ကမ္ဘာ့ဈေးအကြီးဆုံး ဆိုင်ကယ်တွေ အကြောင်း ပြောပြချင်ပါတယ်။ ဒါပေမယ့် မော်ဒယ်တွေ အားလုံးက လက်ရှိ ဈေးကွက် ထဲမှာ ရနိုင်နေတဲ့ မော်ဒယ်တွေလည်း ပါရှိသလို ရှေးဟောင်း ဘီးတွေ၊ ရှားပါးဘီးတွေမို့ ဈေးကြီးတာတွေလည်းပါရှိပါတယ်။ ဘယ်လို မော်ဒယ်တွေလဲ ဆိုတာ ကြည့်ကြရအောင်ပါ။
(၁၀) Neiman Marcus Limited Edition Fighter ။ ။ တန်ဖိုး ဒေါ်လာ ၁ ဒသမ ၁ သိန်း ရှိပါတယ်။ Confederate Motor Co. ကနေ ဒီဇိုင်း ရေးဆွဲ ထုတ်လုပ်ထားတာပါ။ ဘယ်မော်ဒယ်နဲ့မှ မတူတဲ့ ရုပ်ထွက်မျိုး ဖြစ်အောင် သီးသန့် ဖန်တီးထားပါတယ်။ ဒါပေမယ့် ဆွဲဆောင်မှုတော့ ကောင်းပါတယ်။ စွမ်းဆောင်ရည်မြင့် မော်ဒယ် ဆိုတာထက် အလှစီး အနေနဲ့ ဖန်တီးထားတာပါ။
(၉) Coventry Eagle ။ ။ ဈေးနှုန်း ဒေါ်လာ ၁ ဒသမ ၂ သိန်း တန်ပါတယ်။ Royal Eagle Company ရဲ့ ရှေးအကျဆုံး ထုတ်လုပ်မှု မော်ဒယ်လို့ သတ်မှတ်နိုင်ပါတယ်။ အနည်းဆုံး နှစ် ၁၀၀ လောက် သက်တမ်း ရှိနေပါပြီ။ ဒါပေမယ့် အခုထိ စီးနင်းလို့ ရနေပါသေးတယ်။ Classic မော်ဒယ် အနေနဲ့ ဖန်တီးထားတာပါ။ Old is Gold ဆိုသလို (ကြာလေလေ တန်ဖိုးတက်လေ) ဆိုတဲ့ မော်ဒယ်မျိုးပါ။ တကယ်လည်း ဆိုင်ကယ်အလေးချိန်နဲ့ ဆတူ ရွှေလောက် တန်နေပါပြီ။
(၈) Harley Davidson Rocker ။ ။ သူလည်း ဒေါ်လာ ၁ ဒသမ ၃ သိန်းလောက် တန်ပါတယ်။ ပြိုင်ပွဲတွေမှာပါ သုံးနိုင်တဲ့ မော်ဒယ်ပါ။ ဂျာမနီ အခြေစိုက် House of Thunder က ပေးတဲ့ ဒီဇိုင်းကို ရယူ ထုတ်လုပ်ထားတာလို့ သိရပါတယ်။ ထူးခြားချက်ကတော့ ရှေ့ဘက် လက်ကိုင်ကနေ နောက်ဘက် ထိုင်ခုံဆီကို ၃၇ ဒီဂရီ တစောင်း ဖြစ်အောင် ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ အလှစီး မော်ဒယ် အဖြစ် အသုံးများပြီး ဘီးကာနဲ့ တာယာတွေကလည်း အလွန်တရာ နီးကပ်အောင် ဖန်တီးထားတာပါ။
(၇) Hildebrand Wolfmuller ။ ။ တန်ဖိုး ၁ ဒသမ ၅ သိန်းထိ တန်ဖိုးရှိတဲ့ မော်ဒယ်ပါ။ Hlidebrand နဲ့ Wolfmuller တို့ ပူးပေါင်းထုတ်လုပ်တဲ့ ကမ္ဘာ့ ပထမဆုံး ဆိုင်ကယ်ပါ။ ကုမ္ပဏီ နှစ်ခုပေါင်းအမည်ကို မော်ဒယ် အမည် အဖြစ် သတ်မှတ် ထားပါတယ်။ လက်ရှိမှာတော့ ရှေးဟောင်း ပစ္စည်း စုဆောင်းသူတွေ လက်ထဲမှာပါ။ မော်ဒယ်မှာ အခုခေတ် အင်ဂျင်တွေလို Four-Stroke စနစ် ၂ လုံးထိုး အင်ဂျင်ကို တပ်ဆင်ထားတာ တွေ့ရပါတယ်။
(၆) Hub less Harley Davidson ။ ။ ဒေါ်လာ ၁ ဒသမ ၅၅ သိန်း တန်တဲ့ မော်ဒယ်ပါ။ မော်ဒယ်ရဲ့ အခြေခံ ဒီဇိုင်းကတော့ Harley ပုံစံ စစ်စစ်ပါ။ ဒါပေမယ့် ပုံစံဆန်းသစ်အောင် နည်းနည်း ပြန်ထွင်ထားတာ တွေ့ရပါတယ်။ Chopper တန်းဝင် မော်ဒယ်ပဲ ဖြစ်ပြီး ဖန်တီးမှု အရ ပုံစံတူ မော်ဒယ် တစီးမှ မရှိလောက်အောင် ကွဲထွက်နေပါတယ်။ မြင်လိုက်တာနဲ့ စီးနင်းလို့တောင် ရပါ့မလား စဉ်းစားမိမယ့် ဒီဇိုင်းမျိုးပါ။
(၅) Ecosse FE Ti XX ။ ။ ဒီဇိုင်းပိုင်း သိပ်မဆန်းလှပေမယ့် အင်ဂျင်က မြင်းကောင်ရေ ၂၂၅ ကောင်အား ထွက် ရှိတဲ့ စနစ်၊ Titanium တန်းဝင် ကမ္ဘာ့အဆင့်ရှိ အကောင်းဆုံး ဆိုင်ကယ် အင်ဂျင်ကို တပ်ဆင်ထားတယ်။ သိရသလောက်တော့ နှစ်စဉ် ကမ္ဘာ့ အကောင်းဆုံး ဆိုင်ကယ်စာရင်းမှာ ပါရှိနေတဲ့ မော်ဒယ်တွေထဲက တစီးပါ။ လက်ရှိ ကမ္ဘာပေါ်မှာ အမြန်ဆုံး မောင်းနှင်နိုင်နေတဲ့ မော်ဒယ်တွေထဲက တခု ဖြစ်ပြီး တနာရီ မိုင် ၂၅၀ ထိအောင် အမြန်ဆုံး မောင်းနှင်နိုင်ပါတယ်။ တန်ဖိုးက ဒေါ်လာ ၃သိန်းပါ။
(၄) The Legendary British classic black ။ ။ ဒီမော်ဒယ်က ကမ္ဘာပေါ်မှာ တစီးတည်း ရှိတဲ့ မော်ဒယ်ပါ။ ဒီအချက်က မော်ဒယ်ကို ကောင်းတာထက် ရှားပါး တန်ဖိုးကြီးသွားစေ ပါတယ်။ အင်ဂျင်က ၂၅၀ စီစီသုံး အရွယ် ဖြစ်ပေမယ့် ၂ လုံးထိုး အင်ဂျင်နဲ့ ဖြစ်ပါတယ်။ အင်္ဂလန်မှာ ထုတ်လုပ်ခဲ့ပါတယ်။ စွမ်းဆောင်ရည် အကောင်းဆုံး မော်ဒယ် မဖြစ်ခဲ့ပေမယ့် အရည်အသွေး ကောင်းမွန်မှုနဲ့ ရှားပါးမှုက အခုလို တန်ဖိုးကြီး မော်ဒယ် ဖြစ်နေစေပါတယ်။
(၃) Gold Plated Custom Chopper ။ ။ တန်ဖိုး ဒေါ်လာ ၅ သိန်း ရှိတဲ့ အခု မော်ဒယ်ကလည်း မြင်လိုက်တာနဲ့ စီးလို့ ရပါ့မလား တွေးချင်စရာပါ။ ဒီဇိုင်းက ဆန်းလွန်းပါတယ်။ သိရသလောက် တခါမှ ပုံမှန်လမ်းမှာ ထုတ်မစီးသေးတဲ့ မော်ဒယ်လို့ ဆိုပါတယ်။ သတ္တုသား ကိုယ်ထည်နဲ့ ဖြစ်ပြီး ရွှေပြားတွေ ထည့်သွင်း ဖန်တီးထားမှု ပါရှိပါတယ်။ အလှစီး ဆိုတာထက် အလှပြ မော်ဒယ် အနေနဲ့ ထားဖို့ ပိုကောင်းပါတယ်။ ဆီယက်တဲလ်မှာ ကျင်းပခဲ့တဲ့ ဆိုင်ကယ်ပြပွဲမှာ ထည့်သွင်း ပြသ ရောင်းချခဲ့တာပါ။
(၂) Ultra Rare Porcupine ။ ။ ပုံမှန် ရုပ်ထွက်နဲ့ မော်ဒယ်တခုက ဒေါ်လာ ၇ ဒသမ ၅ သိန်း တန်တယ် ဆိုရင် လက်ခံနိုင်ကြ ပါ့မလား။ ဒါပေမယ့် Porcupine ကတော့ တကယ် ဈေးမြင့်ပါတယ်။ ဒုတိယ ကမ္ဘာစစ် အတွင်းက ဖန်တီးခဲ့တာပါ။ တစီးတည်း ရှိတယ် လို့ သိရပါတယ်။ အရင်က ပြတိုက်မှာ ထားရှိ ပြသထားခဲ့ပါတယ်။ နောက်တော့ လေလံတင်ခဲ့တယ်။ လေလံပွဲမှာ National Motorcycle Museum က လေလံအောင်ပြီး လက်ရှိ အဆိုပါ ပြတိုက်မှာ ရှိနေပါတယ်။
(၁) $ 1 million Harley-Davidson ။ ။ တန်ဖိုးကလည်း ဒေါ်လာ ၁ သန်း တန်သလို မော်ဒယ် အမည်ကိုပါ ဒေါ်လာ ၁ သန်းလို့ ပေးထားတာပါ။ Jack Armstrong ရဲ့ ဒီဇိုင်းပါ။ Harley ထုတ် မော်ဒယ်တွေထဲမှာရော လက်ရှိ ကမ္ဘာမှာပါ တန်ဖိုး အကြီးဆုံး မော်ဒယ်ပါ။ အင်ဂျင်က ခြောက်လုံးထိုး အင်ဂျင်ကိုတောင် တပ်ဆင်ထားတယ်၊ မြန်လည်း မြန်တယ်၊ ဒီဇိုင်းက အကောင်းဆုံးလို့ သတ်မှတ်နိုင်တယ်။ ရုပ်ထွက်ကလည်း ဆင်တူ မရှိလောက်အောင် ကွဲပြား လှပပါတယ်။
Ref: www.wonderslist.com