ပုံမှန် ဆိုရင် Dual Purpose တန်းဝင် ဆိုင်ကယ် မော်ဒယ်တွေက အင်ဂျင် ကြီးတယ်၊ အထူးသဖြင့် Suzuki ရဲ့ မော်ဒယ်က ပြိုင်ပွဲဝင် အနေအထားထိ သုံးနိုင်အောင် ထုတ်လုပ်ထားတာပါ။ ဒီမော်ဒယ်နဲ့လည်း လမ်းကြမ်းမောင်း ပြိုင်ပွဲ အများစုမှာ အနိုင်ရထားတာ တွေ့ရပါတယ်။
ဒါပေမယ့် ဒီလို အင်ဂျင် အကြီးစားတွေက ပြိုင်ပွဲတွေမှာ အဆင်ပြေမယ့် ပုံမှန် လမ်းကြောင်းမှာ စီးနင်းချင်သူတွေ အတွက်ကတော့ အင်ဂျင်ကြီးတာနဲ့ အမျှ ဆီစားလည်း များမယ်၊ ထုတ်လုပ်စရိတ်လည်း များလို့ ဈေးလည်းကြီးတယ်၊ ဒီတော့ လူတိုင်း မစီးနိုင်တော့ဘူး ပေါ့။
ဒါကြောင့် အခုနှစ် ၂၀၁၈ မှာ Suzuki ကနေ အင်ဂျင် အသေးစားလေးနဲ့ RM-Z 250 မော်ဒယ်ကို ရောင်းချလာတာပါ။ ဈေးနှုန်းကလည်း ဒေါ်လာ ၇၇၅၀ ပဲ ရှိတာ တွေ့ရပါတယ်။
အင်ဂျင်က ၂၅၀ စီစီ ရှိပြီး 4 Stroke အင်ဂျင်စနစ်၊ အရင်က Yamaha မော်ဒယ်တွေမှာလို 2 Stroke မဟုတ်ဘူး။ 2Tလည်း ထည့်စရာ မလိုဘူး။ ရလဒ်က မီးခိုးလည်း မထွက်တော့ဘူး။ အင်ဂျင်သံလည်း အရမ်း ငြိမ်သွားတယ်။ သဘောကျစရာပါ။
အင်ဂျင် အအေးခံစနစ်က အရည်သုံး စနစ်ပါ။ ရေတိုင်ကီနဲ့ပေါ့။ တလုံးထိုး အင်ဂျင်ပါ။ အင်ဂျင် စက်နှိုးရမှု အပိုင်းမှာ အားနည်းချက် တခု တွေ့ရပါတယ်။ အဲဒါကတော့ ပုံမှန် လျှပ်စစ်မော်တာနဲ့ ဘက်ထရီကို သုံးပြီး Start ခလုတ်ကနေ စက်နှိုးလို့ မရတာပဲ ဖြစ်ပါတယ်။ Kick ကနေပဲ စက်နှိုးလို့ ရပါတယ်။ တကယ်တမ်း ဆိုင်ကယ်ရဲ့ အရသာ အမှန်ကို စီးနင်းချင်သူတွေ အတွက်ကတော့ အခုလို Kick နဲ့ သွားတာ ပိုကြိုက်ကြပေမယ့် ခေတ်မီအောင် Start လေးနဲ့ပါ လာရင် ပိုကောင်းမယ် လို့ ထင်မိတာပါ။ ဂီယာပိုင်းကတော့ ၅ ချက်ပါ။ Sport နဲ့ Cruiser တွေ မဟုတ်လို့ ၆ ချက် အဖြစ် ဖန်တီးထားတာ မတွေ့ရပါဘူး။ ဒါပေမယ့် အဆင်ပြေပါတယ်။ Manual နဲ့ သွားပါတယ်။
ဘီးတွေက ရှေ့ဘီး ၂၁ လက်မနဲ့ နောက်ဘီးက ၁၉ လက်မပါ။ ရှေ့ဘီးကို လမ်းကြမ်းမှာ စိတ်ကြိုက် မောင်းနိုင်အောင် အရွယ်ကြီထားတာ ဖြစ်ပြီး တာယာကတော့ MX52 80/100 အရွယ်ကို ထည့်ထားပါတယ်။ နောက်ဘီးကတော့ အရွယ်ငယ် ပေမယ့် ပုံမှန် အတိုင်း မျက်နှာပြင် ပိုကြီးပြီး MX52 100/90 အရွယ်ကို သုံးထားတာ တွေ့ရပါတယ်။ ဘရိတ်ပိုင်းကတော့ ဟိုက်ဒရောလစ် အထိုင်တွေနဲ့ပဲ ဖြစ်ပြီး ဘရိတ်စနစ်က ပြိုင်ပွဲဝင် မော်ဒယ်တွေက စနစ်ကို သုံးထားတယ် လို့ ဆိုပါတယ်။
Suspension စနစ်မှာတော့ ရှေ့ဘက်မှာ Inverted Fork ကို ထိုင်ထားတယ်၊ နောက်ဘက်မှာတော့ Twin Sided Swing Arm ကို ထိုင်ထားပါတယ်။ နောက်ဘက်မှာ ပုံမှန် Single ထိုင်နေရာကနေ Double ထိုင်ထားတာက တခုက မြန်နှုန်းမြင့် မောင်းနှင်မှုတွေမှာ ပိုမို တည်ငြိမ်မှု ပေးလာနိုင်တာပါ။ ထိုင်ခုံက မြေပြင်ကနေ ၃၇ ဒသမ ၆ လက်မ အမြင့်မှာ ရှိပါတယ်။ အရပ် နည်းနည်းပုနေသူတွေ အတွက်တော့ နည်းနည်း စဉ်းစားစရာပါ။ ဒါပေမယ့် Dual Purpose စီးမယ် ဆိုကတည်းက အရပ်အမောင်း ကောင်းကောင်းနဲ့ ဆရာကြီးတွေပဲ စဉ်းစားမှာ ဖြစ်လို့ အဆင်ပြေပါလိမ့်မယ်။
တပ်ဆင် ဆီတိုင်ကီက ၁ ဒသမ ၇ ဂါလံထိ ဆံ့ပါတယ်။ ဆီ တလီတာကို ၁၆ မိုင်လောက် စီးနင်းနိုင်မယ် ဆိုတော့ ၁ ဂါလံကို မိုင် ၆၀ ကျော်လောက် ရောကနိုင်မှာပါ။ ဂျပန်ကနေပဲ ထုတ်လုပ်တယ် လို့ သိရပြီး တခြား စက်ရုံခွဲတွေမှာ ထုတ်လုပ်မှု မရှိဘူးလို့ သိရတာကြောင့် အရည်အသွေးပိုင်းလည်း စိတ်ချရမှာပါ။
မော်ဒယ်က အလေးချိန် ၂၃၄ ပေါင်ပဲ လေးပါတယ်။ ပေါ့ပါတယ်။ အင်ဂျင်လည်း အနေတော်တယ်။ ဒီဇိုင်းကတော့ အလှဆုံး ပါပဲ။ ဆီစားလည်း သင့်လို့ လမ်းကြမ်းမောင်း မော်ဒယ်ကို အလှအနေနဲ့ပဲ ဖြစ်ဖြစ်၊ ဝါသနာပါလို့ ခမ်းကြမ်းကြမ်း စီးချင်တယ် ဆိုရင်တောင် ရွေးချယ်ဖို့ ကောင်းတဲ့ မော်ဒယ် လို့ ညွှန်းချင်ပါတယ်။
ဈေးနှုန်းကလည်း ၇၇၅၀ ဒေါ်လာ ဖြစ်လို့ မြန်မာငွေနဲ့ ဆိုရင် ကျပ် ၁၀၄ သိန်း ဝန်းကျင်ပဲ ရှိမှာပါ။ အခုနှစ် အတွက် အကောင်းဆုံး ဖြစ်မယ့် အင်ဂျင် အသေးစားတပ် Dual Purpose မော်ဒယ်လို့တောင် ဆိုချင်ပါတယ်။
Ref: www.dirtrider.com