အခု ပြောမယ့် Nissan ရဲ့ Navara မော်ဒယ်က ပြည်တွင်းမှာ ဆိုရင် Ext Cab အနေနဲ့ပဲ အများဆုံး စီးနင်းတာ တွေ့ရသလို Single Cab တွေလည်း ရှိပါတယ်။ ဒါပေမယ့် Double Cab ကတော့ သိပ်မတွေ့ရပါဘူး။ ဒီမော်ဒယ်က Vigo တွေ အတွက် အကောင်းဆုံး ပြိုင်ဘက် ဖြစ်လာနိုင်ပြီး Vigo မော်ဒယ်တွေထက် ဈေးချိုချိုနဲ့ ရနိုင်မယ့် အခု မော်ဒယ်က စိတ်ဝင်စားစရာပါ။
မော်ဒယ်က ရုပ်ထွက်ပိုင်းနဲ့ ဆွဲဆောင်နိုင်မှု အပိုင်းမှာ Vigo တွေကို မမီနိုင်ဘူးလို့ ဆိုနိုင်ပေမယ့် ဈေးနှုန်းပိုင်းမှာက သိသိ သာသာ ချိုပါတယ်။ နောက်ပြီး မော်ဒယ် အနေနဲ့က နိုင်ငံတကာ ဈေးကွက်မှာလည်း အခြေအနေ မကောင်းတာမျိုး၊ ပြစ်ချက်များတယ် ဆိုတာမျိုး သိပ် မရှိလှပါဘူး။ ဈေးကွက်တိုင်းမှာ လက်ခံနေတဲ့ မော်ဒယ် ဖြစ်ပြီးတော့ အရည်အသွေး ပိုင်းမှာ ကလည်း လမ်းကြမ်းပိုင်း စွမ်းဆောင်ရည် အထူးကောင်းမွန်တာ တွေ့နိုင်ပါတယ်။
အခု ပြည်တွင်း ဈေးကွက်ထဲမှာ အတွေ့ရများတဲ့ Double Cab တွေ ဆိုရင် ဒီဇယ်ဆီစနစ်နဲ့ပါ ရနိုင်တာက စိတ်ကြိုက်ပါပဲ။ ၂ ဒသမ ၅ လီတာသုံး အင်ဂျင်စနစ်ကိုပဲ တပ်ဆင်ထားတာ ဖြစ်ပေမယ့် အင်ဂျင်ပိုင်း စွမ်းဆောင်ရည်က ရုန်အားကို အလေး ပေးထားတာကြောင့် လမ်းကြောင်းစုံ မောင်းနှင်နိုင်မှာပါ။
နောက်ပြီး ခရီးဝေး မောင်းနှင်မှုတွေ အတွက်လည်း လေအေးပေးစက်နဲ့ ဖျော်ဖြေရေး စနစ်တွေ စိတ်ကြိုက် အသုံးပြု သွားလာနိုင် ပါလိမ့်မယ်။ မော်ဒယ် အနေနဲ့ကတော့ အရောင်ပိုင်း ရွေးချယ်နိုင်မှု အတွက် တည်ငြိမ်တဲ့ အရောင်ဖြစ်တဲ့ အနက်ရောင်တွေ ဈေးကွက်ဝင်တာ တွေ့ရပြီး အဖြူ၊ ကာကီနဲ့ ငွေရောင်တွေလည်း တွေ့ရပါတယ်။ ဒါပေမယ့် ပြည်တွင်း ကားဈေးကွက်မှာ အရောင် အစွဲကြီးလို့ အဖြူနဲ့ ငွေရောင်တွေက ဈေးတော့ နည်းနည်း ပိုချင်ပါတယ်။
မော်ဒယ်က အခု နောက်ပိုင်း ၂၀၁၄ ခုနှစ် ဝန်းကျင်ထုတ် မော်ဒယ် အနေနဲ့ အတွေ့ရများပြီးတော့ သူ့ထက် မော်ဒယ် နိမ့်တာတွေလည်း ဝင်ပါတယ်။ ဒါပေမယ့် မော်ဒယ်နိမ့်တွေက စွမ်းဆောင်ရည်ရော ရုပ်ထွက်ပါ အားနည်းလို့ စိတ်ကြိုက် ဖြစ်မယ် မထင်ပါဘူး။ ၂၀၁၄ နောက်ပိုင်းထုတ်တွေ ကတော့ ရုပ်ထွက် ပြင်ဆင် ထုတ်လုပ်လာတာဖြစ်လို့ တော်တော် ကြည့်ကောင်း လာသလို အရည်အသွေးလည်း ကောင်းလာပါတယ်။
ဂီယာပိုင်းမှာလည်း Auto စနစ်နဲ့လာပြီး ဂီယာချက် ပြောင်းလဲ အသုံးပြုရတာ အဆင်ပြေကောင်းမွန်လာပါတယ်။ အတွင်းခန်း အပြင်အဆင်အပေါ်မှာ မူတည်ပြီး ဈေးနည်းနည်း ကွာခြားချက် ရှိချင်တာက လွဲရင် တခြားတော့ သိပ်ပြီး မကွာလှပါဘူး။ အတွင်းခန်း အပြင်အဆင်၊ နည်းပညာပိုင်းမှာ Ori (မူလအတိုင်း) လား ပြန်ထည့်ထားတာလား ဆိုတာတော့ သတိထားပြီး စစ်ဖို့တော့ လိုပါလိမ့်မယ်။ ၂၀၁၄ နောက်ပိုင်းထုတ် မော်ဒယ်တွေကို ရွေးချယ်သင့်ပါတယ်။
ဆက်ပြီးတော့ မော်ဒယ်အကြောင်း နည်းနည်းလောက် ပြောပြချင်ပါတယ်။ Navara မော်ဒယ်က သြစတြေးလျ၊ ဥရောပနဲ့ အာရှအတွက် Nissan ကနေ ထုတ်လုပ်လာတဲ့ မော်ဒယ်ပါ။ ဒါပေမယ့် မြောက်အမေရိက၊ ဗဟိုအမေရိကနဲ့ တောင် အမေရိက တွေမှာလည်း အခု မော်ဒယ်ကို တင်ပို့ ရောင်းချပေမယ့် အဆိုပါဈေးကွက်တွေမှာတော့ နာမည်ပြောင်းပြီး Frontier အဖြစ် ရောင်းပါတယ်။
၁၉၉၇ ခုနှစ်ကတည်းက စတင် ထုတ်လုပ်ရောင်းချနေတဲ့ မော်ဒယ်ပါ။ မျိုးဆက်ခွဲခြား ထုတ်လုပ်မှု အနေနဲ့ ပထမ မျိုးဆက်ကို ၁၉၉၇ ကနေ ၂၀၀၄ ခုနှစ် အတွင်း၊ ဒုတိယ မျိုးဆက်ကို ၂၀၀၄ ခုနှစ်ကနေ ၂၀၁၅ နဲ့ လက်ရှိ နောက်ဆုံး တတိယ မျိုးဆက်ကို ၂၀၁၄ ကနေ အခုထိအောင် ထုတ်လုပ်နေဆဲပါ။ မျိုးဆက် ၃ ဆက်လုံးရဲ့ မော်ဒယ်တွေ ပြည်တွင်းမှာ စီးနေပေမယ့် ပထမမျိုးဆက်ဝင် မော်ဒယ်တွေကို ပျော့တယ် ဆိုပြီး လူကြိုက်နည်းပါတယ်။
ဒုတိယ မျိုးဆက်မှာ အရည်အသွေး သင့်လာပေမယ့် ၂၀၁၄ နောက်ပိုင်း တတိယ မျိုးဆက် မော်ဒယ်တွေကို ပြည်တွင်းမှာ အကြိုက် အများဆုံး ဖြစ်နေပါတယ်။ နောက်ဆုံး မျိုးဆက်ဝင် မော်ဒယ်တွေကို ဈေးကွက် အလိုက် Mercedes-Benz X-Class, Nissan NP300, Navara, Renault Alaskan တွေ အဖြစ် အမည် အမျိုးမျိုး ခေါ်တာ တွေ့ရပါတယ်။
၂၀၁၄ ခုနှစ် ဇူလိုင်ကနေ စတင် ထုတ်လုပ်လာတာ ဖြစ်ပြီး ထိုင်း၊ စပိန်၊ မက္ကဆီကို၊ အာဂျင်တီးနား၊ တရုတ်နိုင်ငံတွေမှာ တပ်ဆင် ထုတ်လုပ်တာ တွေ့ရပါတယ်။ နောက်ဘီးယက် တမျိုးတည်း လာပါတယ်။ အင်ဂျင်စနစ်မှာ ၂ ဒသမ ၅ လီတာသုံး ဓာတ်ဆီနဲ့ ဒီဇယ်၊ ၂ ဒသမ ၃ လီတာသုံး ဒီဇယ် အင်ဂျင်တွေ အဖြစ် ရနိုင်ပါတယ်။ Auto နဲ့ ဆိုရင် ဂီယာ ၇ ချက်နဲ့ လာပြီး Manual နဲ့ ဆိုရင် ဂီယာ ၆ ချက်နဲ့ လာပါတယ်။
အခု နောက်ဆုံး မျိုးဆက်ဝင် မော်ဒယ်တွေက လမ်းကြမ်းပိုင်း စွမ်းဆောင်ရည် ရော၊ ဆီစားနှုန်း အပိုင်းရော၊ ရေရှည် စိတ်ချရမှုပါ အကောင်းဆုံး ဖြစ်လာပြီး ဈေးကွက်တိုင်းမှာ လက်ခံ နှစ်သက်မှု ရနေတာလည်း ဖြစ်ပါတယ်။