အခု မိတ်ဆက်ပေးမယ့် 2018 Kawasaki Ninja H2 SX မော်ဒယ်ကတော့ စွမ်းဆောင်ရည်မြင့် မော်ဒယ်တွေကိုပဲ ထုတ်လုပ်တာများတဲ့ Kawasaki ရဲ့ စွမ်းဆောင်ရည်မြင့် အနေနဲ့ နောက်ထပ် မိတ်ဆက်လာတဲ့ SX မော်ဒယ်ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေ အတွင်း H2 မော်ဒယ်တွေ ထွက်ခဲ့ပေမယ့် စွမ်းဆောင်ရည်အမြင့်ဆုံး အနေအထား မဟုတ်သေးလို့ အခုလို ရွေးချယ်စရာ များအောင် ထုတ်လုပ်လာပုံ ရပါတယ်။
H2 နဲ့ H2R တွေကို မိတ်ဆက်ချိန်ကတည်းက စွမ်းဆောင်ရည် ဦးစားပေး မော်ဒယ်တွေ အဖြစ် ထုတ်လုပ်လာခဲ့ရာကနေ အခုနှစ် ၂၀၁၈ အတွက်တော့ SX မော်ဒယ် အနေနဲ့ နောက်ဆက်တွဲ ထပ်ထွက်လာပါပြီ။ ထူးခြားချက်ကတော့ မော်တော်ကား အင်ဂျင်စနစ်တွေမှာ အသုံးပြုတဲ့ အင်ဂျင်စနစ် ဖြစ်တဲ့ Supercharged စနစ်ကို ထည့်သွင်း ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ အခု မော်ဒယ်က ဘယ်လောက်ထိအောင် စွမ်းဆောင်ရည် ကောင်းမယ် ဆိုတာ စိတ်ကူးနဲ့တင် သိသာ နေပါပြီ။
အင်ဂျင်က ၉၈၈ စီစီသုံး ၄ လုံးထိုး အင်ဂျင်ကို တပ်ဆင်ထားတာ ဖြစ်ပါတယ်။ H2 မော်ဒယ်က အင်ဂျင်နဲ့ တူပါတယ်။ ဒါပေမယ့် ထိုးပြွန်၊ ခေါင်းပိုင်း၊ ဆလင်ဒါ၊ ခရန့်ရှက်၊ ကန်ရှက်၊ ဆီလိုင်း အားလုံးက အသစ် ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ဆီကို အင်ဂျင် အတွင်းခန်းမှာ အချိန်မြန်မြန် ဖိအားပေး ပေါက်ကွဲနိုင်အောင်နဲ့ စွမ်းအင် ထုတ်လုပ်ပေးနိုင်မှု အားကောင်း အောင် ဖန်တီးထားပါတယ်။
ရလဒ်ကတော့ အင်ဂျင် အနေနဲ့ တမိနစ် လည်ပတ်အား အပတ်ရေ ၉၅၀၀ မှာတင် ရုန်းအား ၁၀၁၀ ပေါင်/ပေ ရှိလာပြီး စွမ်းအင် ထွက်ရှိမှုက အမြင့်ဆုံး အနေနဲ့ မြင်းကောင်ရေ ၁၉၇ အားထိ ရှိလာတာပဲ ဖြစ်ပါတယ်။ ဒါဟာ ကားတွေမှာ ဆိုရင်ပဲ ၁ လီတာသုံး အင်ဂျင်ကနေ မြင်းကောင်ရေ ၂၀၀ လောက်ထွက်ဖို့ ဆိုတာ တော်တော်ကို မလွယ်တဲ့ စွမ်းဆောင်ရည် ဖြစ်လာပါတယ်။
ကိုယ်ထည်ဘောင်ကတော့ H2 က အတိုင်းပါပဲ။ ရှေ့ဘီးနဲ့ နောက်ဘီးထောက်ကြား ပမာဏကို နည်းနည်း ပိုချဲ့ထားပြီး ထိုင်ခုံတန်းကို ပိုရှည်အောင် ဖန်တီးလာတာတော့ တွေ့ရပါတယ်။ ပေါင် ၄၃၀ ထိ အကောင်းဆုံး တင်ဆောင်မောင်းနှင် နိုင်မှာပါ။ ဒါဟာ H2 မော်ဒယ်တုန်းက ပေါင် ၂၃၀ ထိအောင်ပဲ အကောင်းဆုံး တင်ဆောင် မောင်းနှင်မှုထက် သိသာတဲ့ ဝန်တင်ဆောင်နိုင်မှုရော တည်ငြိမ်မှုပါ ရှိလာတာ ဖြစ်ပါတယ်။
ထိုင်ခုံ ပုံစံ ၂ ခု ရွေးချယ်နိုင်အောင် ထုတ်လုပ်ထားတာလည်း တွေ့ရပါတယ်။ ထိုင်ခုံရဲ့ အထူအပေါ်ကို မူတည်ပြီးတော့ မောင်းနှင်သူက ၃၂ ဒသမ ၉ လက်မ အမြင့်နဲ့ ၃၂ ဒသမ ၃ လက်မ အမြင့်တွေမှာ ရှိနေမှာ ဖြစ်ပြီး Sport ဆန်ဆန်ဆိုရင် ထိုင်ခုံနိမ့်တာ ယူနိုင်ပြီး ပုံမှန် အပျော်စီး ဆိုရင်တော့ ထိုင်ခုံမြင့်တာ ယူနိုင်ပါတယ်။ Mode သုံးခု ရွေးချယ်မောင်းနှင်နိုင် ပါမယ်၊ Traction Control လည်း ပါပါတယ်၊ ABS ဘရိတ်စနစ်ကိုပဲ ထိုင်ထားတာပါ၊ Cruise Control ကိုပါ ထည့်ထားလို့ လမ်းကြောင်းပေါ်မှာ တည်ငြိမ်မှု အကောင်းဆုံး ပေးပါလိမ့်မယ်။
ဘရိတ်ပိုင်းကတော့ ရှေ့ဖက် ဘရိတ်က ၃၂၀ မီလီ Disc နဲ့ ဖြစ်ပြီး နောက်ဘက်က ၂၅၀ မီလီအရွယ် ဖြစ်ပါတယ်။ Rotor ကို Piston နှစ်ခုနဲ့ ဖမ်းထိန်းမယ့် ဘရိတ်စနစ်တွေ ဖြစ်ပါတယ်။ ရှေ့မီးကြီးရော နောက်ဘက် ဘရိတ်မီးပါ LED နဲ့ ဖြစ်သွား ပါတယ်။ Quick Shifter ကို ထိုင်ထားပါတယ်၊ သူက ဂီယာချက် တချက်ကနေ တချက် ပြောင်းလဲမှု အတွက် ကလပ် အသုံးပြုရမှုမှာ အားစိုက်ရ နည်းအောင် အကူထည့်ပေးထားတာ ဖြစ်ပါတယ်။
ဒိုင်ခွက်နဲ့ အတူ TFT စနစ်သုံး ပြသမျက်နှာပြင်စနစ် ပူးတွဲထည့်ထားပါတယ်။ ဒီစနစ်က ဖုန်းလို စနစ်တွေနဲ့ ချိတ်ဆက်မယ် ဆိုရင်လည်း ရနိုင်သလို Bluetooth လို ချိတ်ဆက်စနစ်နဲ့ သီချင်း နားထောင်တာတွေပါ လုပ်နိုင်မှာပါ။ မော်ဒယ်က ဈေးနှုန်း အနေနဲ့ ဒေါ်လာ ၁၉၀၀၀ (မြန်မာငွေ ၂၅ သိန်းကျော်ခန့်) နဲ့ ရောင်းချနေတာ တွေ့ရပြီး နည်းပညာပိုင်း ထည့်သွင်းမှု ရွေးချယ်စရာ အနည်းငယ် ရနိုင်သေးပြီး နောက်ထပ် အဆင့်မြှင့် နည်းပညာတွေ ပါရှိမယ် ဆိုရင်တော့ အခုထက် ဈေးနည်းနည်း ပိုနိုင်မှာ ဖြစ်ပါတယ်။
Ref: www.motorcycle.com