ကမ္ဘာကျော် ဇိမ်ခံကားများကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးနေတဲ့ ဆွီဒင်နိုင်ငံ အခြေစိုက် Volvo ကားကုမ္ပဏီမှ နောက်ဆုံးပေါ် Volvo ကားမော်ဒယ်လ် အသစ် 2018 XC60 Premium SUV ကားကို နိုဝင်ဘာလ ၁၁ ရက်နေ့က မြန်မာနိုင်ငံမှာ စတင် မိတ်ဆက်လိုက်ပါတယ်။
Volvo 2018 XC60 Premium SUV ကားအသစ် မိတ်ဆက်ပွဲကို ရန်ကုန်မြို့၊လှိုင်မြို့နယ်၊ ၆ မိုင်ခွဲ၊ ပြည်လမ်းမှာရှိတဲ့ LOTTE ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
“Volvo XC60 မော်ဒယ်လ် အသစ်မှာ New Design, New Technology, Safety, Performance, Outstanding Engine တို့ ပါဝင်ပြီး အကောင်းမွန် အလှပဆုံး ပုံစံမျိုးနဲ့ မိတ်ဆက်ခဲ့ပါတယ်။ XC60 ကားက မြို့ပြ လူနေမှုဘဝအတွက် အကောင်းဆုံး အသင့်တော်ဆုံး ကားအမျိုးအစားတခု ဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး ဝယ်ယူသွားတဲ့ ကားများအားလုံးကို Volvo Service Exclusive ရရှိသွားမှာ ဖြစ်ပါတယ်” လို့ Volvo Cars Myanmar မှ Marketing Manager မနွေးနွေးလှိုင်က ပြောပါတယ်။

Volvo 2018 XC60 Premium SUV ကားဟာ နောက်ဆုံးပေါ် နည်းပညာများ၊ လုံခြုံမှုအပြည့်နဲ့ စွမ်းဆောင်ရည် မြင့်မားအောင် ထုတ်လုပ်ထားပြီး ဥရောပနိုင်ငံများမှာ ရောင်းအားအကောင်းဆုံး Premium Mid-Size SUV ဂုဏ်ပုဒ်ကို ဆက်လက်ထိန်းသိမ်းထားရန် ဖန်တီးထုတ်လုပ်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ယခုမိတ်ဆက်လိုက်တဲ့ ၂၀၁၈ ခုနှစ် မော်ဒယ်လ် XC60 ကားက အိမ်သုံး၊ ရုံးသုံးနဲ့ လုပ်ငန်းသုံးအဖြစ် သုံစွဲနိုင်မှာဖြစ်တယ်လို့လည်း Volvo Cars Myanmar ရဲ့ General Manager ဖြစ်သူ Mr.Temmy Wiradjaja က ပြောပါတယ်။
စွမ်းဆောင်ရည်ပိုင်း အနေနဲ့ မြန်မာနိုင်ငံဈေးကွက်မှာ ရောင်းချပေးသွားမယ့် XC60 Premium SUV ကားများမှာ Volvo ရဲ့ဆုတံဆိပ်ရ ထိပ်တန်းအဆင့်မြင့် T6 ဓာတ်ဆီအင်ဂျင် တပ်ဆင်ထားပြီး မြင်းကောင်ရေအား ၃၂၀ ထုတ်လုပ် ပေးထားတယ်လို့ သိရပါတယ်။
မောင်းနှင်သူအတွက် သာမကဘဲ လိုက်ပါစီးနင်းသူများအတွက်ပါ အသစ်ထည့်သွင်းပေးထားတဲ့ Clean Zone ဇုံ ၄ ခု၊ အပူအအေး ထိန်းချုပ်စနစ် (Four-Zone Climate Control System) ဟာ ကျန်မားရေးအတွက် ဆိုးကျိုးပေးတဲ့ ဖုန်မှုန်များ၊ ညစ်ညမ်း ဒြပ်ဝတ္ထုများကို လေထုအတွင်းမှ ဖယ်ရှားပေးနိုင်တဲ့ စကင်ဒီနေးဗီးယား (Scandinavian) မှ လေကို ရရှိ ခံစားနိုင်အောင် ပြုလုပ်ထားတယ်လို့ Mr.Temmy Wiradjaja က ဆိုပါတယ်။
Volvo မှ XC60 Premium SUV ကား ဝယ်ယူသူများကို ကီလိုမီတာ အကန့်အသတ်မဲ့ ၃ နှစ် အာမခံ ပေးထားပြီး ကီလိုမီတာ တသိန်းပြည့်တိုင်း အခမဲ့ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပေးသွားမယ့် ဝန်ဆောင်မှုမျိုး ပေးထားတယ်လို့ သိရပါတယ်။

Volvo XC60 Premium SUV ကားကို AYA, CB များနှင့် ချိတ်ဆက်ကာ အရစ်ကျစနစ်နဲ့ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပြီး ဈေးနှုန်းအားဖြင့် အမေရိကန်ဒေါ်လာ ၁၁၅,၀၀၀ မှ စတင်ပြီး ကားအမျိုးအစားနဲ့ ပါဝင်တဲ့ ပစ္စည်းများအပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲ ရှိတယ်လို့ သိရပါတယ်။
Volvo ကားများဟာ မြန်မာနိုင်ငံ ကားဈေးကွက်ကို ၂၀၁၆ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး Performance Auto International Co., Ltd. မှ Volvo Center ကို ရန်ကုန်မြို့၊ ဓမ္မစေတီလမ်းမှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။
Volvo ကားကုမ္ပဏီဟာ ၁၉၁၇ ခုနှစ်မှ စတင်တည်ထောင်ခဲ့တဲ့ ဆွီဒင်အခြေစိုက် ကားကုမ္ပဏီတခုဖြစ်ပြီး ယခုအခါ ကမ္ဘာတဝန်း နိုင်ငံပေါင်း ၁၀၀ ခန့်မှ အဆင့်မြင့် ဇိမ်ခံကားများ ရောင်းချပေးလျက် ရှိတယ်လို့ သိရပါတယ်။ Volvo Cars ကို ၂၀၁၀ ခုနှစ်မှ စတင်ကာ တရုတ်နိုင်ငံရှိ Zhejiang Geely Holding (Geely Holding) က ပိုင်ဆိုင်တယ်လို့ သိရပါတယ်။