အခု မော်ဒယ်ကို ဖန်တီးဖို့ ဆုံးဖြတ်ခဲ့တဲ့တာက Falcon Motorsports ရဲ့ CEO ဖြစ်သူ Jeff Lemke ၊ မော်ဒယ်ကို မစ်ချီဂန် နယ်မှာ အပြီးသတ် ဒီဇိုင်းဆွဲပြီး ဖန်တီးထားတာပါ။ Falcon (သိမ်းငှက်) ဆိုတဲ့ အမည်နဲ့ လိုက်ဖက်အောင် လျင်မြန် သွက်လက်ဖို့လည်း လိုမယ်၊ ဒါကြောင့် အင်ဂျင်စနစ်မှာလည်း စွမ်းအင်ထုတ်လုပ်မှု အားကောင်းတဲ့ အင်ဂျင်ကို တပ်ဆင် ထားတာ တွေ့ရပါတယ်။
ဈေးကွက်အတွင်းမှာ စွမ်းဆောင်ရည်မြင့် Supercar ကောင်းကောင်း ထုတ်လုပ်နိုင်သူတွေက ဥရောပအခြေစိုက် ကုမ္ပဏီတွေပါ၊ ပြင်သစ် အခြေစိုက် Bugatti ၊ အီတလီ အခြေစိုက် Ferrari နဲ့ Lamborghini လို တံဆိပ်တွေ အားလုံးက ဥရောပမှာပဲ ရှိနေတာလေ။ ဒီတော့ Falcon အနေနဲ့ အမည်သစ် အနေနဲ့ရော စွမ်းဆောင်ရည်ရော ကောင်းမှသာ ဈေးကွက်မှာ နေရာ တနေရာ၊ နာမည် တလုံးရဖို့ သေချာမှာပါ။
အခုလည်း ဈေးကွက် အနေအထားအရ F7 ကို အင်ဂျင် အလယ်ထိုင် စနစ်နဲ့ ဖန်တီးထားတယ်၊ ခရီးသည် နှစ်ယောက်ပဲ လိုက်ပါ စီးနင်းနိုင်မယ့် ပုံံစံ ချိုးဆစ်ထားပြီး Twin-turbo စနစ်နဲ့ V8 အင်ဂျင်ကို တပ်ဆင်ထားတာ တွေ့ရပါတယ်။ ဒီ အင်ဂျင်က မြင်းကောင်ရေ ၁၁၀၀ အားထိ ထုတ်လုပ်ပေးနိုင်တာ တွေ့ရပြီး လက်ရှိ ဈေးကွက်ထဲမှာ Supercar တွေထဲမှာ စွမ်းအင် ထုတ်လုပ်ပေးမှု အကောင်းဆုံး မော်ဒယ် တခု ဖြစ်ပါတယ်။
ကိုယ်ထည်သားက ကာဗွန်-ဖိုက်ဘာသားကို သုံးထားတယ်၊ ဒီကိုယ်ထည်ပုံစံက မော်ဒယ်ကိုလည်း ပေါ့ပါးစေတယ်၊ အကြမ်းခံနိုင်မှုလည်း အားကောင်းစေပါတယ်။ အထူးသဖြင့်တေ့ာ အမြန်နှုန်း မြှင့်တင် မောင်းနှင်နိုင်မှု အပိုင်းမှာ ကိုယ်ထည် လေးနေရင် တာထွက် အားနည်းတတ် လို့ ကိုယ်ထည်ကို ပေါ့ပါးအောင် ဖန်တီးထားတာလည်း ဖြစ်ပါတယ်။
ဒါကြောင့်လည်း မော်ဒယ်က တစီးလုံး ပေါင် ၂၈၅၀ ပဲ လေးတာ တွေ့ရပါတယ်။ ဒါက ပုံမှန် အိမ်စီး ဆီဒင်တွေရဲ့ အလေးချိန်နဲ့တောင် သိပ်မကွာအောင် ဖန်တီးထားတာပါ။ ပြောရရင် ဈေးကွက်မှာ လူကြိုက်များနေတဲ့ Honda Civic နဲ့ အလေးချိန်ချင်း အတူတူလောက် ပါပဲ။ ဒါကြောင့်လည်း မော်ဒယ်က အမြန်နှုန်း မြှင့်တင် မောင်းနှင်နိုင်မှု အပိုင်းမှာ တနာရီ မိုင် ၆၀ နှုန်းကို အချိန် ၂ ဒသမ ၇ စက္ကန့်တည်းနဲ့ ရောက်ရှိ မောင်းနှင်နိုင်မှာ ဖြစ်သလို အမြန်ဆုံး မောင်းနှင်နိုင်မှု အပိုင်းမှာ လည်း တနာရီ မိုင် ၂၀၀ ထိ မောင်းနှင်နိုင်ပါတယ်။
ဂီယာပိုင်းမှာတော့ H ပုံစံ အထိုင် Manual စနစ်နဲ့ သွားပါတယ်။ သိရသလောက်တော့ အခု မော်ဒယ်ကို ၂၀၁၂ ခုနှစ် ကတည်းက စက်နဲ့ တပ်ဆင်မှု မပါဘဲ လူကိုယ်တိုင် လက်တွေ့ ကိုင်တွယ် တပ်ဆင် ထုတ်လုပ်ထားတာ ဖြစ်တယ် လို့ ဆိုပါတယ်။ ဒါပေမယ့် ပထမဆုံး မော်ဒယ်ကို လက်တပ် အဖြစ် ထုတ်လုပ်ခဲ့ပေမယ့် နောက်ပိုင်း ဈေးကွက် အတွက် မော်ဒယ်တွေ ကိုတော့ စက်တပ် မော်ဒယ်တွေ အဖြစ် ထုတ်လုပ်လာဖို့လည်း ရှိနေတာပါ။
မော်ဒယ်ကို စတင် စမ်းသပ်ချိန်က အင်ဂျင်က မြင်းကောင်ရေ ၆၂၀ အားပဲ ထွက်ပေမယ့် အခုတော့ အဆင့်မြှင့်တင်လာ မှုက မြင်းကောင်ရေ ၁၁၀၀ ထိ ထွက်ရှိ အသုံးပြုနိုင်လာစေပါတယ်။ တမိုင်ရဲ့ လေးချိုး တချိုး အကွာအဝေးကို အချိန် ၁၀ စက္ကန့် ဝန်းကျင်နဲ့ ရောက်ရှိမှာပါ။
F7 ရဲ့ ဘရိတ်ပိုင်း ကလည်း မိုင် ၆၀ နှုန်းကနေ ရပ်တန့်မယ် ဆိုရင် ပေ ၁၀၀ အတွင်း ရပ်တန့်မှာ ဖြစ်ပြီး ဒါက အိမ်စီးကားတွေထက် ကိုပဲ ပိုကောင်းတဲ့ ဘရိတ်ပိုင်း စွမ်းဆောင်ရည် ဖြစ်ပါတယ်။
ဈေးကွက် အတွင်းမှာတော့ ဥရောပ Supercar တွေကို မကြည့်သေးဘဲ အမေရိကထုတ် မော်ဒယ်ချင်း ယှဉ်စရာ အနေနဲ့ SRT Viper ရှိမယ်၊ ဒီမော်ဒယ်က ၈ ဒသမ ၄ လီတာသုံး V10 အင်ဂျင်ကို တပ်ဆင်ထားပြီး စွမ်းအင် မြင်းကောင်ရေ ၆၄၀ ထိအောင် ထွက်ရှိတယ်၊ ၆ ချက်သုံး Manual နဲ့ သွားပြီး ၂၀၁၄ ခုနှစ်ကတည်းက မှာယူမှု ရှိသလောက် ထုတ်လုပ်ရောင်းချ နေတဲ့ မော်ဒယ် ဖြစ်ပါတယ်။ သူက ဈေးနှုန်း ဒေါ်လာ ၁၀၂၄၈၅ ထိ ရှိနေတာပါ။ မော်ဒယ်ခွဲ ရွေးချယ်စရာ ရှိပြီး မော်ဒယ်ခွဲ မြင့်တွေက ၁၂၄၉၈၅ ထိ ဈေးရှိပါတယ်။
နောက်ပြီး Chevrolet Corvette Z06 လို မော်ဒယ်ကိုလည်း ဈေးကွက် ပြိုင်ရဖို့ ရှိနေပါတယ်။ ဒီမော်ဒယ်က ၆ ဒသမ ၂ လီတာသုံး V8 အင်ဂျင်ကို တပ်ဆင်ထားတာ ဖြစ်ပြီး မြင်းကောင်ရေ ၆၂၅ ကောင်အားထိ ထွက်ရှိတာလည်း ဖြစ်ပါတယ်။ တနာရီ မိုင် ၆၀ နှုန်းကို အချိန် ၃ ဒသမ ၃ စက္ကန့်နဲ့ ရောက်မယ့် မော်ဒယ်ပါ။ သူလည်း အမြန်ဆုံး မိုင် ၂၀၀ နှုန်းလောက်ထိ မောင်းနှင်နိုင်တာ တွေ့ရပြီး ဒေါ်လာ ၁၁၁၄၂၀ နဲ့ ရောင်းချနေတာ တွေ့ရပါတယ်။
အခု ပြောနေတဲ့ F7 ကတော့ ပြိုင်ဘက် မော်ဒယ်တွေထက် စွမ်းအင်က ၂ ဆလောက်ထိအောင် ပိုမို မြင့်မားသွားသလို ဈေးနှုန်းကလည်း ပိုများတာ တွေ့ရပြီး ဒေါ်လာ ၂၄၅၀၀၀ နဲ့ ရောင်းချနေတာ တွေ့ရပါတယ်။
Ref: www.maxim.com