ပုံမှန် ဆိုရင် Suzuki ထုတ် ဆိုင်ကယ် မော်ဒယ် အများစုက Dual-purpose တွေ၊ လမ်းကြမ်းစစ်စစ် မော်ဒယ် ကောင်းကောင်းတွေကို ထုတ်လုပ်နိုင်မှု များတယ်၊ Sportbike ဆိုရင် Kawasaki နဲ့ Honda တို့က ပိုပြီး လူကြိုက်များ ပေမယ့် အခုနှစ် အတွက်တော့ Suzuki ကလည်း Sport bike လောကထဲ မော်ဒယ်သစ် တခု ရောင်းချလာပါပြီ။ GSX-R1000R ပါ။
မော်ဒယ်က အင်ဂျင် အကြီးစားကို တပ်ဆင်ထားတယ်၊ ၁၀၀၀ စီစီသုံး အင်ဂျင်၊ ပြည်တွင်းမှာ ခွေးဘီဘူးလို့ ခေါ်တဲ့ Hijet ကားလေးတွေရဲ့ အင်ဂျင်ထက် ၁ ဆခွဲလောက် ပိုကြီးတယ်၊ Suzuki Carry ရဲ့ အင်ဂျင်နဲ့မှ ရွယ်တူ၊ ပြောရရင် ကားလေး အင်ဂျင်လောက် အရွယ်ကို တပ်ဆင်ထားတာ၊ ပြိုင်ပွဲတွေမှာ သုံးဖို့ရော ပုံမှန် လမ်းကြောင်းမှာပါ စတိုင်ကျကျ စီးချင်သူတွေ အတွက် ထုတ်လုပ်လာခြင်းပါ။
အင်ဂျင်ကို အအေးခံစနစ်က အရည်သုံး ပုံစံ၊ အင်ဂျင်ကို လျှပ်စစ်မော်တာ အကူအညီနဲ့ ခလုတ်နှိပ်ပြီး နှိုးနိုင်တယ်၊ ဂီယာပိုင်းမှာ ၆ ချက်၊ ခရီးဝေး မောင်းနှင်မှုတွေ အတွက်ပါ အဆင်ပြေစေတယ်။ ပထမ ဂီယာ ၁-၂-၃ တွေက ဂီယာချက် စိပ်အောင် ဖန်တီးထားပြီး ကလပ်နဲ့သာ အသားကျသွားရင် အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းမှာ တန်းတူ မော်ဒယ် တွေထက် ပိုမြန်အောင် မောင်းနှင်နိုင်ပါလိမ့်မယ်၊ အထ ကောင်းအောင် ဖန်တီးထားပြီး စမ်းသပ်မောင်းနှင်မှုတွေ အရတော့ တနာရီ ကီလို ၈၀ (မိုင် ၅၀) နှုန်းကို အချိန် ၃ စက္ကန့် ဝန်းကျင်နဲ့ ရောက်အောင် မောင်းနှင်နိုင်မယ်လို့ ဆိုပါတယ်။
ဘီးတွေကတော့ ရွယ်တူ ဖြစ်ပြီး ရှေ့ရော နောက်ပါ ၁၇ လက်မ အရွယ်ပါ။ ရှေ့တာယာကို RS10 120/70 အရွယ် တပ်ဆင်ထားပြီး နောက်ဘက် တာယာကတော့ မျက်နှာပိုကျယ်ထားပြီး RS10 190/55 ဖြစ်ပါတယ်။ ဘရိတ်ပိုင်းမှာ ရှေ့ဘရိတ်က ၃၂၀ မီလီ အရွယ် ဟိုက်ဒရောလစ် ဖိအားပေးစနစ်နဲ့ ဖြစ်ပြီး ထူးခြားချက်က ဘရိတ်ဖမ်း စနစ်က Dual ပုံစံ နှစ်ဖက်ထိန်း စနစ်နဲ့ ဖြစ်ပါတယ်။ ဒီလို ဘရိတ်အထိုင်က ဈေးကွက် အတွင်း အကောင်းဆုံးနဲ့ တန်ဖိုးကြီး မော်ဒယ်တွေမှာပဲ ထိုင်တတ်တဲ့ စနစ် ဖြစ်ပါတယ်။ နောက် ဘရိတ်ကတော့ ဟိုက်ဒရောလစ်စနစ်နဲ့ပဲ ဖြစ်ပေမယ့် တဖက်ထိန်း အထိုင် ဖြစ်သွားပါတယ်။
Suspension ပိုင်းမှာ ရှေ့ဘက်က Inverted Fork ကို ထိုင်ထားတယ်။ အနိမ့်၊ အမြင့် ချိန်ညှိနိုင်မှု မရှိပဲ တည်ငြိမ်မှု ဦးစားပေး ပုံစံ အထိုင်ပါ။ နောက်ဘက် စနစ်ကတော့ အနိမ့်၊ အမြင့်ကို စိတ်ကြိုက်ချိန်နိုင်မှာပါ။ Swing Arm တွေကို နှစ်ချောင်းထောက် ပုံစံ ထိုင်ထားပါတယ်။ အရင်က Single Fork ပုံစံ ထိုင်နေရင်းကနေ အခုတော့ Twin Sided တွေ ဖြစ်လာခြင်းက မြန်နှုန်းမြင့် မောင်းနှင်နေချိန်တွေမှာ မော်ဒယ်ကို ပိုမို တည်ငြိမ်မှု ရှိစေတာကြောင့် ဖြစ်ပါတယ်။
တပ်ဆင် ဆီတိုင်ကီက ၄ ဒသမ ၂ ဂါလံထိ ဆံ့မှာပါ။ ဆီတဂါလံကို မိုင် ၅၀ ဝန်းကျင်လောက်ထိ စီးနင်းနိုင်မှာ ဖြစ်လို့ တိုင်ကီ အရွယ်အစားအရ ခရီးဝေး မောင်းနှင်နိုင်မှု အားကောင်းမှာပါ။ ဂျပန်မှာပဲ တပ်ဆင် ထုတ်လုပ်ခြင်း ဖြစ်ပြီး မော်ဒယ်က အလေးချိန် ၄၄၈ ပေါင် ရှိပါမယ်။ Sportbike ထဲမှာ အလေးချိန် အသင့် အနေအထားပါပဲ။
ထိုင်ခုံက မြေပြင်ကနေ ၃၃ လက်မမှာ ရှိပါမယ်။ နောက်bက် Suspension အထိုင်ကို မြှင့်တင်မှုက ထိုင်ခုံကို အနည်းငယ် မြင့်စေ၊ နိမ့်စေနိုင်ပါတယ်။ ဒါကတော့ ကိုယ့်စိတ်ကြိုက် ချိန်ညှိစီးနိုင်မှာပါ။ မော်ဒယ်ကို နိုင်ငံတကာ ဈေးကွက်မှာ ဒေါ်လာ ၁၇၂၀၀ နဲ့ ရောင်းချနေတာ တွေ့ရပြီး မြန်မာ ကျပ်ငွေနဲ့ ဆိုရင်တော့ သိန်း ၂၃၀ ဝန်းကျင်လောက် ရှိမှာပါ။
အင်ဂျင် အရွယ်တူ မော်ဒယ်တွေနဲ့ စာရင်တော့ စွမ်းဆောင်ရည် အတူတူ၊ ဈေးနှုန်း နည်းနည်း ပိုချိုတယ်၊ ဒီဇိုင်းပိုင်း သေသပ်တယ်၊ Suspension စနစ်က သဘောကျစရာ ကောင်းလို့ အလှစီး သမားတွေ အတွက်ရော ဆိုင်ကယ် နှစ်သက် သူတွေ အတွက်ပါ ရွေးချယ်ဖို့ ကောင်းမယ့် မော်ဒယ်သစ်ပါပဲ။
Ref: www.cycleworld.com