Automobile

စွမ်းဆောင်ရည်ကောင်း နည်းပညာမြင့်တဲ့ Dodge ရဲ့ Challenger မော်ဒယ်သစ်

Dodge မော်တောကား ကုမ္ပဏီက ထုတ်တဲ့ Challenger မော်ဒယ်ခွဲ 392 Hemi Scat Pack Shaker က ခရီးသည် ၅ ယောက် လိုက်ပါ စီးနင်းနိုင်မယ့် Coupe တန်းဝင် မော်ဒယ်ဖြစ်ပြီး ၂၀၀၈ ခုနှစ်က မော်ဒယ်ရဲ့ ရုပ်ထွက်မျိုးနဲ့ အခု ၁၀ နှစ်ပြည့် ၂၀၁၈ မော်ဒယ် ထုတ်လုပ်လာတာ တွေ့ရပါတယ်။

တံခါးနှစ်ပေါက် စနစ် ကားတွေမှာ အားနည်းချက်က နောက်ဘက် ခရီးသည်ခန်းနဲ့ ဝန်တင်ခန်း ကျဉ်းနေတတ်ပေမယ့် အခု မော်ဒယ်က ပြိုင်ဘက် မော်ဒယ်တွေထက် နောက်ဘက် ခရီးသည်ခန်းရော ဝန်တင်ခန်းပါ ပိုမို ကျယ်ဝန်းပါတယ်။ ပြီးတော့ မော်ဒယ်ခွဲရော အင်ဂျင်စနစ်ပါ ရွေးချယ်နိုင် စရာ အများအပြား ရလာခြင်းက ဈေးနှုန်းမျိုးစုံ၊ စွမ်းဆောင်ရည်မျိုးစုံသော မော်ဒယ်တွေကို ရလာစေနိုင်ပါတယ်။ အထူးသဖြင့်တော့ စွမ်းဆောင်ရည် ဦးစားပေး မော်ဒယ်လိုချင်သူတွေ အတွက် စိတ်ကြိုက် ဖြစ်မှာပါ။

SXT မော်ဒယ်ခွဲဆိုရင် V6 အင်ဂျင်နဲ့ရော V8 အင်ဂျင်နဲ့ပါ ရနိုင်တယ်၊ မြင်းကောင်ရေ ၃၇၅ ကောင်အား ထွက်ရှိတဲ့ အင်ဂျင်စနစ် တပ်ဆင်ထားတယ်။ GT မော်ဒယ်ခွဲဆိုရင် ဘီးစုံယက် စနစ်နဲ့ပါ ရနိုင်ပြီး အခု ပြောနေတဲ့ Scat Pack မော်ဒယ်ခွဲဆိုရင် မြင်းကောင်ရေ ၄၈၅ ကောင်အား ထွက်ရှိမယ့် V8 အင်ဂျင်ကို တပ်ဆင်ထားပြီး နောက်ဘီးယက်စနစ်ရော ဘီးစုံယက်စနစ်နဲ့ပါ လာပါတယ်။

စွမ်းဆောင်ရည် ဦးစားပေး ပုံစံနဲ့ ထုတ်လုပ်ထားတဲ့ အမြင့်ဆုံး မော်ဒယ်ခွဲ ၂ ခု ကျန်ပါသေးတယ်။ ပထမ တခုက SRT Hellcat Wideboy ဖြစ်ပြီး သူက ၆ ဒသမ ၄ လီတာသုံး အင်ဂျင်ကို တပ်ဆင်ထားပြီး စွမ်းအင် မြင်းကောင်ရေ ၇၀၇ ကောင်အား ထွက်ရှိ မှာပါ။ နောက်တခုကတော့ Demon ဖြစ်ပြီး သူက ၆ ဒသမ ၂ လီတာသုံး အင်ဂျင်နဲ့ ဖြစ်ကာ စွမ်းအင် မြင်းကောင်ရေ ၈၄၀ အား ထွက်ရှိပါတယ်။

၂၀ လက်မ အရွယ်ဘီးတွေကို တပ်ဆင်ထားတယ်၊ Touch စနစ်နဲ့ သုံးနိုင်မယ့် သတင်းအချက်အလက်ပြ စနစ်က အရင်နှစ် မော်ဒယ်ထက် ပိုုမို ကျယ်ဝန်းလာပြီး မျက်နှာပြင်က ၉ လက်မ ဖြစ်လာပါတယ်။ ထိုင်ခုံတွေမှာ အပူပေးစနစ် ပါလာပါတယ်။ နောက်ဘက် ပါကင်အာရုံခံစနစ်ရော နောက်ဘက် ရိုက်ကူး ကင်မရာ စနစ်ပါ ပါရှိတယ်၊ အသံစနစ်ကလည်း Sony အထိုင်နဲ့ ဖြစ်လာပြီး အသံထွက် ကောင်းမွန်လာပါတယ်။

ဈေးကွက် အတွင်းမှာတော့ မော်ဒယ်ရဲ့ အဓိက ပြိုင်ဘက် အနေနဲ့ Ford Mustang ရှိမယ်၊ ပြီးတော့ Chevy Camaro ပေါ့။ Muscle ကားစစ်စစ် လိုချင်တယ်၊ Drag ပုံစံ ကောင်းကောင်း မောင်းချင်ရင်တော့ Challenger က Mustag ထက် သာပါတယ်။ Mustang ကတော့ ပေါ့ပါးတယ်၊ ကွေ့လမ်းပိုင်း မောင်းနှင်နိုင်မှု ပိုကောင်းပါတယ်။ Camaro ဆိုရင်လည်း ကိုယ်ထည်သေးတယ်၊ အတွင်းခန်း ကျဉ်းချင်တယ်၊ မြန်တာကတော့ ပိုမြန်ပါတယ်။ Challenger အနေနဲ့ကတော့ အဖွဲ့လိုက် စီးနင်းလိုသူတွေ ရွေးချယ်ဖို့ ပိုကောင်းမှာပါ။

ဒီနေရာမှာ Dodge အနေနဲ့ Challenger နဲ့ အတူ Charger ကိုပါ ဈေးကွက်တင်နေတယ်၊ ဒီမော်ဒယ် ၂ ခုထဲကရော ဘယ် မော်ဒယ်ကို ရွေးချယ်သင့်ပါသလဲ။ တကယ်တော့ Charger ဆိုတာ Challenger နဲ့ အတူတူပါပဲ။ Charger ကို တံခါး 3 ပေါက်စနစ်နဲ့ ဖန်တီးထားတယ်၊ အခန်းဖွဲ့စနစ် ကွဲပြားသွားတာနဲ့ အတူ အမည်ကွဲသွားတဲ့ သဘောပါပဲ။ အင်ဂျင်နဲ့ ဖန်တီးထားမှု နည်းပညာပိုင်းတွေက အတူတူပါပဲ။

Apple CarPlay နဲ့ Android Auto တွေနဲ့ပါ ချိတ်ဆက် အသုံးပြုလာနိုင်တယ်။ မော်ဒယ်က ၈ ချက်သုံး Auto နဲ့ သွားပါတယ်။ ၆ ချက် Manual နဲ့လည်း ရနိုင်ပါတယ်။ V6 အင်ဂျင်တွေကတော့ ဆီတဂါလံကို ပျမ်းမျှ ၂၃ မိုင်ထိ စီးနင်းနိုင်ပေမယ့် V8 အင်ဂျင်က ၁၈ မိုင်လေက်ပဲ ရနိုင်ပြီး စွမ်းဆောင်ရည်မြင့် Hellcat တွေဆိုရင် မြို့တွင်းမှာ ၁ ၃မိုင်လောက်ပဲ ရနိုင်ပြီး ပျမ်းမျှ ၁၅ မိုင်လောက်ပဲ စီးနင်းနိုင်မှာ ပါ။

မော်ဒယ်တွေရဲ့ စွမ်းဆောင်ရည်ပိုင်းမှာက အမြန်နှုန်းမြှင့် မောင်းနှင်မှု အတွက် အခုပြောနေတဲ့ Shaker က မိုင် ၆၀ နှုန်းကို အချိန် ၄ ဒသမ ၅ စက္ကန့်နဲ့ ရောက်အောင် မောင်းနှင်နိုင်ပြီး Hellcat လို စွမ်းဆောင်ရည်မြင့် မော်ဒယ်တွေကတော့ အချိန် ၄ စက္ကန့် မပြည့်ခင် အတွင်း မိုင် ၆၀ နှုန်းရအောင် မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် Muscle ကားစစ်စစ်ဖြစ်လို့ ကားရဲ့ အလေးချိန်က အရမ်းများလွန်းနေလို့ ဆီစားများနေတာ တခုကတော့ လူတိုင်း သိပ် မကြိုက်ချင်ပါဘူး။ ပြီးတော့ နှစ်ယောက်စီး မော်ဒယ် အဖြစ် မော်ဒယ်ခွဲ မျိုးစုံ လာပေမယ့် အမိုးဖွင့် ကိုယ်ထည်နဲ့တော့ မရနိုင်ပါ ဘူး။

မော်ဒယ်က ဈေးနှုန်း အပိုင်းမှာတော့ V6 အင်ဂျင်တပ် Base မော်ဒယ်ခွဲ ဆိုရင် ဈေးနှုန်း ဒေါ်လာ ၂၆၉၉၅ လောက်ပဲ ရှိပြီး စွမ်းဆောင်ရည် အမြင့်ဆုံး Demon လို မော်ဒယ်ကတော့ ဒေါ်လာ ၈၃၂၉၅ နဲ့ မော်ဒယ်ခွဲ အပေါ် မူတည်လို့ ဈေးနှုန်း ကွာခြားချက်နဲ့ ရောင်းချနေတာ တွေ့ရပါတယ်။

Ref: www.edmunds.com

Loading