နှစ်စဉ် မေကနေ ဇွန်လ အတွင်းထိ ကျင်းပတဲ့ မော်တော်ဆိုင်ကယ် ပြိုင်ပွဲကြီး ဖြစ်ပြီး ၁၉၀၇ ခုနှစ်ကတည်း နှစ်စဉ် ယှဉ်ပြိုင် လာခဲ့တာပါ။ TT လို့ ပြိုင်ပွဲကို အတိုကောက်ခေါ်ပေမယ့် အပြည့်အစုံက Isle of Man TT ပါ။ လက်ရှိ ကမ္ဘာမှာ လူကြိုက် အများဆုံး၊ သက်တမ်းအရင့်ဆုံး စာရင်းဝင် ဆိုင်ကယ် ပြိုင်ပွဲလည်း ဖြစ်ပါတယ်။
သိရသလောက် တပ်ဆင် အင်ဂျင် အရွယ်အစားပေါ် မူတည်ပြီး အတန်းအစား ခွဲခြား ပြိုင်ဆိုင်စေသလို အတန်းခွဲခြားမှု ၁၀ မျိုးလောက်ထိ ခွဲခြား ယှဉ်ပြိုင်စေတယ် လို့ ဆိုပါတယ်။ အခု ပြောမှာက TT မှာ နှစ်စဉ် ဆိုင်ကယ် ကုမ္ပဏီတိုင်းက အကောင်းဆုံး ပြိုင်ဆိုင်ကယ်တွေကို ဖန်တီးပြီး မောင်းသမားတွေနဲ့ ချိတ်ဆက် ပြိုင်ပွဲဝင်နေတဲ့ အထဲက ချန်ပီယံဆု အများဆုံး ရယူထားနိုင်တဲ့ ဆိုင်ကယ်ထုတ်လုပ်သူတွေ အကြောင်းပါ။ တနည်းပြောရရင် ဆိုင်ကယ်ကောင်းကောင်း ဘယ်ကုမ္ပဏီက အများဆုံး ထုတ်လုပ်နိုင်နေသလဲ ပေါ့။
(၁၀) ဧအာမာချီ (Aermacchi) ။ ။ ၁၈ ကြိမ် အနိုင်ရဖူးပါတယ်။ အခုတော့ ကုမ္ပဏီက ဆိုင်ကယ် ထုတ်လုပ်မှု မရှိတော့လို့ လူသိနည်းပါလိမ့်မယ်။ ဒါပေမယ့် ၁၉၅၀-၆၀ ပြည့်လွန်နှစ်တွေမှာ အောင်မြင်တဲ့ ပြိုင်ဆိုင်ကယ်ကောင်းကောင်း တွေကို ထုတ်လုပ် အနိုင်ရထားတာပါ။ ၂၅၀ စီစီနဲ့ ၃၅၀ စီစီသုံး အင်ဂျင်တပ် မော်ဒယ်တွေနဲ့ အတူ လူကြိုက်များခဲ့ပါတယ်။
(၉) အေဂျေအက်စ် (AJS) ။ ။ ၁၉ ကြိမ်ထိ အနိုင်ရထားပါတယ်။ ဒီ အမှတ်တံဆိပ်ကလည်း ဒီနေ့ခေတ်မှာ တရုတ် အခြေစိုက် Scoooter ထုတ် အမှတ်တံဆိပ် အဖြစ်ပဲ လူသိများတော့ပေမယ့် TT ပြိုင်ပွဲ စတင် ကျင်းပချိန်တွေက ဖန်တီးနိုင်မှု အားကောင်းကောင်းနဲ့ မော်ဒယ်တွေ ထုတ်လုပ် အနိုင်ရခဲ့တာပါ။
(၈) ထရမ့်ဖ် (Triumph) ။ ။ ၂၁ ကြိမ်ထိ အနိုင်ရထားပါတယ်။ အခုထိ ကမ္ဘာ့အကောင်းဆုံး ဆိုင်ကယ်တွေ ထုတ်လုပ် နိုင်နေသေးသူပါ။ ဒါပေမယ့် ဒီဇိုင်းပိုင်းတော့ ရိုးရှင်းလို့ ဒီနေ့ ဈေးကွက်မှာ လူကြိုက်နည်းသလို ဖြစ်နေပါတယ်။ Daytona 675 လို မော်ဒယ်နဲ့ အတူ အောင်မြင်မှုတွေ အများကြီး ရခဲ့ပါတယ်။
(၇) အမ်ဗွီ သြဂတ်စတာ (MV Agusta) ။ ။ ၃၄ ကြိမ်ထိ အနိုင်ရထားတဲ့ တံဆိပ်ပါ။ ၁၉၅၂ ခုနှစ်ကနေ ၁၉၇၂ ခုနှစ် အတွင်း အောင်မြင်မှု အကောင်းဆုံး ရခဲ့ပါတယ်။ ဂီယာကိုမိုအေဂိုစတိနီ (Giacomo Agostini) က အကောင်းဆုံး ဆိုင်ကယ် မောင်းသမား ဖြစ်ခဲ့ပါ တယ်။ Agusta နိုင်ပွဲ ရတဲ့ ၃၄ ပွဲမှာ ၁၀ ပွဲကို သူ တယောက်တည်း မောင်းပြီး ရခဲ့တာပါ။
(၆) ဘီအမ်ဒဗလျူ (BMW) ။ ။ ၃၆ ကြိမ်ထိ အနိုင်ရပါတယ်။ ဒုတိယ ကမ္ဘာစစ် မတိုင်ခင်မှာ ကာလမှာရယ်၊ လက်ရှိ ၂၀၀၀ ပြည့်နှစ် ဝန်းကျင် နှစ်ကာလာတွေမှာ အကောင်းဆုံး အောင်မြင်မှုတွေ ရနေပါတယ်။ BMW ထုတ် S1000RR မော်ဒယ်က TT ပြိုင်ပွဲ တလျှောက် BMW ထုတ် အကောင်းဆုံး မော်ဒယ်လို့တောင် သတ်မှတ်နိုင်အောင် ကောင်းမွန်တဲ့ ရလဒ်တွေ စွမ်းဆောင်နိုင်ခဲ့ပါတယ်။
(၅) ကာဝါစကီ (Kawasaki) ။ ။ ၄၂ ကြိမ် ဗိုလ်စွဲထားဖူးသူပါ။ ၁၉၆၀ ပြည့်လွန်နှစ် ပြိုင်ပွဲမှာမှ စတင် ပါဝင်လာခဲ့တဲ့ အမှတ်တံဆိပ် ဖြစ်ပေမယ့် အောင်မြင်မှု ကောင်းကောင်းရထားပါတယ်။ ၂၀၁၂ ခုနှစ် အတွင်း အပေါ့စားတန်းဝင်ထဲမှာ Kawasaki ER-6 နဲ့ ၂၀၁၅ ခုနှစ် အတွင်း စွမ်းဆောင်ရည်မြင့်တန်းဝင် ZX-10R လို မော်ဒယ်တွေကို ထုတ်လုပ် ပြိုင်ပွဲ ဝင်နိုင်တာနဲ့ အတူ ချန်ပီယံ အကြိမ်များစွာ ဖြစ်လာခဲ့တာပါ။ ဂျပန်အခြေစိုက် ကုမ္ပဏီပါ။
(၄) နော်တန် (Norton) ။ ။ ၉၄ ကြိမ်ထိ အနိုင်ရထားတဲ့ အမှတ်တံဆိပ်ပါ။ လက်ရှိမှာ လူသိနည်းတဲ့ အမှတ်တံဆိပ် ဖြစ်နေ ပေမယ့် ၁၉၀၇ ခုနှစ် ပြိုင်ပွဲ စတင်ချိန်ကနေ စပြီး ရွှေထီးဆောင်း လာနိုင်ခဲ့သူပါ။ ဒုတိယ ကမ္ဘာစစ် အတွင်းမှာလည်း အောင်မြင်မှု တချို့ ရခဲ့သေးတယ်၊ ၁၉၇၀ လောက်ထိ ချန်ပီယံ အကြိမ် များစွာ ဖြစ်ခဲ့ပါတယ်။ ၁၉၉၀ နောက်ပိုင်းကနေ ပြိုင်ပွဲမှာရော ဈေးကွက်မှာပါ Norton ပျောက်သွားတော့တာပါ။
(၃) ဆူဇူကီး (Suzuki) ။ ။ ၁၀၇ ကြိမ်ထိ ဗိုလ်စွဲဖူးတဲ့ အမှတ်တံဆိပ်ပါ။ ၁၉၆၂ ခုနှစ်မှာမှ ၅၀၀ စီစီအင်ဂျင်တပ် မော်ဒယ်နဲ့ ပထမဆုံး ပြိုင်ပွဲ ဝင်ခဲ့ပေမယ့် အခုချိန်ထိ ရလဒ်ကောင်း ရနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရှေ့ပိုင်း အောင်မြင်မှု ကောင်းကောင်း မရခဲ့ပေမယ့် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းကနေ စတင်ပြီး ဆုတွေ နှစ်စဉ် ရလာသလို ၂၀၀၈ ခုနှစ် တနှစ်တည်း အတန်းအစား မျိုးစုံ ပြိုင်ပွဲတွေမှာ ဆုတွေ အများကြီး ရခဲ့တာ တွေ့ရပါတယ်။ ဂျပန်နိုင်ငံ အခြေစိုက် ကုမ္ပဏီ ပါ။
(၂) ယမဟာ (Yamaha) ။ ။ ဒီကုမ္ပဏီကလည်း ဂျပန် အခြေစိုက် ဖြစ်ပြီး ၂၃၂ ကြိမ်တိုင် အနိုင်ရထားပါတယ်။ အခု နောက်ပိုင်း ကုမ္ပဏီ R1 မော်ဒယ်နဲ့ ပြိုင်ပွဲ ဝင်နေပြီး ဈေးကွက်မှာ ရောင်းရသလောက် ပြိုင်ပွဲမှာ ရလဒ် သိပ် မကောင်းပေမယ့် ရှေ့ပိုင်း ကာလတွေမှာ အောင်မြင်မှု များထားလု့ိ အဆင့် ၂ မှာ ရပ်တည်ကေနနိုင်တာပါ။ ဒါပေမယ့် ဗိုလ်စွဲမှုမှာသာ အဆင့် ၁ နေရာက Honda ထက် နိမ့်နေပေမယ့် နောက်ဆုံး အဆင့်ထိ တက်လှမ်းနိုင်မှု အပိုင်းမှာတော့ Honda ထက်တောင် အသာရ အောင်မြင်မှု များတာ တွေ့ရပါတယ်။
(၁) ဟွန်ဒါ (Honda) ။ ။ ၂၅၅ ကြိမ်ထိ အကြိမ်အများဆုံး ဗိုလ်စွဲထားတဲ့ ဂျပန် အခြေစိုက်ကုမ္ပဏီ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ပထမဆုံး ပြိုင်ပွဲဝင်တဲ့ ဂျပန် အခြေစိုက် ဆိုင်ကယ် ကုမ္ပဏီလည်း ဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ်မှာ ပြိုင်ပွဲဝင်တယ်၊ ၁၉၆၁ မှာ ပထမဆုံး နိုင်ပွဲ စရတယ်။ ၁၉၈၀ နဲ့ ၁၉၉၀ တွေဟာ Honda ရဲ့ အောင်မြင်မှု အများဆုံး နှစ်တွေ ဖြစ်ပြီး မောင်းသမား ဂျိုယေးဒန်းလော့ပ် (Joey Dunlop) လည်း ချန်ပီယံဆု များစွာ ရခဲ့တာပါ။ လက်ရှိမှာတော့ TT မှာ ပြိုင်ပွဲဝင်နေတဲ့ Honda ရဲ့ မော်ဒယ်တွေကို John McGuinners က မောင်းနေပြီး အောင်မြင်မှုတွေ ဆက်လက်ထိန်းထား နိုင်တာ တွေ့ရပါတယ်။
Ref: www.visordown.com