ဆိုင်ကယ်နဲ့ ပတ်သက်လာရင် အမေရိကန်မှာ ဟာလေးဒဗီဆင် (Harley Davidson) က ဆရာကျတယ် လို့ ဆိုသလို ဥရောပမှာ ဆိုရင်လည်း ဒူကာတီ (Ducati) က ဒေသခံလည်း ဖြစ်သလို လူကြိုက်အများဆုံး အမှတ်တံဆိပ်လည်း ဖြစ်ပါတယ်။ အခု ပြောမယ့် Ducati 1098S မော်ဒယ်က Ducati ထုတ် မော်ဒယ်တွေထဲမှာ အမြန်ဆုံး၊ ထုတ်လုပ်မှု ကာလ တိုတောင်းပေမယ့် ရောင်းအား အကောင်းဆုံး မော်ဒယ် လည်း ဖြစ်ပါတယ်။ အထူးသဖြင့်တော့ အင်ဂျင်စနစ် စွမ်းဆောင်ရည်ကောင်းမွန်မှု ဆိုတာထက် Ducati ရဲ့ နည်းပညာ အားသာချက်က မော်ဒယ်ကို အလေးချိန် ပေ့ါပါးအောင် ဖန်တီးနိုင်မှု ဖြစ်ပြီး တာထွက် ကောင်းကောင်းနဲ့ ဆိုင်ကယ်တွေ ရောင်းချာလာနိုင်ခြင်းပါ။
အင်ဂျင်စနစ်က ၁၀၉၉ စီစီသုံး အင်ဂျင်ကို တပ်ဆင်ထားပါတယ်။ L-Twin အင်ဂျင် အမျိုးအစား ဖြစ်ပြီး Marelli ကနေ ဖန်တီးပေးထားတဲ့ ဆီထိုးသွင်း စနစ်ကို သုံးထားပါတယ်။ ဂီယာပိုင်းက ၆ ချက်သုံး ဖြစ်ပြီး Clutch စနစ်ကို ပိုမို မြန်ဆန် ပေါ့ပါးအောင် ဟိုက်ဒရောလစ် စနစ်ပါ ကူထားပါတယ်။ ထုတ်လုပ်မှု ကာလ တလျှေက် အမြန်ဆုံး မောင်းနှင်နိုင်တဲ့ မော်ဒယ်ရဲ့ အင်ဂျင်က စွမ်းအင် မြင်းကောင်ရေ ၁၆၀ အားထိ ထုတ်လုပ်ပေးနိုင်သလို အမြန်ဆုံး မောင်းနှင်နိုင်မှု အနေနဲ့ တနာရီ ၁၆၉ မိုင်ထိအောင် ရောက်ပါတယ်။ အမြန်နှုန်း မြှင့်တင်မောင်းနှင်မှု ဆိုရင်လည်း တနာရီ ကီလိုမီတာ ၁၀၀ (၆၂ မိုင်) နှုန်းကို အချိန် ၃ ဒသမ ၂ စက္ကန့်နဲ့ ရောက်ပါတယ်။
မော်ဒယ်ကို ၂၀၀၇ ခုနှစ်ကနေ ၂၀၀၉ ခုနှစ် အတွင်း စုစုပေါင်း ၃ နှစ်ပဲ ထုတ်လုပ်ခဲ့ပါတယ်။ 1098 မော်ဒယ် အနေနဲ့ မော်ဒယ်ခွဲ ၃ မျိုး ရနိုင်ပြီး 1098, 1098S နဲ့ 1098R တွေ ဖြစ်ပါတယ်။ ဒီမော်ဒယ်ခွဲတွေထဲမှာ 1098S က အမြန်ဆုံး မော်ဒယ် ဖြစ်လာတာပါ။ သိရသလောက်ကတော့ ဈေးကွက်မှာလည်း ရောင်းအား ကောင်းတယ်၊ ကုမ္ပဏီထုတ် မော်ဒယ်တွေ ထဲမှာလည်း အမြန်ဆုံး ဖြစ်ပေမယ့် Ducati က သူ့ရဲ့ မော်ဒယ်ကို အရေအတွက် အကန့်အသတ်နဲ့ပဲ ထုတ်လုပ်ချင်လို့ အခုလို ၃ နှစ်ပဲ ထုတ်ပြီး ဆက်မရောင်းတော့တာလို့ ဆိုပါတယ်။
Ducati က မော်ဒယ်ကို အနက်၊ အနီ၊ အဝါအဖြစ် အရောင် ၃ ရောင်ပဲ ရောင်းချသလို အခု ပြောနေတဲ့ 1098S မှာ ဆိုရင် Ducati ရဲ့ မိခင်နိုင်ငံ အီတလီရဲ့ အလံအတိုင်း အနီ၊ အဖြူနဲ့ အစိမ်း ၃ ရောင်စပ် မော်ဒယ်ကို အထူးထုတ် မော်ဒယ် အဖြစ် ရနိုင်အောင် ရောင်းချတာ တွေ့ရပါသေးတယ်။ ဒီလို အမြန်ဆုံး မော်ဒယ်၊ လိုချင်သလောက် မရနိုင်တဲ့ မော်ဒယ်၊ အရည်အသွေးကောင်း မော်ဒယ်က Super test World Association ကနေပေးအပ်တဲ့ ၂၀၀၈ ခုနှစ်ရဲ့ တနှစ်တာ အကောင်းဆုံး ဆိုင်ကယ်ဆုကိုရတယ်၊ ၂၀၀၇ နဲ့ ၂၀၀၈ တွေ အတွက် ဆိုင်ကယ် ဂျာနယ်လစ်တွေက ပေးအပ်တဲ့ တနှစ်တာ အကောင်းဆုံး ဆုတွေကို ၂ နှစ်ဆက်တိုက် ရတယ်။
ဥရောပ ဆိုင်ကယ်ဂျာနယ်လစ်တွေကနေ ပေးအပ်တဲ့ အကောင်းဆုံး ဆိုင်ကယ် ဒီဇိုင်းဆုလည်း ရတယ်။ Motorcycle Design Association ကနေ ပေးအပ်တဲ့ အကောင်းဆုံး ဒီဇိုင်းဆုရော အကောင်းဆုံး Sportbike ဆုပါ ရတယ်။ နာမည်ကျော် သြစတြေးလျ ဆိုင်ကယ် မဂ္ဂဇင်း AMN၊ ဥရောပ ထိပ်သီး Moto မဂ္ဂဇင်း၊ Motorrad တွေက ပေးတဲ့ ၂၀၀၇ ခုနှစ် တနှစ်တာ အကောင်းဆုံး ဆိုင်ကယ်ဆုတွေ၊ ကမ္ဘာ့ နံပါတ် ၁ ဆိုင်ကယ် မဂ္ဂဇင်းလို့ သတ်မှတ်နိုင်တဲ့ Cycle World ကနေ ပေးအပ်တဲ့ ၂၀၀၈ ခုနှစ် အတွက် တနှစ်တာ အကောင်းဆုံး Sportbile ဆုတွေပါ ရထားပါတယ်။
မော်ဒယ်ရဲ့ ကိုယ်ထည် အထိုင်က သံမဏိသားပါ။ ၂၄ ဒသမ ၅ ဒီဂရီထိ အများဆုံး တိမ်းစောင်း စီးနင်းနိုင်ပါတယ်။ မော်ဒယ်မှာ ကမ္ဘာ့အဆင့် တပ်ဆင်မှု တခု ပါရှိပါသေးတယ်။ အဲဒါကတော့ Suspension စနစ်ပါ။ ရှေ့ဘက်စနစ်က စိတ်ကြိုက် အနိမ့်၊ အမြင့် ချိန်နိုင်မယ့် ၁ ဒသမ ၇ လက်မ အဝန်း အရွယ်ရှိ TiN စနစ်ပါ။ နောက်ဘက်က Single Swing arm အထိုင်နဲ့ ဖြစ်ပြီး အလူမီနီယံသားကို သုံးထားတာပါ။
ဘီးတွေက အရွယ်တူ ၁၇ လက်မ အရွယ် ရှိပြီး ရှေ့တာယာ 120/70 အရွယ်ကို တပ်ဆင်ထားတယ်၊ နောက်ဘီးကတော့ မျက်နှာပြင် ပိုကျယ်ထားပြီး 190/55 အရွယ်ကို ထည့်ထားပါတယ်။ ဆီတိုင်ကီက ၁၅ ဒသမ ၅လီတာ (၃ ဒသမ ၈ ဂါလံ) ထိအောင် ဆံ့ပါတယ်။ မော်ဒယ်က အင်ဂျင်ဝိုင်နဲ့ ဆီတွေ မပါသေးပဲ အလေးချိန် ၁၇၁ ကီလို လေးပါတယ်။ ဆီနဲ့ ဆိုရင်တော့ ၁၉၉ ကီလို လေးမှာပါ။
ထိုင်ခုံက မြေပြင်ကနေ ၃၂ ဒသမ ၃ လက်မ အမြင့်မှာပါ။ မော်ဒယ်ကို ၂၀၀၈ ခုနှစ် နောက်ဆုံးထုတ် မော်ဒယ် အထိ ဒေါ်လာ ၂၀၉၉၅ နဲ့ ရောင်းချခဲ့လို့ ပျမ်းမျှ ဒေါ်လာဈေး ၁၃၅၀ လောက်နဲ့ ပြန်တွက်ရင် ပြည်တွင်းမှာ ဈေးနှုန်း သိန်း ၂၈၀ ဝန်းကျင်လောက် ရှိမှာပါ။
Ducati 1098S ကို လက်ရှိ ဆက်လက် ထုတ်လုပ်ရောင်းချခြင်း မရှိတော့ပဲ အရေအတွက် အနည်းငယ်သာ ရောင်းချထားလို့ သိရသလောက် စုဆောင်းထားသူတွေ လက်ထဲမှာ ဈေးနှုန်းတက်နေပြီး Cycle World ရဲ့ သတင်းတခု အရဆိုရင် ထုတ်လုပ်ရောင်းချချိန်က ဈေးနှုန်းထက် ၂ ဆလောက် ပိုပြီး တန်နေပြီလို့ ဆိုပါတယ်။
Ref: www.themysteriousworld.com