အခုနှစ် ၂၀၁၈ မော်ဒယ် အနေနဲ့ CRF တန်းဝင် အမျိုးအစားပေါင်း ၅ မျိုးလောက်ထိ Honda ကနေ ထုတ်လုပ် ရောင်းချနေတာ တွေ့ရပါတယ်။ အထူးသဖြင့်တော့ အင်ဂျင် အရွယ်အစား ကွဲပြားမှု အပေါ်မှာ အခြေခံပြီးတော့ မော်ဒယ်ခွဲ အမှတ်တွေ လည်း ကွဲပြားသွားပါတယ်။ အပျော်စီးသမားတွေ အတွက် အင်ဂျင် အရွယ် ငယ်ငယ်၊ စတန့်သမားတွေ အတွက် အင်ဂျင် အလတ်စားနဲ့ ပြိုင်ပွဲဝင်ချင်သူတွေ၊ လမ်းကြမ်း သုံးချင်သူတွေ အတွက်ကတော့ အင်ဂျင် အကြီးစားတွေနဲ့ ရနိုင်လာပါတယ်။ Dual-purpose တန်းဝင် မော်ဒယ် ဖြစ်ပြီး ကိုယ်ထည်ပိုင်း အနေအထားကကိုပဲ လမ်းချောရော လမ်းကြမ်းပါ စိတ်ကြိုက် သုံးနိုင်အောင် ဖန်တီးထားတာ ဖြစ်လို့ သဘောကျစရာပါ။
Honda ရဲ့ အခု CRF 250 R မော်ဒယ်က တလုံးထိုး အင်ဂျင်ကိုပဲ ထည့်ထားပါတယ်၊ Four-Stroke အင်ဂျင် အမျိုးအစားပါ၊ DT လို့ ဒေသခေါ်တဲ့ Yamaha ရဲ့ မော်ဒယ်တွေနဲ့ နှိုင်းယှဉ်ရင် အင်ဂျင်သံ ပိုပြီး တည်ငြိမ်လာတယ်၊ မီးခိုးထွက်ရှိမှု မရှိတော့ပဲ ပိုကောင်းလာပါတယ်။ အင်ဂျင်က ၂၄၉ (၂၅၀) စီစီသုံး အင်ဂျင်ပါ။ ပြည်တွင်းမှာ လူကြိုက်များတဲ့ အသေးစား လူငယ်ကြိုက် မော်ဒယ်တွေရဲ့ အင်ဂျင် အတိုင်းပါပဲ။ DOHC စနစ်နဲ့ ဆီပို့ပုံစံ သုံးထားပါတယ်၊ ပေါက်ကွဲအား၊ စွမ်းရည်၊ အင်ဂျင် လည်ပတ်နှုန်း၊ အားလုံး သင့်ပါတယ်။ အင်ဂျင် အအေးခံစနစ်က Coolant နဲ့ သွားပါတယ်။
အင်ဂျင်ကို Kick နဲ့ရော လျှစ်စစ်ခလုတ်နဲ့ပါ နှိုးနိုင်ပါတယ်။ ဂီယာချက် အသုံးပြုနိုင်မှုက ၅ ချက်တည်း ဖြစ်ပါတယ်။ ပုံမှန် အသုံးသမားတွေ အတွက်ကတော့ ၆ ချက်ဆိုရင် ပိုပြီး အဆင်ပြေနိုင်ပေမယ့် မော်ဒယ်ကို လမ်းကြမ်းမောင်း ပြိုင်ပွဲနဲ့ စတန့်စီး အတွက် အဓိက ဦးစားပေး ထုတ်လုပ်ထားလို့ ၅ ချက်တည်း ဖြစ်ပေမယ့် အဆင်ပြေပါတယ်။ Manual နဲ့ သွားပါတယ်။ အိတ်ဇောက နှစ်ပေါက်(Dual) နဲ့ ဖြစ်လို့ ပုံမှန် မော်ဒယ်တွေထက် ရုပ်ထွက် ပိုဆန်းသွားပါတယ်။
ဘရိတ်ပိုင်းမှာ Disc တွေနဲ့ပဲ ဖြစ်လာပြီး ရှေ့ဘက်က ၂၆၀ မီလီနဲ့ နောက်ဘက်က ၂၄၀ မီလီ ဖြစ်ပါတယ်။ Suspension စနစ်မှာ ရှေ့ဘက်က အသေထိုင် ပုံစံ ဖြစ်ပြီး Showa SPG ဖောက်နဲ့ လာပါတယ်၊ ၁၂ လက်မ အမြင့်ပါ။ နောက်ဖက် စနစ်ကတော့ လိုအပ်သလိုချိန်ညှိနိုင်တဲ့ အရှင် စနစ်နဲ့ ဖြစ်ပြီး Showa Shock ကို ထိုင်ထားပါတယ်၊ ၁၂ ဒသမ ၄ လက်မ အရွယ်ပါ။
ဘီးတွေက လမ်းကြမ်းမောင်း မော်ဒယ်ဖြစ်လို့ နောက်ဘီးကို အရွယ်သေးထားတာ တွေ့ရပါတယ်။ ရှေ့ဘီးက ၂၁လက်မ ဖြစ်ပြီး 80/100တာယာကို ထည့်ထားပါတယ်။ နောက်ဘီးကတော့ ၂ လက်မ သေးပြီး ၁၉ လက်မပဲ ရှိပါတယ်။ 100/90 အရွယ် တာယာကို ထည့်ထားပြီး မျက်နှာပြင်သား ပိုကြီးတာကို ထိန်းချုပ် မောင်းနှင်မှု ပိုကောင်းဖို့ သုံးထားတာပါ။
ရှေ့ဘီးနဲ့ နောက်ဘီးထောက်ကြား ပမာဏ ၅၈ ဒသမ ၃ လက်မ၊ လက်ကိုင်ယိုင်နှုန်း ၂၇ ဒသမ ၅ ဒီဂရီ၊ ထိုင်ခုံက မြေပြင်ကနေ အမြင့် ၃၇ ဒသမ ၈ လက်မ၊ မြေပြင်နဲ့ ကိုယ်ထည် ကင်းလွတ်မှု ၁၂ ဒသမ ၉ လက်မ၊ အသီးသီး ရှိပါတယ်။ တပ်ဆင် ဆီတိုင်ကီက ၁ ဒသမ ၆ဂါလံပဲ ဆံ့ပါတယ်။ ဆီတဂါလံကို မိုင် ၄၀ ကျော်လောက်ထိအောင် စီးနင်းနိုင်မယ်လို့ ဆိုပါတယ်။ ဆိုင်ကယ်က အလေးချိန် ၂၃၈ ပေါင်ပါ၊ စက်သုံးဆီ၊ အင်ဂျင်ဝိုင်နဲ့ အခြား ဘရိတ်ဆီတွေနဲ့ ဆိုရင်တော့ ပေါင် ၃၂၀ ဝန်းကျင် ရှိသွားပါလိမ့်မယ်။
Honda က ဈေးကွက် အတွက် အနီရောင် ဦးစားပေး၊ အဖြူ၊ အနီစပ် တမျိုးတည်းပဲ ထွက်ပါတယ်။ တခြား အရောင် လိုချင်ရင်တော့ ကိုယ့်လက်ထဲရောက်မှပဲ ပြောင်းယူရပါလိမ့်မယ်။ ဈေးနှုန်းက ဒေါ်လာ ၇၉၉၉ နဲ့ ရောင်းချနေတာ တွေ့ရပြီး အခုထက် သေးတဲ့ အင်ဂျင်စနစ်နဲ့လည်း လာတာ တွေ့ရပါတယ်။
အပျော်စီး သမားတွေ အတွက်တော့ အဆိုပါ အသေးစား အင်ဂျင်တပ် မော်ဒယ်က အဆင်ပြေနိုင်ပေမယ့် တကယ်တော့ ဆီစား၊ စွမ်းဆောင်ရည်၊ စိတ်ကြိုက် မောင်းနှင်နိုင်မှု အနေအထားတွေ အရတော့ အခုလို ၂၅၀ စီစီသုံး အင်ဂျင်တပ် မော်ဒယ်ကပဲ ရွေးချယ်ဖို့ အကောင်းဆုံး မော်ဒယ် ဖြစ်ပါတယ်။
Ref: www.ultimatemotorcycling.com