ပြည်တွင်းမှာ အခု နောက်ပိုင်း Subaru တွေ ရွေးချယ် စီးနင်း လာတာ တွေ့ရသလို ဈေးကွက်ထဲမှာလည်း Subaru တွေ မြင်လာရပြီ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ အခု မော်ဒယ်က ဥရောပနဲ့ အမေရိက ဈေးကွက်ထိ လူကြိုက်များနေတာ ဖြစ်ပြီး Subaru ရဲ့ ထုတ်လုပ်သမျှ မော်ဒယ်တွေ ထဲမှာ တနှစ်တာ အကောင်းဆုံး ကားဆု စာရင်းမှာ ပါနေကျ Impreza, Forester နဲ့ Crosstrek တွေ အဖြစ် အရည်အသွေး အမြင့်ဆုံး မော်ဒယ် စာရင်းဝင်လည်း ဖြစ်ပါတယ်။ အခုပြောပြမယ့် 2018 Subaru Crosstrek SUV မော်ဒယ်က လမ်းကြမ်းပိုင်း လည်း ရတယ်၊ တောင်တက်လမ်းလည်း အဆင်ပြေတယ်၊ ဝန်တင်ဆောင်နိုင်မှုရော ခရီးဝေး မောင်းနှင်နိုင်မှုပါ အသုံးတည့် ကောင်းမွန်တဲ့ မော်ဒယ် တခုပါ။
အခု မော်ဒယ်က Suspension စနစ်ကို အဆင့်မြှင့်ထားတာကြောင့် လမ်းကြမ်းပိုင်းမှာ လိုက်ပါ စီးနင်းတဲ့ အခါ သက်သောင့်သက်သာ ရှိလာစေတာ တွေ့ရပါတယ်။ ကားရဲ့ အတွင်းခန်းက ကျယ်ဝန်းတယ်၊ Hatchback ကိုယ်ထည်လို့ ထင်ရလောက်အောင် သေးငယ်ကျစ်လျစ်တာလည်း တွေ့ရပါတယ်။ ပြီးတော့ လုံခြုံစိတ်ချရမှု အပိုင်းမှာ တန်းတူ ပြိုင်ဘက် မော်ဒယ်တွေမှာ မတွေ့ရတဲ့ လမ်းကျဉ်း အချက်ပြစနစ်နဲ့ ကားပတ်လည် အာရုံခံစနစ်လို စနစ်တွေကို ထည့်ထားတာလည်း တွေ့ရပါတယ်။ သဘောကျ နှစ်သက်စရာ အချက်က မြေပြင်နဲ့ ကင်းလွတ်ပမာက မြင့်မားလို့ လမ်းကြမ်းပိုင်း စိတ်ကြိုက် မောင်းနှင် လာနိုင်တာ ဖြစ်ပါတယ်။
အားနည်းချက် အနေနဲ့ ဆိုရင် ပြောစရာ ၂ ခုလောက်ပဲ ရှိပြီး တခုက လမ်းဖြောင့် (ပုံမှန်လမ်းကောင်း) တွေမှာ မောင်းနှင်ချိန် အရှိန်ရယူ မောင်းနှင်တဲ့ အခါနှေးနေသလို ဖြစ်နေတဲ့ အချက်ပါ။ နောက်တချက်က ဆီစားနှုန်း အနေနဲ့က ပြိုင်ဘက် မော်ဒယ်တွေထက် ပိုစားနေတာ ဖြစ်ပါတယ်။
မော်ဒယ်ခွဲ ထုတ်လုပ်မှု အနေနဲ့ ဆိုရင် ၃ မျိုး ရနိုင်ပြီး 2.0i ၊ 2.0i Premium နဲ့ 2.0i Limited တွေ အဖြစ် ရနိုင်ပါတယ်။ အင်ဂျင် စနစ်ကတော့ ၂.၀ လီတာသုံး ပုံမှန် လေးလုံးထိုး အင်ဂျင်ကို တပ်ဆင်ထားတာ တွေ့ရပြီး ဒီအင်ဂျင်က ရုန်းအား ၁၆၇ ပေါင်/ပေမှာ မြင်းကောင်ရေ ၁၅၂ ကောင်အား ရှိပါတယ်။ ၆ ချက်သုံး Manual အနေနဲ့လည်း ရနိုင်သလို CVT Auto နဲ့လည်း လာပါတယ်။
အတွင်းခန်းမှာ သတင်းအချက်အလက်နဲ့ ဖျော်ဖြေရေး အတွက် Rear Camera အဖြစ်ရော၊ တီဗွီဖန်သား အဖြစ်ပါ အသုံးပြုနိုင်တဲ့ ၆ ဒသမ ၅ လက်မ အရွယ် Touch စနစ်သုံး ကင်မရာ ထည့်ထားတယ်၊ Apple Car Play နဲ့ Android Auto ချိတ်ဆက်စနစ်တွေ ကိုပါ သုံးနိုင်တယ်။ နောက်ဘက် ထိုင်ခုံတန်းကို လိုအပ်ရင် ခေါက်သိမ်းနိုင်အောင် ဖန်တီးထားတယ်၊ တပ်ဆင် ဘီးတွေက ၁၇ လက်မတွေ ဖြစ်ပြီး Alloy သားနဲ့ ဖြစ်ပါတယ်။
နောက်ကြည့်မှန်တွေက အပူပေးစနစ်ပါရှိတယ်၊ အတွင်းခန်း အပြင်အဆင် အားလုံးက သားရေသား ဦးစားပေး အခင်းအကျင်း ဖြစ်ပါတယ်။ ရှေ့မီးကြီးတွေက အလိုအလျောက် အတင်၊ အချ လုပ်ဆောင်မှာလည်း ဖြစ်ပါတယ်။ ရှေ့ဘက် ထိုင်ခုံတန်းမှာလည်း အပူပေးစနစ် ပါရှိပါတယ်။ Star link စနစ်ကို ထည့်ထားပြီး ဒီစနစ်က လမ်းကြောင်း အချက်ပြစနစ်ရော Remote နဲ့ပါ ကားကို အဝေးက ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ မျက်ကွယ် အချက်ပြစနစ်တွေနဲ့ လမ်းဆုံယာဉ်ကြော အချက်ပြစနစ်တွေကိုလည်း Eyesight စနစ် အဖြစ် ပူးပေါင်း ထည့်သွင်း ဖန်တီးထားတာ တွေ့ရပါတယ်။
လာမယ့် ၂၀၁၈ ခုနှစ် အတွက် အကောင်းဆုံး တန်ဖိုးနည်း မော်ဒယ် တခု ဈေးကွက် ဝင်လာမှာ ဖြစ်ပြီး ဇိမ်ခံကား မဟုတ်ပေမယ့် ဇိမ်ခံ မော်ဒယ် အနေနဲ့ လမ်းကြမ်းမှာ မောင်းနှင်နိုင်မှုနဲ့ ဝန်တင်ဆောင်နိုင်တဲ့ မော်ဒယ် အဖြစ်ပါ အကောင်းဆုံး သုံးနိုင်မယ့် မော်ဒယ် လို့ မှတ်ချက်ပေးချင်ပါတယ်။ နိုင်ငံတကာ ဈေးကွက်မှာတော့ မော်ဒယ်ကို ဒေါ်လာ ၂၃၀၀၀ ကနေ ၂၇၀၀၀ အကြား မော်ဒယ်ခွဲ အပေါ် မူတည်ပြီး ဈေးနှုန်း ကွာခြားချက်နဲ့ ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref: www.edmunds.com