အမေရိကန်ဈေးကွက်မှာ အောင်မြင်နေတဲ့ အပြင် ဥရောပ အထိ ဈေးကွက် လွှမ်းမိုးဖို့ ကြိုးစားနေတဲ့ Harley Davidson မော်တော်ဆိုင်ကယ် ကုမ္ပဏီက နောက်ပိုင်းမှာ ဈေးကွက်မှာ အောင်မြင်ဖို့ နည်းလမ်းဖြစ်တဲ့ ရွေးချယ်နိုင်စရာ မော်ဒယ်ခွဲများ ထုတ်လုပ် လာသလို အခုလည်း နောက်ထပ် Cruiser တန်းဝင်ထဲက လမ်းကြောင်းစုံ မောင်းနှင်နိုင်မယ့် Softail Deluxe ကို ထုတ်လုပ်ရောင်းချလာတာ တွေ့ရပါတယ်။
မော်ဒယ်ရဲ့ အစိတ်အပိုင်း အများစုက သံမဏိ ဦးစားပေး အစိတ်အပိုင်းတွေနဲ့ ဖန်တီးထားတယ်၊ သံချေးကိုက်တာ သက်သာဖို့ ရုပ်ထွက်ကို ပိုမို ပေါ်လွင်အောင် စတီးတွေ ဖုံးအုပ်ထားလို့ တစီးလုံးက အဝေးက မြင်လိုက်တာနဲ့ ပြောင်လက် တောက်ပနေတာ တွေ့ရပါတယ်။ နောက်ပြီး ဘီးတွေရဲ့ တာယာမှာ ထူးခြားချက်က အများစုသော ဆိုင်ကယ်၊ ကားတွေရဲ့ တာယာတွေ အားလုံး အနက်ရောင် တမျိုးတည်း ဖြစ်ပေမယ့် Softail Deluxe ရဲ့ တာယာတွေက အဖြူရောင် အနားသတ်တွေ ထည့်ထားတယ်၊ ဒါက ဘီးတွေ အနေနဲ့ပါ Original လား၊ ပြန်ထည့်ထားတာလား၊ အတုလား၊ အစစ်လား သိစေနိုင်တဲ့ အနေအထားပါ။
ရှေ့မီးကြီးတွေက LED စနစ်နဲ့ ဖြစ်လာပြီး ဘေးမီးတွေနဲ့ ရှေ့မီးကြီးက တအိမ်တည်း မဟုတ်တော့ပဲ သီးသန့်စီ ထုတ်ထား ပါတယ်။ ကိုယ်ထည် အထိုင်ဘောင်က ပေါ့ပါးမှုထက် တည်ငြိမ်မှု ဦးစားပေး ဟန်နဲ့ ဖြစ်ပါတယ်။ အင်ဂျင်စနစ်ကို စွမ်းအင် ထုတ်လုပ်မှု ကောင်းမွန်အောင်လည်း အဆင့်မြှင့်ထားတာ တွေ့ရပါတယ်။ မော်ဒယ်မှာ မြင်းကောင်ရေ ၁၀၇ ကောင်အား ထွက်ရှိမယ့် Milwaukee-Eight အင်ဂျင်စနစ်ကို တပ်ဆင်ထားပြီးသူက အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုမှာ ဈေးကွက်ထဲက လူကြိုက်များ အင်ဂျင်စနစ် High Output Twin Cam ထက် ၁၀ ရာခိုင်နှုန်း ပိုမို မြန်မြန် မောင်းနှင်နိုင်မယ် လို့ ဆိုပါတယ်။
ကိုယ်ထည် အထိုင်ရဲ့ ၆၅ ရာခိုင်နှုန်းကလည်း တခြား Cruiser တွေနဲ့ မတူအောင် ဒီဇိုင်းဆွဲထားတယ် လို့ ပြောပါတယ်။ Uni (ပင်မ အထိုင်ဘောင်) စနစ် လူကြိုက်များ ကောင်းမွန်လာမှုမှာ အခု Softail Deluxe ရဲ့ ပင်မ အထိုင်ဘောင်က အခြား ပြိုင်ဘက် မော်ဒယ်တွေရဲ့ အထိုင်ဘောင်ထက် အစိတ်အပိုင်း ၅၀ ရာခိုင်နှုန်း ပိုမို နည်းပါးသွားတယ်၊ ဆိုင်ကယ် တစီးလုံးရဲ့ ၃၄ ရာခိုင်နှုန်း ပိုမို ကျစ်လျစ်လာတယ် လို့လည်း ဆိုပါတယ်။ အရင်နှစ်က ထွက်တဲ့ Softail Deluxe မော်ဒယ်ထက်လည်း အလေးချိန် ၃၃ ပေါင် ပိုမို ပေါ့ပါးလာတာလည်း တွေ့ရပါတယ်။
ဒီလို အလေးချိန် ပေါ့ပါးအောင် ဖန်တီးလာနိုင်မှု အပိုင်းမှာ နောက်ဘက် Shock Absorber ကိုလည်း အရင် နှစ်ချောင်းထိုင် ပုံစံကနေ အခု တချောင်းထိုင် ပုံစံ ပြောင်းလဲလိုက်တယ်၊ အင်ဂျင်က စွမ်းအင် ထုတ်လုပ်မှု ကောင်းလာပြီး အင်ဂျင် အရွယ်ကို လည်း အနည်းငယ် လျော့ချ လာနိုင်ခဲ့တာကြောင့် ဖြစ်တယ် လို့ သိရပါတယ်။ မီးသီးတွေမှာလည်း LED ပြောင်းလိုက်လို့လည်း အလေးချိန် ကျသွားတယ် လို့ ဆိုပါတယ်။
မော်ဒယ်ကို အနက်ရောင် အနေနဲ့ ဆိုရင် ဒေါ်လာ ၁၇၉၉၉၊ အခြား အရောင်အနေနဲ့ လိုချင်ရင် ဒေါ်လာ ၁၈၃၉၉၊ နှစ်ရောင်စပ် ပုံစံနဲ့ လိုချင်ရင် ဒေါ်လာ ၁၈၇၄၉ နဲ့ ရနိုင်မှာ ဖြစ်ပါတယ်။ အခု မော်ဒယ်မှာ Keyless အနေနဲ့ စက်နှိုးနိုင်တယ်၊ H-D လုံခြုံရေး စနစ်နဲ့ ကားတွေမှာ သုံးတဲ့ ABS ဆိုတဲ့ ဖိအားပေးဘရိတ် စနစ်တွေကိုပါ ထည့်သွင်း တပ်ဆင်ထားပြီး ဆီတစ်ဂါလံကို မိုင် ၃၀ ခန့် စီးနင်းနိုင်မယ် လို့ သိရပါတယ်။ ။
Ref: www.cyclesworld.com