မော်ဒယ်က လေးဘီးယက်စနစ်နဲ့ ဖြစ်ပြီး ဆောင်းတွင်းသုံး (လမ်းစို) တာယာတွေကို တပ်ဆင်ထားပါတယ်။ Ferrari ရဲ့ ထုတ်လုပ်နေကျ ပုံစံ ထိုင်ခုံ ၂ လုံးတည်း မဟုတ်ပဲ နောက်ဘက် ထိုင်ခုံတန်းလည်း ထည့်ထားတယ်၊ ပြီးတော့ ကိုယ်ထည် ကလည်း အမျိုးအစား ထူးခြားတယ်။ Hatchback လို့ ခေါ်တဲ့ နောက်ဖုံးဖွင့် ကိုယ်ထည်နဲ့ မိသားစုသုံး မော်ဒယ် စစ်စစ်ပါ။ ဒါပေမယ့် စွမ်းဆောင်ရည် မြင့်မယ်၊ အရည်အသွေး စိတ်ချရမယ်၊ ဈေးနှုန်း မြင့်မားမယ် ပေါ့။
မော်ဒယ်ရဲ့ အမည်က GTC4Lusso ၊ တံခါး ၂ ပေါက်စနစ်နဲ့ Station Wagon လိ့ုလည်း ခေါ်နိုင်မှာပါ။ ရုပ်ထွက်ကတော့ ရှေ့ထွက် 488 Spider နဲ့ ဆင်ပါတယ်။ Sport ကားနဲ့ Supercar တွေပဲ ထုတ်လုပ်နေကျ Ferrari ရဲ့ အိမ်စီးကား ထုတ်လုပ်မှုဘက်ကို ခြေဦးလှည့်လာခြင်း ဖြစ်ပြီး အင်ဂျင်စနစ်ကတော့ အိမ်စီး မော်ဒယ် ဖြစ်ပေမယ့် အရွယ်အကြီးစား အင်ဂျင်ကို တပ်ဆင်ထားတာပါ။

Hatchback တစီးအတွက် တပ်ဆင် အင်ဂျင်က V12 ဆိုရင် သင့် အနေနဲ့ အံ့သြသွားနိုင်ပါတယ်။ အင်ဂျင်က အကြီးစား ဖြစ်ပြီး ၆ ဒသမ ၃ လီတာသုံး V12 အင်ဂျင်ကို တပ်ဆင်ထားသလို ဒီအင်ဂျင်က မြင်းကောင်ရေ ၆၈၀ အားထိအောင် ထုတ်လုပ်ပေးနိုင်ပါတယ်။ လက်ရှိ ဈေးကွက်ထဲက Hatchback တွေထဲမှာ စွမ်းအင် ထုတ်လုပ်မှု အများဆုံး မော်ဒယ် ဖြစ်လာပါတယ်။
ဒီလို အင်ဂျင်ရဲ့ စွမ်းဆောင်ရည်မြင့်မားမှုကလည်း မော်ဒယ်ကို အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းမှာ တနာရီ မိုင် ၆၀ နှုန်းကို အချိန် ၃ ဒသမ ၄ စက္ကန့်နဲ့ပဲ ရောက်အောင် မောင်းနှင်နိုင်ပါတယ်။ ဒီနှုန်းက တန်းတူ မော်ဒယ်တွေထက် သိသာလောက်အောင် ပိုမြန်တယ်လို့ မဆိုသာပေမယ့် နှာတဖျား အသာရနေတာတော့ အမှန်ပါ။ ဒါပေမယ့် ဈေးကွက်ဝင် စွမ်းဆောင်ရည်မြင့် Hatchback တွေ လိုက်မမီနိုင်တဲ့ အရည်အသွေးကတော့ အမြန်ဆုံး မောင်းနှင်နိုင်မှု ဖြစ်ပြီး တနာရီ ၂၀၈ မိုင်နှုန်းထိအောင် မောင်းနှင်နိုင်ပါတယ်။

မော်ဒယ်ကို ခရီးဝေးရော လမ်းစို မောင်းနှင်မှု အတွက်ပါ စိတ်ကြိုက်ဖြစ်အောင် ဖန်တီးထားပါတယ်။ ကိုယ်ထည်ကို ရှည်လျားအောင် ဖန်တီးထားလို့ နောက်ဘက် ထိုင်ခုံတန်း နေရာရော ခရီးသည်ခန်းလည်း ကျယ်ပါတယ်။ ဒါပေမယ့် မော်ဒယ်မှာ အားနည်းချက် တခု ရှိနေတာကတော့ ဈေးနှုန်းပါ။ ဈေးကွက် အတွင်း ဒေါ်လာ ၃၇၇၀၀၀ နဲ့ ရောင်းချနေတာ တွေ့ရပြီး ပုံမှန် တန်ဖိုးသင့် Hatchback တွေ၊ ဇိမ်ခံ အဖြစ် သုံးမယ် ဆိုရင်တောင် အဆင်ပြေမယ့် MINI ထုတ် မော်ဒယ်တွေတောင် ဒေါ်လာ ၃ သောင်း ဝန်းကျင်နဲ့ ရနိုင်နေတာ တစ်ခုက ဆယ်စီး တစီးဖိုးလောက် ဈေးကွာဟချက် အနေအထားမှာ လူတိုင်း စီးနိုင်ပါ့မလား။ အိမ်စီး ကိုယ်ထည် ဖြစ်လာပေမယ့် ဈေးနှုန်းကတော့ အိမ်စီး မဟုတ်သေးပဲ Supercar ဈေးနှုန်း ဖြစ်နေပါသေးတယ်။
မော်ဒယ်မှာ လက်ကိုင် စနစ်က နောက်ဘီးနဲ့ တွဲဖက် တပ်ဆင်ထားတာာက ထူးဆန်းနေပါတယ်။ Ferrari ရဲ့ ပထမဆုံး လေးဘီးယက် စနစ်နဲ့ နောက်ဘီးကို လက်ကိုင်နဲ့ တွဲဖက်ထားတဲ့ မော်ဒယ် ဖြစ်လာပါတယ်။ ပုံမှန်ဆိုရင် လက်ကိုင်ဘီးနဲ့ ထိန်းချုပ်မှုက ရှေ့ဘီးနဲ့ပဲ ချိတ်ဆက်ထားတာမို့ပါ။

အင်ဂျင်အသံံရဲ့ တည်ငြိမ်မှုနဲ့ ဆွဲဆောင်မှုကတော့ ထိပ်တန်း အဆင့်ရှိပါတယ်။ ဂီယာပိုင်းက Auto နဲ့ လာပြီး ၇ ချက်သုံး ဖြစ်ပါတယ်။ သင့် အနေနဲ့ ဂီယာချက် ၃ ကနေ ၄ အတွင်း ထာားရှိ စီးနင်းမှုက အကောင်းဆုံး လိုက်ပါ စီးနင်းရမှု အရသာကို ရပါလိမ့်မယ်။ ဆီစားနှုန်းက တဂါလံကို ၁၇ မိုင်လောက်ပဲ စီးနင်းနိုင်ဖို့ ရှိနေပြီး ဆီတိုင်ကီ အပြည့်နဲ့ ဆိုရင် ခရီးမိုင် ၁၅၀ ကျော်လောက် ထိအောင် ရောက်ပါလိမ့်မယ်။
အတွင်းခန်းမှာ ဖျော်ဖြေရေးနဲ့ သတင်းအချက်အလက်ပြစနစ် အတွက် ၁၀ ဒသမ ၂၅ လက်မထိ ကြီးမားတဲ့ မျက်နှာပြင် စနစ်ကို ထည့်ထားပြီး ကားတစီးလုံးက လျှပ်စစ်နဲ့ ထိန်းချုပ်ထား သလို အားနည်းချက်၊ ချို့ယွင်းချက်တွေကို အဆိုပါ စနစ်ကနေ အချက်ပြပေးမှာလည်း ဖြစ်ပါတယ်။ ပြင်ဆင်မှု အတွက်ကလည်း Program နဲ့ ထိန်းချုပ်ထားတဲ့ ကားရဲ့ ပင်မ စနစ်ကနေ ဝင်ရောက် ပြင်ဆင်ရမှာ ဖြစ်ပြီး ဆီချေးတွေ ပေနေအောင် ပြင်ရဖို့ လုံး၀ မရှိတော့ဘဲ ပျက်စီးတဲ့ အပိုင်းကိုပဲ ပင်မ စနစ်က ညွှန်ပြတဲ့ အတိုင်း အလွယ်တကူ ပြင်ဆင်နိုင်မယ် လို့ ဆိုပါတယ်။

ကားအတွင်းခန်း ထိန်းချုပ် အသုံးပြုမှု အားလုံးကို စကားပြော (အသံ) နဲ့ ပြောဆို ထိန်းချုပ်နိုင်မှာ ဖြစ်ပြီး ခလုတ်တွေ နှိပ်စရာ မလိုတော့ပါဘူး။ ဒီလောက် နည်းပညာ မြင့်နေရင်တော့ ဒေါ်လာ ၃ သိန်းခွဲလောက် တန်တဲ့ မော်ဒယ်က အိမ်စီး အတွက် မသုံးသင့်တော့ ပါဘူး။ ဇိမ်ခံ စစ်စစ်၊ အလှစီး ပွဲတက် မော်ဒယ်စစ်စစ် အနေနဲ့ပဲ သုံးသင့်ပါတော့တယ်။ အရည် အသွေး၊ စွမ်းဆောင်ရည်၊ စိတ်ချရမှုနဲ့ လုံခြုံရေး အပိုင်း အားလုံး ထိပ်တန်း အဆင့်ရှိပြီး ကမ္ဘာ့ အကောင်းဆုံး မော်ဒယ်တွေထဲက တခုလို့တောင် သတ်မှတ်လို့ ရပါတယ်။
Ref: www.maxim.com
