နာမည်ကျော် ဂျိမ်းစ်ဘွန်းမင်းသား ဒန်နီယယ်ခရေ့ဂျ် (Daniel Craig) က သူ့ရဲ့ Aston Martin Vanquish မော်ဒယ်ကို လှူဒါန်းရေး လေလံပွဲ တခုမှာ လေလံတင်ရောင်းချဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ဒန်နီယယ်ရဲ့ Vanquish က ၂၀၁၄ ခုနှစ်ထုတ် အပြာရောင် ဖြစ်ပြီး အရေ အတွက်အကန့်အသတ်နဲ့ပဲ ထုတ်လုပ်ထားတဲ့ မော်ဒယ်လည်း ဖြစ်ပါတယ်။ သိရသေလောက်တော့ Aston Martin က အခု မော်ဒယ်ကို အစီးရေ ၁၀၀ တည်း ရောင်းချထားတာလည်း ဖြစ်ပါတယ်။ ဒန်နီယယ်ကတော့ အခု မော်ဒယ်ကို 007th လို့ အမည်ပေးထားတယ် လို့ ဆိုပါတယ်။
အခု ကားကို ရောင်းချပြီး ဒန်နီယယ် အနေနဲ့ လူငယ်အကျိုးပြု လုပ်ငန်းတွေလုပ်ဆောင်မယ့် The Opportunity Network အဖွဲ့ကို ရရှိငွေတွေ လှူဒါန်းမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီလေလံပွဲကို အမေရိကန်နိုင်ငံ၊ လော့စ်အိန်းဂျလိစ်မြို့ရှိ Christies ခန်းမမှာ လာမယ့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကနေ မတ်လ ၃ ရက်နေ့အထိ ကျင်းပမှာလည်း ဖြစ်ပါတယ်။
ဘယ်နေ့မှာ ဒန်နီယယ်ရဲ့ ကားကို ထည့်သွင်းရောင်းချမယ် ဆိုတာတော့ မသိရသေးဘဲ လေလံပွဲ ကျွမ်းကျင်သူတွေက မော်ဒယ် အနေနဲ့ အမေရိကန် ဒေါ်လာ ၄ သိန်းကနေ ၆ သိန်း (စတာလင်ပေါင် ၂ ဒသမ ၈၄ သိန်းကနေ ၄ ဒသမ ၂၆ သိန်း) အတွင်း ဈေးနှုန်းနဲ့ ရောင်းချနိုင်လိမ့်မယ် လို့ မျှော်မှန်းထားပါတယ်။
အခု ရောင်းချမယ့် မော်ဒယ်က အပြာရင့်ရောင် ဖြစ်ပြီး ဘယ်မောင်းပုံစံ အထိုင်နဲ့ ဖန်တီးထားတယ်၊ အတွင်းပိုင်းမှာလည်း အပြာရင့်ရောင် သားရေသားတွေကိုပဲ အသုံးပြုပြီး အပြင်ဘက် အရောင်နဲ့ ဆင်တူအောင် ဖန်တီးထားတယ်။ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းမှာလည်း တနာရီ မိုင် ၆၀ နှုန်းကို အချိန် ၄ စက္ကန့်နဲ့ ရောက်အောင် မောင်းနှင်နိုင်ပြီး ၂၀၁၄ ခုနှစ် အတွင်း ထွက်ရှိခဲ့တဲ့ အင်္ဂလန်ထုတ် မော်ဒယ်တွေထဲမှာ အမြန်ဆုံး စာရင်းဝင်ခဲ့တာလည်း ဖြစ်ပါတယ်။ အင်ဂျင်စနစ် က ၅ ဒသမ ၉ လီတာသုံး အင်ဂျင်ထိ တပ်ဆင်ထားပြီး တနာရီ မိုင် ၂၀၀ နှုန်းထိအောင် အမြန်ဆုံး မောင်းနှင်နိုင်မှာလည်း ဖြစ်ပါတယ်။
ကားကို ရောင်းချလှူဒါန်းမယ့် ဒန်နီယယ်ကတော့ “အခု မော်ဒယ်က အင်ဂျင်နီယာ နည်းပညာ အကောင်းဆုံး ရေးဆွဲ ဖန်တီးထားတဲ့ ကားကောင်း တစီးပါ၊ မောင်းနှင်စီးနင်းရမှု အပိုင်းမှာ အကောင်းဆုံး အရသာကို ပေးစွမ်းနိုင်တဲ့ မော်ဒယ်ပါ။ အခုလို လူမှုရေး အကူအညီ အတွက် ရောင်းချလှူဒါန်းရလို့ ဝမ်းသာမိပေမယ့် မော်ဒယ်ကို အမြဲတမ်း သတိရနေမိမှာပါ” လို့ သူက ပြောပါတယ်။
ဆက်ပြီးတော့ မော်ဒယ် အကြောင်း သိကောင်းစရာ နည်းနည်း ပြောပြရရင် ဒီမော်ဒယ်က ၂၀၁၄ ခုနှစ် အတွင်း Aston Martin ရဲ့ မော်ဒယ် Vanquish ကို ကုမ္ပဏီ သက်တမ်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် Centenary Edition အမည်ခွဲနဲ့ အစီးရေ ၁၀၀ ပဲ ထုတ်လုပ် ရောင်းချခဲ့တာပါ။ ပထမဆုံး မော်ဒယ်ကို မိတ်ဆက်ကို ၂၀၁၃ ခုနှစ် ဂျီနီဗာကားပြပွဲမှာ ထည့်သွင်း ပြသခဲ့ပါတယ်။
မော်ဒယ်ကို ဆေးသား၊ ကုမ္ပဏီ အမှတ်တံဆိပ်တွေ ထုတ်လုပ်နေကျ ပုံစံံကနေ ပြောင်းလဲ ထုတ်လုပ်ခဲ့ပြီး ၁၉၁၄ ခုနှစ် ကုမ္ပဏီ စတင် တည်ထောင်ချိန်က ကုမ္ပဏီ အမှတ်တံဆိပ်ပုံစံကို ပြန်လည် တပ်ဆင် ထုတ်လုပ်ထားတာပါ။ အတွင်းခန်း အပြင်အဆင်ကိုတော့ Aston Martin One-77 က ပုံစံကို ရယူ ဖန်တီးထားပါတယ်။
ငွေရောင် လိုင်းစင်းလေးတွေ၊ အနားကွပ်လေးတွေ၊ နောက်ဘက် Wing မှာ ငွေရောင် အဆုံးသတ်တွေ ထည့်သွင်း ဖန်တီး ထားပါတယ်။ ပြီးတော့ အတွင်းခန်းမှာ ပစ္စည်းထည့်ဖို့ သေတ္တာတလုံး ထည့်သွင်း ဖန်တီးထားပြီး ကားရောင်းချချိန် ကတည်းက အဆိုပါ သေတ္တာထဲမှာ ကုမ္ပဏီကနေ လက်ဆောင် အနေနဲ့ ကားမှာ သုံးနိုင်မယ့် မှန်သားနဲ့ ဖန်တီးထားတဲ့ သော့ ၂ ချောင်း၊ သားရေသား လက်ကိုုင်နဲ့ ဖန်တီးထားတဲ့ ပုံမှန် ကားသော့ ၂ ချောင်း၊ ငွေသားပေါ်မှာ ရိုက်နှိပ်ထားတဲ့ ကုမ္ပဏီ တံဆိပ်ပါ သော့ချိတ်၊ ကုမ္ပဏီထုတ် ကုမ္ပဏီ အမှတ်တံဆိပ်ပါ မှင်စို (Rollerball Pen) ဘောပင်၊ Bang & Olsen နားကြပ်တစုံတွေ ထည့်သွင်း ရောင်းချခဲ့တာ ဖြစ်ပါတယ်။
သိရသလောက်ကတော့ ကားဝယ်ယူသူတွေက မိမိတို့ လက်ထဲမှာ စိတ်ကြိုက် အရောင်တွေ ပြောင်းလဲ စီးနင်းမှု ရှိတယ်လို့ သိရပြီး ဒန်နီယယ်ကတော့ အစကတည်းက အပြာရောင် အနေနဲ့ မှာယူ စီးနင်းခဲ့ပြီး အရောင်ပိုင်း ပြန်လည် ပြင်ဆင်ထားမှု မရှိသေးဘူးလို့ ဆိုပါတယ်။
Ref: www.businessinsider.com