၂၀၁၈ အတွက် ထုတ်လုပ်တဲ့ Lincoln Navigator SUV မော်ဒယ်က ကိုယ်ထည် အမျိုးအစား တမျိုးတည်း ဖြစ်ပေမယ့် အရွယ်အစားကို တော့ ပုံမှန်နဲ့ အကြီးစား ဆိုပြီး နှစ်မျိုး ရနိုင်ပါတယ်။ ကိုယ်ထည် ၂ ခုလုံးက အတွင်းခန်း အကျယ်ဆုံးလို့ သတ်မှတ်နိုင်လောက်အောင် ပြိုင်ဘက် မော်ဒယ်တွေ ထက် ပိုကျယ်ဝန်းပါတယ်။ ပြီးတော့ သတင်း အချက်အလက်ပြစနစ်၊ အခု ၂ နှစ်တာ ကာလအတွင်းမှာ အမေရိကထုတ် မော်ဒယ်တွေက နည်းပညာပိုင်း အသုံးပြုနိုင်မှု ကောင်းမွန်အောင် အဆင့်မြှင့်တင်မှုတွေ ဦးစားပေး လုပ်ဆောင်ထားတာ တွေ့ရပါတယ်။
အကြောင်းကတော့ အာရှထုတ် မော်ဒယ်တွေက Touch စနစ်သုံး မြန်ဆန်တယ်၊ လွယ်ကူတယ်၊ နည်းပညာစုံ ပါရှိလို့ လူကြိုက်များတာကြောင့် အမေရိကကားတွေလည်း အမီလိုက်နေတဲ့ သဘောရှိပြီး ရလဒ်ကတော့ အခု မော်ဒယ်က နည်းပညာပိုင်း အသုံးပြုရမှု မြန်ဆန် လွယ်ကူ ကောင်းမွန်လာပါတယ်။
ပြီးတော့ V6 အင်ဂျင်တပ် မော်ဒယ်တွေက စွမ်းအင် ထုတ်လုပ်ပေးနိုင်မှု အားကောင်းတာ တွေ့ရပါတယ်။ အင်ဂျင် အရွယ်သေးလို့ ဆီစားလည်း နည်းလာပြီး သဘောကျစရာပါ။ ပြီးတော့ ဇိမ်ခံ မော်ဒယ် ဖြစ်သလို ယာဉ်ပေါ်ပါ ခရီးသည်တွေ အတွက် လုံခြုံမှုစနစ်ကို အကောင်းဆုံး ဖြစ်အောင် နည်းပညာ အများအပြား ထည့်သွင်းထားတာ တွေ့ရပါတယ်။
Lincoln Navigator SUV ရဲ့ ၂၀၁၈ ခုနှစ် မော်ဒယ်နဲ့ ပတ်သတ်ပြီး အားနည်းချက် အဖြစ် ပြောရလောက်အောင် ပြစ်ချက် ကြီးကြီးမားမား မရှိဘဲ ကိုယ်ထည် အရွယ်အစား ကြီးမားတာ တချက်ကပဲ လမ်းကျပ်ကျပ် မြို့တွင်း အနေအထားနဲ့ အဆင်ပြေပါ့မလား တွေးစရာ တခုပဲ ရှိပါတယ်။
အခုနှစ် မော်ဒယ်က ဒီဇိုင်းက အစ အင်ဂျင် အထိ အားလုံး အသစ် ဖန်တီးထုတ်လုပ်ထားတာ တွေ့ရပါတယ်။ မော်ဒယ်ခွဲ အနေနဲ့တော့ ရွေးချယ်နိင်စရာ ၄ မျိုးထိ ရအောင် ထုတ်လုပ်လာပါတယ်။ Premiere, Select, Reserve နဲ့ Black Label တွေ ဖြစ်ပါတယ်။
နည်းပညာပိုင်း ထည့်သွင်းမှု ကွာဟချက်ကြောင့်ပဲ မော်ဒယ်ခွဲ ကွဲပြားတာ ဖြစ်ပေမယ့် အင်ဂျင်စနစ်ကတော့ တမျိုးတည်း လာပါတယ်။ ၃ ဒသမ ၅ လီတာသုံး V6 အင်ဂျင်ကို တပ်ဆင်ထားတာ ဖြစ်ပြီး ဒီအင်ဂျင်က ရုန်းအား ၅၀၀ ပေါင်/ပေမှာ စွမ်းအင် မြင်းကောင်ရေ ၄၅၀ အားထိအောင် ထွက်ရှိမှာ ဖြစ်ပါတယ်။ ဒါဟာ ဈေးကွက်ထဲမှာ စွမ်းအင် အကောင်းဆုံး ထိပ်ဆုံး မော်ဒယ် ၁၀ စီး စာရင်း ဝင်စေနိုင်လောက်အောင် ကောင်းမွန်လာခြင်းပါ။
ရှေ့ဘီးယက်စနစ်နဲ့လည်း လာသလို နောက်ဘီးယက် စနစ်နဲ့လည်း ရပါတယ်။ Black Label မော်ဒယ်ခွဲမှာတော့ လေးဘီးယက် စနစ်နဲ့ပါ ရနိုင်မှာ ဖြစ်ပါတယ်။ ဂီယာပိုင်းမှာ ၁၀ ချက်သုံး Auto နဲ့ ဖန်တီးထားပြီး လက်မ ၂၀ အရွယ် ဘီးတွေကို တပ်ဆင်ထားတယ်၊ ရှေ့မီးကြီးတွေက LED နဲ့ ဖြစ်လာပါတယ်။
နောက်တွဲ ချိတ်ဆက် မောင်းနှင်နိုင်အောင် ဖန်တီးထားတယ်၊ ရှေ့ဘက်ရော နောက်ဘက် ပါကင် အာရုံခံစနစ်လည်း ပါတယ်၊ Keyless နဲ့လည်း သုံးနိုင်မှာပါ။ လက်ကိုင်ဘီးက Power နဲ့ စိတ်ကြိုက် အနေအထား ချိန်နိုင်ပါတယ်။ ယာဉ်မောင်း ထိုင်ခုံမှာ မှတ်ဉာဉ်စနစ် ပါရှိပါတယ်။ ရှေ့ခုံနဲ့ ဒုတိယ ခုံတန်းတွေက သားရေသားတွေနဲ့ ဖြစ်ပါတယ်။ နောက်ဘက် ထိုင်ခုံတန်းကို Powerနဲ့ အသိမ်း၊ အထုတ် လုပ်နိုင်မှာပါ။
၁၀ လက်မ အရွယ် မျက်နှာပြင်စနစ်ကို Touch စနစ်နဲ့ သုံးနိုင်အောင် ဖန်တီးထားပြီး သူက ဖျော်ဖြေရေးအတွက်ရော သတင်း အချက်အလက်ပြ စနစ် အတွက်ပါ ရမှာပါ။ USB ပေါက် ၆ ပေါက်ထိအောင် ပါရှိပါတယ်။ Apple CarPlay နဲ့ Android Auto တွေနဲ့လည်း သုံးနိုင်လာပါတယ်။ အသံနဲ့ ထိန်းချုပ်စနစ် ပါလာပါတယ်။ ဂြိုလ်တု အခြေပြု မြေပုံစနစ် ပါတယ်၊ မျက်ကွယ် လမ်းကြောင်း အချက်ပြစနစ် ပါလာတယ်၊ နောက်ဖက် ရိုက်ကူး ကင်မရာရော နောက်ဖက် ယာဉ်ကြော အချက်ပြ စနစ်တွေပါ သုံးနိုင်လာပါတယ်။
အသံပိုင်း အတွက် ဆိုရင်လည်း စပီကာ ၁၄ လုံးထိ ထည့်ထားပြီး ပတ်လည်အသံ စနစ် ဖြစ်လို့ ထပ်ဖြည့် စရာ မလိုအောင် ကောင်းမွန်နေပါပြီ။
မော်ဒယ်က ဈေးနှုန်း အနေနဲ့ ဒေါ်လာ ၈၂၄၀၀ အနည်းဆုံး ရှိပြီး မော်ဒယ်ခွဲ အပေါ် မူတည်လို့ အမြင့်ဆုံး ဒေါ်လာ ၉၅၀၀၀ ဝန်းကျင်နဲ့ ရောင်းချနေတာ တွေ့ရပြီး အကြီးစား SUV မော်ဒယ်ထဲမှာတော့ ၂၀၁၈ အတွက် အကောင်းဆုံး မော်ဒယ် အဖြစ် ဈေးကွက် ဝင်လာခြင်း ဖြစ်တယ် လို့ သုံးသပ်ရပါတယ်။
www.edmunds.com