ပြည်တွင်းမှာလည်း အရောင်းပြခန်း ရှိနေပြီ ဖြစ်တဲ့ Volvo ကားကုမ္ပဏီရဲ့ ၂၀၁၈ ခုနှစ် အတွက် အသစ် ထုတ်လုပ်လာတဲ့ ဇိမ်ခံ မော်ဒယ်သစ် (2018 Volvo XC60) အကြောင်းပြောပြပါမယ်။ မော်ဒယ်က SUV တန်းဝင် မော်ဒယ် ဖြစ်ပြီးကိုယ်ထည် အရွယ်အစားက အလတ်တန်းစား၊ ဇိမ်ခံမော်ဒယ် အဖြစ် ထုတ်လုပ်ထားတာ ဖြစ်လိ့ု Crossover လို့ ခေါ်တာလည်း တွေ့ရပါတယ်။
မော်ဒယ်က ဆွဲဆောင်မှု ကောင်းတယ်၊ ဆီဒင်တွေရဲ့ ဒီဇိုင်းမျိုး ဖြစ်အောင် ဖန်တီးထားနိုင်တာ တွေ့ရပြီး ကိုယ်ထည်နိမ့်နိမ့်၊ ရုပ်ထွက်လှလှနဲ့ ဖြစ်ပါတယ်။ ပြီးတော့ အတွင်းခန်း ကလည်း ကျယ်ဝန်းတယ်၊ တပ်ဆင် ပစ္စည်းတွေရဲ့ အရည်အသွေး ကောင်းမွန်တယ်၊ ဇိမ်ခံမော်ဒယ်တွေရဲ့ နည်းပညာ၊ အသုံးပြုနိုင်မှု စနစ်တွေနဲ့ အဆင့်မြင့် နောက်ဆုံးပေါ် နည်းပညာပေါင်း များစွာ ထည့်သွင်းဖန်တီးထားတာတွေ့ရပါတယ်။ နောက်ဆုံး သဘောကျစရာ ကောင်းတဲ့ အချက်ကတော့ အင်ဂျင်စနစ်မှာ ရွေးချယ်နိုင်စရာ အမျိုးအစား အများအပြားရှိနေတာ ဖြစ်ပြီး မိမိသုံးမယ့် အနေအထားနဲ့ သင့်လျော်မယ့် အင်ဂျင်စနစ်ကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
အင်ဂျင်စနစ်က စွမ်းဆောင်ရည်ထက် ဆီစားနှုန်းချိုသာအောင် ပြင်ဆင်လာမှုက စွမ်းဆောင်ရည်ပိုင်းမှာ အားနည်းသွားစေ ပြီး အမြန်နှုန်းမြှင့် တင်နိုင်မှုလို အပိုင်းတွေမှာ အားနည်းသွားတာ တွေ့ရပါတယ်။ ပြီးတော့ အတွင်းခန်းကို ပိုမို ကျယ်ဝန်းအောင် လုပ်ဆောင်ထား ပေမယ့် နောက်ဘက် ဝန်တင်ခန်းကတော့ ကျယ်မလာပဲ အရင်နှစ် မော်ဒယ်လိုပဲ နည်းနည်း ကျဉ်းနေပါသေးတယ်။
အခုနှစ် ၂၀၁၈ မော်ဒယ်ကို Volvo က အားလုံးအသစ် အနေနဲ့ ဖြစ်အောင် ဒီဇိုင်းပြန်လည် ပြင်ဆင် ဖန်တီးထုတ်လုပ် ထားတာ တွေ့ရပါတယ်။ မော်ဒယ်ခွဲ ထုတ်လုပ်မှု အနေနဲ့တော့ ရွေးချယ်နိုင်စရာ ၃ မျိုးထိ ရောင်းချလာပြီး Momentum, R-Design နဲ့ Inscription တွေ ဖြစ်ပါတယ်။ ဒီမော်ဒယ်ခွဲတွေကိုမှ ထပ်ပြီး အင်ဂျင်စနစ် အပေါ် မူတည်ပြီးတော့ နောက်ထပ် T5, T6 နဲ့ T8 တွေ အဖြစ် စိတ်ကြိုက် ထပ်ပြီး ရွေးချယ်နိုင်ဦးမှာ ဖြစ်ပါတယ်။ စွမ်းဆောင်ရည်ရော ဆီစားနှုန်းရော နည်းပညာပိုင်းပါ ဟန်ချက်ညီကောင်းမွန်တဲ့ မော်ဒယ်ကောင်း တခုပါ။
အထက်မှာ ပြောခဲ့သလို အင်ဂျင်ပိုင်းအတွက် T5, T6 နဲ့ T8 တွေ ပြန်လည် ခွဲခြားထားသလို အင်ဂျင်စနစ်ရဲ့ စွမ်းဆောင်ရည် ကလည်း ကွဲပြားသွားပါတယ်။ T5 မှာက ၂ ဒသမ သုည လီတာသုံး Turbocharged စနစ် ပါရှိတဲ့ အင်ဂျင်ကို တပ်ဆင်ထားပြီး ဒီအင်ဂျင်စနစ်က ရုန်းအား ၂၅၈ပေါင်/ပေမှာ မြင်းကောင်ရေ ၂၅၀ အား ထွက်ရှိမှာလည်း ဖြစ်ပါတယ်။
နောက်ထပ် T6 မှာတော့ အင်ဂျင်က အရွယ်တူ ဖြစ်ပေမယ့် Twin-Turbo နဲ့ ဖြစ်ပြီးစွမ်းဆောင်ရည် ပိုကောင်းလာသလို ရုန်းအား ၂၉၅ပေါင်/ပေမှာ မြင်းကောင်ရေ ၃၁၆ ကောင်အား ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ နောက်ဆံုံးကျန်တဲ့ စွမ်းဆောင်ရည် အမြင့်ဆုံး T8 မှာတော့ Twin-Turbo စနစ် အပြင် Supercharge စနစ်ပါ ထည့်ထားတာကြောင့် အင်ဂျင်က ရုန်းအား အကောင်းဆုံး ဖြစ်လာပြီး ၄၇၂ပေါင်/ပေမှာ မြင်းကောင်ရေ ၄၀၀ အား ထွက်ရှိမှာလည်း ဖြစ်ပါတယ်။
မော်ဒယ်က ဘီးစုံယက်စနစ်နဲ့ လာပြီးAuto နဲ့ သွားပါတယ်။ ဆီတဂါလံကို ပျမ်းမျှ ၂၃ မိုင်ထိ စီးနင်းနိုင်မှာလည်း ဖြစ်ပါတယ်။ ၁၈ လက်မနဲ့ ၁၉ လက်မ အရွယ် Alloy ဘီးတွေနဲ့ ရနိုင်တယ်၊ ရှေ့မီးကြီးတွေရော နောက်မီးတွေပါ LED နဲ့ ဖြစ်ပါတယ်။ ရှေ့မီးကြီးတွေက အလိုအလျောက် အတင်၊ အချ လုပ်ဆောင်မှာပါ။
အတွင်းခန်းအပြင်အဆင် အားလုံးက သားရေသားပါ။ ၉ လက်မ အရွယ် မျက်နှာပြင်စနစ်နဲ့ ထိန်းချုပ်စနစ်ကို ပူးတွဲ တပ်ဆင်ထားပြီး အသံပိုင်း အတွက်လည်း စပီကာ၁၀ လုံးထိ ထည့်ထားတာ ဖြစ်ပါတယ်။ Android Auto နဲ့ Apple CarPlay လို စနစ်တွေပါ ချိတ်ဆက် မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။
ဇိမ်ခံမော်ဒယ်စစ်စစ်ကို ဈေးအနေအထား အလေးမထားဘဲ လိုချင်တယ် ဆိုရင်တော့ ပြီးပြည့်စုံတဲ့ မော်ဒယ် ကောင်း တခုပါ။ ဆီစားနှုန်း၊ စွမ်းဆောင်ရည်နဲ့ အရည်အသွေးတွေ အားလုံးက လက်ခံနိုင်စရာပါ။
ဒါပေမယ့် ဈေးနည်းနည်း မြင့်မယ်၊ အင်ဂျင်ပိုင်းမှာ ခရီးဝေး သွားတတ်သူတွေ၊ နယ်ဘက် နေသူတွေ အတွက် T6 နဲ့ T8 မော်ဒယ်ခွဲတွေက ပိုကောင်းမှာ ဖြစ်ပြီး T5 က မြို့တွင်းသုံးလောက်ပဲ အဆင်ပြေမယ် ဆိုတာကိုတော့ သတိပြုရမှာပါ။ နောက်ဆုံးပေါ် နည်းပညာတွေကို သုံးနိုင်မယ့် ပွဲတက် ဇိမ်ခံမော်ဒယ်ကောင်း တခုအဖြစ် မှတ်ချက်ပေးချင်ပါတယ်။
Ref: www.edmunds.com