နိုင်ငံတကာမှာ ကမ္ဘာလှည့် ခရီးသွားတွေ စိတ်ဝင်စားအောင်၊ သဘောကျအောင် ကြယ်ငါးပွင့် ဆိုတဲ့ ဟိုတယ်တွေ အပြိုင် အဆိုင် ဖွင့်နေချိန်မှာတော့ ဂျော်ဒါနီယန် (Jordanian) ကန္တာရထဲမှာတော့ ကမ္ဘာ့ အသေးငယ်ဆုံး ဟိုတယ်ကားလေးကို ဖန်တီးနေပါတယ်။ ကမ္ဘာ့လူကြိုက် အများဆုံး ကားမော်ဒယ် တခု ဖြစ်တဲ့ ဗော့်စဝက်ဂင် (Volkswagen) ကထုတ်တဲ ဘီးတဲလ် (Beetle) မော်တော်ကားလေးကို ဟိုတယ်ခန်းလေး အဖြစ် ထူးထူးခြားခြား ဖန်တီးထားတာကြောင့် လူအများရဲ့ စိတ်ဝင်စားမှုကို ရနေတာ တွေ့ရပြီး ကမ္ဘာ့ အသေးဆုံး ဟိုတယ် အဖြစ် သတ်မှတ်နိုင်မယ့် အနေအထားလည်း ရှိနေပါတယ်။
ဒီကားလေးကို အခန်းအဖြစ် ဖန်တီးထားတယ်၊ Hand Made အပြင်အဆင်တွေနဲ့ ကားအတွင်းခန်းကို ပြင်ဆင် ထားတယ်၊ ဧည့်သည် ၂ ဦးထိ ဝင်ရောက် တည်းခိုနိုင်တယ်၊ ဖန်တီးသူကတော့ မိုဟာမက် အယ် မာလာဟမ် ဖြစ်ပါတယ်။ ကားလေးက သေးငယ်တဲ့ အတွက် အိပ်ရုံလောက်ပဲ အဆင်ပြေပြီး အခြား အစားအသောက်နဲ့ အဝတ်အထည် လျှော်ဖွတ်တာကိုတော့ အနီးရှိ ကျောက်လိုဏ်ဂူ အတွင်းမှာ ဝန်ဆောင်မှု ပေးထားတာ တွေ့ရပါတယ်။
လက်ရှိမှာတော့ အခု ဟိုတယ်ကို ကမ္ဘာ့အသေးဆုံး ဟိုတယ် အဖြစ် စာရင်းဝင်နိုင်အောင် ပိုင်ရှင် မိုဟာမက်က ကြိုးစား နေတာလည်း တွေ့ရပါတယ်။ CNN သတင်းဌာကနေ မိုဟာမက်ကို အခု ကားဟိုတယ်လေးနဲ့ ပတ်သတ်ပြီး မေးမြန်းထားရာမှာ အခုကားလေး (ဟိုတယ်ခန်း) ကို ၂၀၁၁ ခုနှစ်ကတည်းက Hand Made အခန်း အဖြစ် အပြင်အဆင်နဲ့ ခေါင်းအုံး၊ အခင်းတွေ ကို ပြင်ဆင်လာခဲ့တာ လို့ ပြောပါတယ်။
“ဒီရွာလေးက ကျနော့် မွေးရပ်မြေပါ၊ ကျနော့်ကို ဒီမှာမွေးတယ်၊ ဒီမှာ ကြီးပြင်းတယ်၊ ဒီနေရာလေးက လူသူ ဝေးသလို လာရောက် လည်ပတ်သူလည်း နည်းတယ်၊ အထူးသဖြင့်တော့ တည်းခိုစရာ နေရာ ခက်ခဲလို့ပါ၊ ဒီတော့ ကျနော် တတ်နိုင်တဲ့ တည်းခိုစရာ လေး ဖန်တီးဖို့ စဉ်းစားခဲ့တာပါ၊ ဒီနေရာလေးက ကမ္ဘာပေါ်မှာ အလှဆုံး နေရာတွေထဲက တခုပါ။ အခုတော့ ကနော့် ကားလေး (ဟိုတယ်ခန်း) ထဲမှာ တည်းခိုရင်း လာရောက် လည်ပတ်နိုင်ပါပြီ” လို့ မိုဟာမက်က ပြောပါတယ်။
အခု ဟိုတယ်လေး တည်ရှိရာ ရွာအမည်က Al Jaya (အယ်ဂျာရာ) ဖြစ်ပြီး အနီးအနားမှာ လည်ပတ်စရာတွေ အဖြစ် ၁၂ ရာစု အတွင်းက ဖန်တီးတည်ရှိခဲ့တဲ့ Montreal ရဲတိုက် ရှိပြီး ထူးခြားတဲ့ ပတ်ဝန်းကျင် ရှုခင်းတွေကိုလည်း ကြည့်နိုင်မှာ ဖြစ်တယ် လို့ သိရပါတယ်။ ဒေသဈေး အတွင်းမှာတော့ လက်ဖြစ် ကျောက်မျက်အထည်တွေ၊ ကြေးပစ္စည်းတွေကို အမှတ်တရ ဝယ်နိုင်တယ် လို့လည်း သိရပါတယ်။
မိုဟာလက်နဲ့ သူ့မိသားစုက ဟိုတယ်ကို လာရောက်တည်းခိုသူတွေ အတွက် မနက်စာ ဒါမှမဟုတ် နေ့လယ်စာ ကျွေးမွေး တယ် လို့လည်း သိရပါတယ်။ ကားအတွင်းမှာ မိမိရဲ့ ရှေ့က တည်းခိုသွားသူတွေရဲ့ မှတ်ချက်စာလေးတွေ၊ ဓာတ်ပုံတချို့ကို လည်း ကပ်ထားတယ်လို့ ဆိုပါတယ်။ အခု ကားလေး (ဟိုတယ်ခန်း) က သေးနေသလို ခရီးသည်လည်း ၂ ဦးပဲ တည်းခိုနိုင်တာ ဖြစ်လို့ မိုဟာမက် အနေနဲ့ နောက်ပိုင်းမှာ Beetle ကားတွေ ထပ်ဝယ်ပြီး အခန်းတွေတိုးချဲ့ဖို့ စဉ်စားနေတယ် လို့လည်း CNN ကို ပြောပါတယ်။
မိုဟာမက်ကတော့ သူ့ရဲ့ ဟိုတယ်ကို ကမ္ဘာ့အသေးဆုံး ဟိုတယ် အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုနေပြီး လက်ရှိ ကမ္ဘာမှာ အသေးဆုံး ဟိုတယ် အဖြစ်နဲ့တော့ ဂျာမနီနိုင်ငံ၊ အမ်းဘာ့မှာ ရှိတဲ့ Eh’hausl Hotel က အသေးဆုံး ဟိုတယ် အဖြစ် ဂင်းနစ် စံချိန် ဝင်နေပါတယ်။
Ref: www.businessinsider.com