ပြီးခဲ့တဲ့ ရက်ပိုင်းက အမေရိကန် နိုင်ငံ၊ နယူးယောက်မှာ ကျင်းပသွားခဲ့တဲ့ နယူးကားပြပွဲမှာ Maserati ကား ကုမ္ပဏီက သူ့ရဲ့ ပထမဆုံး SUV မော်ဒယ်ရဲ့ နောက်ဆက်တွဲ Levante ရဲ့ နောက်ဆက်တွဲ စွမ်းဆောင်ရည်မြှင့်ထားတဲ့ Levante Trofeo မော်ဒယ်ကို မိတ်ဆက်သွားခဲ့တာ တွေ့ရပါတယ်။
ဒီမော်ဒယ်က အရေအတွက် အကန့်အသတ်နဲ့ပဲ ထုတ်လုပ် ရောင်းချမယ့် မော်ဒယ် ဖြစ်ပြီး ထူးခြားချက် တခု ပါရှိနေတာ လည်း တွေ့ရပါတယ်။ အဲဒါကတော့ အင်ဂျင်စနစ်ပါပဲ။ တကယ်ဆိုရင် Maserati ဆိုတာ ကားလောကမှာ ဇိမ်ခံ မော်ဒယ် ကောင်းကောင်း၊ စွမ်းဆောင်ရည်မြင့် မော်ဒယ် ကောင်းကောင်း ထုတ်လုပ်နိုင်ပါတယ်။ ဒါပေမယ့် သူ့ထက် ပိုပြီး အင်ဂျင် ကောင်းကောင်း ဖန်တီးနိုင်တဲ့ နာမည်ကျော် Supercar ထုတ် ကုမ္ပဏီ Ferrari ကနေ ထုတ်လုပ်ထားတဲ့ အင်ဂျင်ကို အဲဒီ မော်ဒယ်သစ်မှာ တပ်ဆင်ထားလို့ပါ။
Maserati ရဲ့ မိတ်ဆက်မှု အရ အခု အင်ဂျင်စနစ်က ၃ ဒသမ ၈ လီတာသုံး အရွယ် ဖြစ်ပြီးတော့ V8 အင်ဂျင် အမျိုးအစား ဖြစ်ပါတယ်။ Twin-turbo စနစ်ကို စွမ်းအင် ထုတ်လုပ်မှု အားကောင်းဖို့ အကူအဖြစ် အားဖြည့်ထားတာလည်း တွေ့ရ ပါတယ်။ အင်ဂျင်ကို Ferrariကနေ အခု မော်ဒယ်သစ် အတွက် သီးသန့် ထုတ်လုပ်ပေးထားတာ ဖြစ်တယ်လို့ ဆိုပြီး စွမ်းအင် မြင်းကောင်ရေ ၅၉၀ အားထိ ထုတ်လုပ်ပေးနိုင်မှာ ဖြစ်တယ် လို့ သိရပါတယ်။
မိတ်ဆက်ပွဲမှာ Maserati ရဲ့ CEO ဖြစ်သူ Tim Kuniskis က Ferrari ရဲ့ အင်ဂျင်တွေဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး အင်ဂျင်တွေပါ လို့ ထည့်သွင်း ပြောဆို မိတ်ဆက်သွားပါသေးတယ်။ မိတ်ဆက်မှု အရ မော်ဒယ် အနေနဲ့ အမြန်နှုန်း မြှင့်တင် မောင်းနှင်နိုင်မှု အပိုင်းမှာ တနာရီ မိုင် ၆၀ နှုန်းကို အချိန် ၃ ဒသမ ၇ စက္ကန့်နဲ့ ရောက်အောင် မောင်းနှင်နိုင်မယ် လို့ ဆိုပါတယ်။ ပြီးတော့ အမြန်ဆုံး မောင်းနှင်နိင်မှုနှုန်းကို ကြည့်မယ် ဆိုရင်လည်း အမြန်ဆုံး တနာရီ ၁၈၇ မိုင်ထိ မောင်းနှင်နိုင်မှာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် အခု မိတ်ဆက်မှု အရ Maserati က ကမ္ဘာ့အမြန်ဆုံး SUV မော်ဒယ်ကို ထုတ်လုပ်ချင်နေတာ သိသာပေမယ့် လက်ရှိ ဈေးကွက်ထဲမှာ ရနိုင်နေတဲ့ နာမည်ကြီး Lamborghini Urus, Porsche Cayenne Turbo S, Range Rover Sport SVR နဲ့ Bentley Bentayga လို မော်ဒယ်တွေလောက်တော့ မမြန်သေးတာလည်း ဖြစ်ပါတယ်။ ပြောရရင် Trofeo နဲ့ စာရင် ပြိုင်ဘက် မော်ဒယ်တွေရဲ့ စွမ်းဆောင်ရည်က တနာရီ မိုင် ၆၀ နှုန်း အတွက် အချိန် ၃ ဒသမ ၅ စက္ကန့် ဝန်းကျင်လောက်ပဲ ပေးနေရတာလည်း ဖြစ်လို့ပါ။
ဒီလို အခြား ပြိုင်ဘက် မော်ဒယ်တွေနဲ့ စာရင် နည်းနည်း နှေးနေပေမယ့် အင်ဂျင်ကို ရေရှည်မှာ စိတ်ချရအောင် ဖန်တီးထား ကြောင်းနဲ့ မော်ဒယ်ကို ဥရောပမှာတောင် ရောင်းချမှာ မဟုတ်ပဲ အမေရိကန်နဲ့ ကနေဒါတွေမှာပဲ အဓိက ရောင်းချသွားမှာလို့ ဆိုပါသေးတယ်။ အာရှနဲ့ ဥရောပ ဈေးကွက်တွေမှာ နာမည်ကျော် Lexus, VW, Audi နဲ့ အခြား အမှတ်တံဆိပ်ပေါင်း များစွာက ဈေးကွက်မှာ လွှမ်းမိုးထားပြီး ဖြစ်နေတာကြောင့် အမေရိကန်နဲ့ ကနေဒါမှာပဲ လူူကြိုက်များ အောင်မြင်ချင်တယ် လို့ ဆိုပါတယ်။
ဘီးတွေက ၂၂ လက်မ အရွယ်ထိ ကြီးမားတယ်၊ ကာဗွန်ဖိုင်ဘာသား ကိုယ်ထည်ဦးစားပေး ဖန်တီးမှုကို တွေ့ရမယ်၊ အတွင်းခန်းက Levante နဲ့တောင် မတူတဲ့ အပြင်အဆင် ဖြစ်မယ်။ အတွင်းခန်းမှာ အသံစနစ်ကို Bower & Wilkins ကို သုံးထားပြီး စပီကာ ၁၇ လုံးထိ ထိုင်ထားမယ်။
လမ်းကျဉ်း အချက်ပြစနစ်တွေ၊ ရှေ့ဘက်၊ နောက်ဘက် ယာဉ်လမ်းကြောင်း အခြေအနေပြစနစ်တွေ၊ မျက်ကွယ် လမ်းကြောင်း အခြေအနေပြစနစ်တွေ၊ နောက်ဘက်ရော ပတ်လည် ရိုက်ကူးရေး ကင်မရာစနစ်တွေပါ အစုံ ပါရှိမှာ ဖြစ်ပြီး မော်ဒယ်ကို အခုထိအောင် ဈေးနှုန်း ထည့်သွင်း မိတ်ဆက်သွားခြင်း မရှိသေးပါဘူး။
ဒါပေမယ့် အခု ဧပြီ လကုန်ပိုင်းကနေ စတင်ပြီး အမှာစာတွေ လက်ခံပြီး ထုတ်လုပ်ရောင်းချသွားဖို့ ပြင်ဆင်ထားတယ် လို့ ဆိုပါတယ်။ ဒါအပြင် အခု မော်ဒယ်ကို လာမယ့်နှစ် အတွင်း ကမ္ဘာ့အမြန်ဆုံး SUV မော်ဒယ် ဖြစ်လာမယ့် Maserati အနေနဲ့ Ferrari နဲ့ ပူးပေါင်းပြီး အဆင့်မြှင့်တင် ထုတ်လုပ်ရောင်းချမှုတွေ ဆက်လက် လုပ်ဆောင်သွားဖို့ ရှိတယ် လို့လည်း ဆိုပါတယ်။
Ref: www.edmunds.com