Hayabusa ဆိုတာ Suzuki ထုတ် မော်ဒယ်တွေထဲမှာ အမြန်ဆုံး ဆိုင်ကယ် မော်ဒယ် အဖြစ်နဲ့ မှတ်တမ်းဝင်နေတာပါ။ ပြိုင်ပွဲဝင် မော်ဒယ်လည်း ထုတ်လုပ်တယ်၊ ပုံမှန် လမ်းကြောင်းမောင်း မော်ဒယ် အနေနဲ့လည်း ရောင်းတယ်၊ ထုတ်လုပ်မှု သက်တမ်း အတွက် ကမ္ဘာ့အမြန်ဆုံး မော်ဒယ် အဖြစ်တောင် မှတ်တမ်းဝင်ဖူးထားတာ တွေ့ရပါတယ်။ ဒါပေမယ့် အခု မိတ်ဆက်ပေးမယ့် ပုံမှန် လမ်းကြောင်းမောင်း မော်ဒယ်တွေကတော့ မတော်တဆမှု ဖြစ်နိုင်ခြေတွေ အတွက် အင်ဂျင်ပိုင်း စွမ်းဆောင်ရည် လျော့ထားလို့ အမြန်ဆုံး မော်ဒယ် အဖြစ်တော့ ရှိနေမှာ မဟုတ်ပါဘူး။
အခုနှစ် မော်ဒယ်က ၈၁ မီလီ အရွယ် Bore ကို သုံးထားတယ်၊ အင်ဂျင်ကို အအေးခံဖို့ အရည်သုံး စနစ်နဲ့ ဖန်တီးထားတယ်၊ တပ်ဆင် အင်ဂျင် အရွယ်က ၁ ဒသမ ၃၅ လီတာ အရွယ်တောင် ရှိပါတယ်။ ပြည်တွင်းမှာ လူကြိုက်မျးတဲ့ အိမ်စီးကားလေး တွေရဲ့ အင်ဂျင် အရွယ်ပဲ ဖြစ်ပါတယ်။ အင်ဂျင်ကို လျှပ်စစ် မော်တာ အကူနဲ့ ခလုတ်နှိပ် စက်နှိုးနိုင်မှာပါ။
ဂီယာပိုင်းမှာတော့ ၆ ချက်သုံး Manual ဂီယာစနစ်ကို သုံးထားပြီး ကလပ်ပိုင်းမှာ မြန်ဆန်အောင် ဟိုက်ဒရောဖိအားပေး စနစ်ကို အားဖြည့် ထည့်သွင်းထားလို့ ဂီယာချက် တချက်ကနေ တချက် ပြောင်းလဲ မောင်းနှင်နိုင်မှု ကောင်းမွန်ပါတယ်။ အထူးသဖြင့် ဂီယာချက် ၁-၂-၃ တွေမှာ ဂီယာအချိုး စိပ်စိပ်နဲ့ တာထွက်ကောင်းအောင် ဖန်တီးထားတာပါ။ ဒါကြောင့်လည်း မော်ဒယ်က တနာရီ ကီလို ၈၀ နှုန်းကို အချိန် ၃ စက္ကန့် ဝန်းကျင်နဲ့တင် ရောက်အောင် မောင်းနှင်နိုင်မှာပါ။ ဒါဟာ ဒေါ်လာ သန်းချီ တန်တဲ့ Sport နဲ့ Supercar တွေရဲ့ စွမ်းဆောင်ရည်မျိုးလည်း ဖြစ်ပါတယ်။
ဘီးတွေက ရွယ်တူ တပ်ဆင်ထားပြီး ၁၇ လက်မပါ၊ ရှေ့ဘက် တာယာကတော့ 120/70 အရွယ်ဖြစ်ပြီး နောက် ဘက် တာယာက 190/50 အရွယ် မျက်နှာပြင် ပိုကြီးတာကို သုံးထားပါတယ်။ ကုမ္ပဏီထုတ် ဘီးတွေမှာ Bridgestone ထုတ် တာယာတွေ ထည့်ထားပြီး Suzuki ကိုယ်ထည်ကလည်း နောက်ပိုင်း တာယာ လဲသုံးရင်တောင် Bridgestone ထုတ် ရာသီစုံသုံး တာယာတွေကိုပဲ ပြန်ထည့်ဖို့ ဆိုထားပါတယ်။ အထူးသဖြင့် စွမ်းဆောင်ရည်မြင့် မော်ဒယ်ဖြစ် လို့ တာယာ အမျိုးအစား အပေါ်မှာလည်း အသားကျမှု ရှိနိုင်တာကြောင့် သေချာ ရွေးချယ် အသုံးပြုဖု့ိ လိုအပ်ပါလိမ့်မယ်။
ဘရိတ်ပိုင်းမှာက ရှေ့ဘက် ဘရိတ် အထိုင်က ၃၁၀ မီလီ အရွယ်ရှိတဲ့ ဟိုက်ဒရော စနစ်သုံး ဖိအားပေး ဘရိတ်ကို Dual ပုံစံ ဘီးရဲ့ တဖက် တချက်စီမှာ စုံထိုင်ထားပါတယ်။ နောက်ဘရိတ်ကတော့ Single အထိုင် ဖြစ်ပါတယ်။ Suspension စနစ်က ရှေ့ဘက်ကို အသေတပ်ဆင်ထားပြီး နောက်ဘက်ကတော့ အနိမ့်၊ အမြင့် ချိန်နိုင်ပါလိမ့်မယ်။ ရှေ့ဘက် အထိုင်က Inverted Frok နဲ့ လာပြီး နောက်ဖက်က Swing Arm တွေကို Dual ပုံစံ ကိုယ်ထည်ရဲ့ တဖက်စီမှာ ထိုင်ထားပါတယ်။
ထိုင်ခုံက မြေပြင်ကနေ ၃၁ ဒသမ ၇ လက်မ အမြင့်မှာ ရှိပါတယ်။ မော်ဒယ်မှာ နောက်ဘက် Suspension စနစ်ကို မြှင့်လိုက်တဲ့တိုင် ထိုင်ခုံရဲ့ အမြင့် မပြောင်းဖို့ နည်းပညာသုံး ဖန်တီးထားတာ တွေ့ရပါတယ်။ တခြား မော်ဒယ်တွေမှာတော့ Suspension စနစ်ကို မြှင့်လိုက်ရင် ထိkင်ခုံလည်း နည်းနည်း လိုက်မြင့်သွားတတ်တာပါ။ ဒါကတော့ ထူးခြားချက် ဖြစ်နေပါတယ်။
တပ်ဆင် ဆီတိုင်ကီက ၅ ဒသမ ၅ ဂါလံထိ ဆံ့ပါတယ်။ အသဲ ပုံစံ ဆီတိုင်ကီကို ဖန်တီး တပ်ဆင်ထားပြီး ထည့်သွင်းဆီ အားလုံးဟာ ကိုယ်ထည်ရဲ့ တဖက် တချက်စီကို အညီအမျှ ဝင်ရောက်သွားစေမှာပါ။ ဒီလို ဟန်ချက်ညီမှုက လက်ကိုင်ကို လွှတ်ပြီး မောင်းနှင်မှုတွေ၊ ရှေ့ဘီး၊ နောက်ဘီးထောင်ပြီး မောင်းနှင်မှုတွေကနေ မြန်နှုန်းမြင့် မောင်းနှင်နေချိန်တွေ အထိ လက်ကိုင်ကို တည်ငြိမ်မှု ပိုရှိစေမှာပါ။
ဆီတဂါလံကိုတော့ ပျမ်းမျှ မိုင် ၅၀ ဝန်းကျင် စီးနင်းနိုင်မယ် လို့ ဆိုပါတယ်။ Sportbike တန်းဝင် မော်ဒယ် ဖြစ်ပြီး မော်ဒယ်က အလေးချိန် ၅၈၆ ပေါင် လေးပါတယ်။ သံမဏိ ကိုယ်ထည် အထိုင်ကို သုံးထားလို့ မော်ဒယ်ရဲ့ အလေးချိန်က တခြား အလှစီး Sportbike တွေနဲ့ စာရင် နည်းနည်း ပိုလေးနေပါတယ်။ ဒါတောင် ဆီ ၅ ဒသမ ၅ ဂါလံ ဖြည့်လိုက်ရင် ပိုလေးဦးမှာပါ။
မော်ဒယ်က ကုမ္ပဏီရဲ့ စံချိန်တင် မော်ဒယ် ဖြစ်သလို ပြိုင်ပွဲဝင် မော်ဒယ်ကနေ စွမ်းဆောင်ရည် အနည်းငယ် လျော့ချ ဖန်တီးထားတာ ဖြစ်လို့ အလှစီးသမားတွေ၊ အပျော်စီးသမားတွေ အတွက်တော့ ရွေးချယ်ဖို့ သင့်တယ်လို့ မှတ်ချက် မပေးလိုပါ။ သို့သော် ကျွမ်းကျင် အဆင့် ဆိုင်ကယ် ကောင်းကောင်း စီးချင်သူတွေ အတွက်တော့ ရွေးချယ်ဖို့ စိတ်ကြိုက် ဖြစ်နိုင်ပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၁၄၇၀၀ (ကျပ်သိန်း ၂၀၀) ဝန်းကျင် ရှိနေတာပါ။
Ref: www.cycleworld.com