မှုအပိုင်းမှာ ဈေးကွက်အောင်မြင်သူတွေအဖြစ် Tesla နဲ့ Nissan တွေ ရှိနေပြီး ကနဦး အစမှာ ရေတိုအောင်မြင်မှုအတွက် ထုတ်လုပ်ခဲ့ကြတာ ဖြစ်ပေမယ့် ဝယ်လိုအား မြင့်တက်လာမှုနဲ့အတူ အခြား ကားကုမ္ပဏီတွေပါ ရေရှည်မှာ လျှပ်စစ်ကား ထုတ်လုပ်ဖို့ ပြင်ဆင်လာတာလည်း ဖြစ်ပါတယ်။
လက်ရှိ လျှပ်စစ်ကားတွေကတော့ ပုံမှန် အင်ဂျင်တပ် မော်ဒယ်တွေနဲ့စာရင် ဘက်ထရီပိုင်းထုတ်လုပ်မှု ကုန်ကျစရိတ်များ တာကြောင့် ဈေးပိုချင်နေပါတယ်။ Nissan Leaf, Renault Zoe နဲ့ Volkswagen e-Up တွေဆိုရင် ဈေးနှုန်း ပေါင် ၁၄၀၀၀ ကနေ ၂၀၀၀၀ အတွင်း ရှိနိုင်ပါတယ်။
Tesla Model 3 ဆိုရင် ဈေးနှုန်း ပျမ်းမျှပေါင် ၃၅၀၀၀ လောက် ရှိနေတာပါ။ အဆိုပါ ဈေးနှုန်း မြင့်မားမှုတွေကနေ Volvo က ဖယ်ထွက်ပြီး ဈေးနှုန်းချိုသာတဲ့ လျှပ်စစ်ကား မော်ဒယ်တွေ ရောင်းချဖို့ ပြင်ဆင်နေတာပါ။
ပထမဆုံး အနေနဲ့တော့ Volvo က အားသွင်းဖို့ နေရာ ရှာစရာ မလိုအောင် စက်သုံးဆီအင်ဂျင်နဲ့ပါ တွဲဖက်တပ်ဆင်ထား မယ့် Plug-in Hybrid မော်ဒယ်တွေ အရင် ရောင်းဖို့ ရှိနေပါတယ်။
ဒါဟာ မြို့တွင်းရော နယ်အတွက်ပါ အသုံးပြုလို့ အဆင်ပြေစေနိုင်သလို နောက်ပိုင်း အားသွင်းဖို့ နေရာတွေ ဒီနေ့ခေတ် ဆီ ဆိုင်တွေလို ပေါများလာရင်တော့ လျှပ်စစ်ကား သီးသန့် ထုတ် လုပ်ရောင်းချလာပါလိမ့်မယ်။
ကုမ္ပဏီရဲ့ရည်မှန်းချက်က လျှပ်စစ်ကားတွေကို ၂၀၁၉နဲ့ ၂၀၂၁ခုနှစ် အတွင်း ဈေးကွက် တင်နိုင်ဖို့လို့ သိရပါတယ်။ အဆိုပါ ကာလအတွင်း ဒီဇယ်နဲ့ ဓာတ်ဆီသုံး Hybrid တွေလည်း ရောင်းချနေမှာပါ။ ရောင်းအားအပိုင်းမှာလည်း ၂၀၂၅ ခုနှစ် အ တွင်း လျှပ်စစ်ကား အစီးရေ ၁သန်း ရောင်းချနိုင်ဖို့ မျှော်မှန်းနေပါတယ်။
ဒီနေ့ခေတ် ကားဝယ်သူတွေက လျှပ်စစ်ကားတွေ လိုချင်မှု များလာတယ်၊ ကျနော်တို့ ဘာကြောင့် ထုတ်လုပ် မရောင်းချ နိုင် ရမှာလဲ၊ အချိန်နည်းနည်း ပေးလိုက်ပြီးရင် တန်ကြေးနည်းနည်းနဲ့ အရည်အသွေးကောင်း မော်ဒယ်တွေကို ကုမ္ပဏီက ထုတ် လုပ်လာနိုင်မှာပါလို့ Vovlo ရဲ့အုပ်ချုပ်သူလည်းဖြစ် ကုမ္ပဏီဥက္ကဌလည်း ဖြစ်တဲ့ Hakan Samuelsson က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း Vovlo က နည်းပညာကုမ္ပဏီ Autoliv နဲ့ ပူးပေါင်းမှုတွေ ရှိခဲ့ပြီး မောင်းသူမဲ့ ကားစနစ်နဲ့ အခြား လုံခြုံစိတ်ချရမှု စနစ်တွေကို အကောင်းဆုံး ဖန်တီးလုပ်ဆောင်ဖို့ ပြင်ဆင်နေတာ တွေ့ရပါတယ်။
Ref: www.zdnet.com