ဂျပန် အခြေစိုက် Aspark ကုမ္ပဏီက ကြေညာထားခဲ့တဲ့ အတိုင်း ကမ္ဘာ့အမြန်ဆုံးလို့ သတ်မှတ် နိုင်မယ့် လျှပ်စစ်ကား မော်ဒယ်သစ် (owl) ကို မိတ်ဆက်လာပါပြီ။ ကားကုမ္ပဏီ အနေနဲ့ မဟုတ်ဘဲ ဂျပန် အခြေစိုက် အင်ဂျင်နီယာ ပညာပိုင်း ဆိုင်ရာ နည်းပညာ လုပ်ငန်းစုက အခု ကားကို အင်ဂျင်နီယာ ပညာကောင်းကောင်း သုံးပြီး ဖန်တီးထားတာပါ။
လျှပ်စစ် စွမ်းအားကိုပဲ အသုံးပြု သွားလာမယ့် အခု မော်ဒယ်က မြင်းကောင်ရေ ၄၃၀ အားထိ ထုတ်လုပ်ပေးနိုင်တဲ့ လျှပ်စစ်မော်တာတွေကို ထိုင်ထားပါတယ်။ ဒီမော်တာတွေက အမြန်နှုန်း မြှင့်တင် မောင်းနှင်နိုင်မှု အပိုင်းမှာ တနာရီ မိုင် ၆၀ နှုန်းကို အချိန် ၁ ဒသမ ၉၂ စက္ကန့်တည်းနဲ့ ရောက်ရှိ မောင်းနှင်နိုင်လာပါတယ်။ ဒါပေမယ့် ရှေ့ပိုင်း စမ်းသပ်မောင်းနှင်မှုတွေမှာ ၁ ဒသမ ၈၉ စက္ကန့်နဲ့ ရောက်တယ်လို့လည်း သိရပြီး၊ အခုစမ်းသပ်မောင်းနှင်မှု အရတော့ တနာရီ ၁၇၄ မိုင် အထိ မောင်းနှင်နိုင်တယ်လို့ သိရပါတယ်။
ဈေးကွက် တင်ချိန် မှာတော့ အခုထက် ပိုပြီး မြန်ဆန်လာနိုင်မယ်လို့ Aspark က တာဝန်ရှိသူတွေက ဆိုပါတယ်။
မော်တော်ကားတွေကို လေ့လာသုံးသပ်တင်ပြနေတဲ့ Jalopnik ရဲ့ ဖော်ပြချက် အရ ဆိုရင် အခု မော်ဒယ်က Hypercar တန်းဝင် မော်ဒယ်။ ဆိုလိုတာက စွမ်းဆောင်ရည်လည်း အထူးမြင့့်မားပြီး ဇိမ်ခံစစ်စစ် အနေနဲ့ ထုတ်လုပ်ထားမယ်။ အစီးရေ အနည်းငယ်ပဲ ထုတ်လုပ်ရောင်းချမယ့် မော်ဒယ်လည်း ဖြစ်သလို မော်ဒယ်မှာ Hoosier ထုတ် ပြိုင်ကားတပ် တာယာတွေကို သုံးထားပါတယ်။
ဒါပေမယ့် ပတ်လမ်းမောင်းနှင်မှု အနေအထားမှာတင် အခုလို စွမ်းဆောင်ရည် ရမှာ မဟုတ်ဘဲ ပုံမှန် လမ်းကြောင်း အနေအထားမှာလည်း အမြန်နှုန်း မြှင့်တင်နိုင်မှုက သိသာလောက်အောင် လျော့ကျသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
Aspark Owl ကို မိတ်ဆက်လာတဲ့ အနေအထားမှာတော့ ဈေးကွက် အရရော စွမ်းဆောင်ရည်ပိုင်း အရပါ အဓိက ပြိုင်ဆိုင်ရမယ့်သူက Tesla ရဲ့ အသစ်ထွက်ရှိလာမယ့် Roadster မော်ဒယ် ဖြစ်နေပြီး အရင်လတွေထဲက Tesla ရဲ့ မိတ်ဆက်ထားမှု အရ Roadster မော်ဒယ်သစ်ကလည်း အမြန်နှုန်း မြှင့်တင် မောင်းနှင်နိုင်မှု အပိုင်းမှာ မိုင် ၆၀ နှုန်း အတွက် အချိန် ၂ စက္ကန့်ဝန်းကျင်နဲ့ ရောက်အောင် မောင်းနှင်နိုင်ဖို့ ရှိသလို ကမ္ဘာ့အမြန်ဆုံး လျှပ်စစ်ကား ဖြစ်လာဖို့လည်း ပြင်ဆင် ထားတာ တွေ့ရပါတယ်။
ဒါပေမယ့် ဈေးနှုန်း မိတ်ဆက်မှု အနေအထား အရ Aspark Owl က အားနည်းချက်လို ဖြစ်နေပါတယ်။ အကြောင်းက မော်ဒယ်ကို အမေရိကန် ဒေါ်လာ ၄ ဒသမ ၄ သန်းလောက်နဲ့ (တချို့သတင်းတွေမှာ ဒေါ်လာ ၄ သန်း ဝန်းကျင်) ရောင်းချဖို့ ရှိနေပြီး Hypercar အဖြစ် ဖန်တီးထားတာက အခုလို ဈေးနှုန်း မြင့်မားသွားစေတာလို့ ဆိုပါတယ်။
Aspark Owl ရဲ့ ပြောဆိုချက် အရလည်း အခုထက် သိသာလောက်အောင် ဈေးနှုန်း လျော့ကျသွားဖို့ မရှိလောက် တော့ပါဘူး။ Tesla Roadster ကတော့ ပုံမှန် ပြိုင်ကားတန်းဝင် အနေနဲ့ ထွက်ရှိလာမှာ ဖြစ်ပြီး ဈေးနှုန်းက ဒေါ်လာ ၂ သိန်း ဝန်းကျင်လောက်ပဲ ရှိမှာ ဖြစ်လို့ စွမ်းဆောင်ရည် သိပ်မကွာတဲ့ အနေအထားမှာ Aspark Owl က ဈေးနှုန်း မြင့်လွန်းနေ တဲ့ အားနည်းချက်ပါ။
ဒါပေမယ့် ကားကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက် အရတော့ Aspark Owl က လမ်းကြောင်းမောင်း ကားအဖြစ် အသုံးပြုမှု ဆိုတာထက် တန်ဖိုးအကြီးဆုံး လျှပ်စစ်ကား၊ အမြန်ဆုံး လျှပ်စစ်ကားဆိုတဲ့ စံချိန်တွေနဲ့ အတူ အစီးရေ ထုတ်လုပ်မှုတာ လည်း ၅၀ ပဲ ထွက်ရှိလာဖို့ ရှိနေလို့ ကားစုဆောင်းသူတွေရဲ့ လက်ထဲမှာပဲ ခန်းမတွင်း အလှပြမော်ဒယ် အဖြစ် သိမ်းဆည်း ခံသွားရဖို့ ရှိနေတယ် လို့လည်း ဆိုပါတယ်။
သိရသလောက်ကတော့ Aspark အနေနဲ့ အခု မော်ဒယ်ကို ၂၀၁၄ ခုနှစ် ကတည်းက ဖန်တီးနေတာ ဖြစ်ပြီး ဓာတ်ငွေ့ ထုတ်လွှတ်မှု လုံးဝမရှိတဲ့ လျှပ်စစ်ကား စစ်စစ် ဖြစ်မယ်၊ မူလက Supercar အနေနဲ့ ၂၀၁၇ ခုနှစ် ဂျာမနီနိုင်ငံ၊ ဖရန့်ဖတ် ကားပြပွဲမှာ ထည့်သွင်းပြသခဲ့ပြီး အခုလို စမ်းသပ်မောင်းနှင်မှု လုပ်ဆောင်လာချိန်မှာမှ Supercar ထက် မြင့်တဲ့ Hypercar ဖြစ်လာခဲ့တာပါ။ Hypercar တန်းဝင် ဖြစ်လာမှုနဲ့ အတူ မော်ဒယ်က အမြန်နှုန်း မောင်းနှင်နိုင်မှု အပိုင်းမှာလည်း တနာရီ မိုင် ၂၀၀ နှုန်း အနည်းဆုံး မောင်းနှင်လာနိုင်ဖို့လည်း ရှိနေပါတယ်။
မော်ဒယ်ကို အခု လက်ရှိမှာ စွမ်းဆောင်ရည်ပိုင်း စမ်းသပ် မောင်းနှင်မှုနဲ့ အတူ မိတ်ဆက်လာပြီ ဖြစ်ပြီး အခုနှစ် ဖရန့်ဖတ် ကားပြပွဲမှာ ထည့်သွင်း မိတ်ဆက် ရောင်းချသွားဖို့ ရှိမယ် လို့ ခန့်မှန်းထားရပါတယ်။
Ref: www.maxim.com