“Ford” လို့ အလွယ်တကူ ခေါ်ကြတဲ့ Ford Motor ကုမ္ပဏီကတော့ အမေရိကန်နိုင်ငံ၊ မီချီဂန်ပြည်နယ်၊ ဒတ်ထရိုက်မြို့ ဆင်ခြေဖုံး မြို့တခုဖြစ်တဲ့ Dearborn မှာ အခြေစိုက်တဲ့ အမေရိကန်ကား ကုမ္ပဏီဖြစ်ပါတယ်။
Henry Ford ဆိုတဲ့ ပုဂ္ဂိုလ်က ကုမ္ပဏီကို စတင်ထူထောင်ခဲ့ပြီး ၁၉၀၃ ခုနှစ်၊ ဇွန် ၁၆ ရက်မှာ လုပ်ငန်းတွေ စတင် လည်ပတ်ခဲ့ပါတယ်။ ကုမ္ပဏီဟာ Ford ဆိုတဲ့ နာမည်နဲ့ မော်တော်ကားတွေ၊ စီးပွားရေးလုပ်ငန်းသုံး ယာဉ်တွေ၊ Lincoln ဆိုတဲ့ နာမည်နဲ့ ဇိမ်ခံကားတွေကို ရောင်းချခဲ့ပါတယ်။ အရင်တုန်းကတော့ နောက်တွဲယာဉ်တွေ၊ မော်တော်ယာဉ် အစိတ်အပိုင်းတွေကို ထုတ်လုပ်ခဲ့ပါတယ်။
Ford ဟာ ယူကေနိုင်ငံရဲ့ Aston Martin ကုမ္ပဏီမှာ ရှယ်ယာ ၈ ရာခိုင်နှုန်းနဲ့ တရုတ်နိုင်ငံရဲ့ Jiangling Motors ကုမ္ပဏီမှာ ရှယ်ယာ ၄၉ ရာခိုင်နှုန်းပိုင်ဆိုင်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံမှာ Changan Ford, ထိုင်ဝမ်မှာ Ford Lio Ho, ထိုင်းနိုင်ငံမှာ AutoAlliance Thailand, တူရကီနိုင်ငံမှာ Ford Otosan နဲ့ ရုရှားနိုင်ငံမှာ Ford Sollers ဆိုပြီးတော့ ပူးတွဲကုမ္ပဏီတွေ ဖွင့်လှစ်ထားပါတယ်။ နယူးယောက် စတော့အိတ်ချိန်မှာလည်း စာရင်းသွင်းထားပြီး Ford မိသားစုက ထိန်းချုပ် ထားပါတယ်။
Ford ကုမ္ပဏီဟာ ကားတွေကို အရေအတွက်များများ ထုတ်လုပ်တဲ့နည်းလမ်းနဲ့ စက်မှုလုပ်ငန်းသုံး လုပ်သားအင်အား ကြီးကြီးမားမား စီမံခန့်ခွဲမှုကို ၁၉၁၄ ခုနှစ်လောက်မှာ မိတ်ဆက်ခဲ့ပါတယ်။ Ford ဟာ ယူကေ မှာဆိုရင် Jaguar နဲ့ Land Rover, ကားအမျိုးအစားတွေကို ၁၉၈၉ ခုနှစ်နဲ့ ၂၀၀၀ ပြည့်နှစ်တို့မှာ ပိုင်ဆိုင်ခဲ့ဖူးပြီး ၂၀၀၈ ခုနှစ်မှာ Tata Motors ကုမ္ပဏီကို ရောင်းချခဲ့ပါတယ်။
ဒါ့အပြင် ဆွီဒင်မော်တော်ကားထုတ်လုပ်သူ Volvo ကိုလည်း ၁၉၉၉ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ ပိုင်ဆိုင်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ Ford ကုမ္ပဏီဟာ ၁၉၃၈ ခုနှစ်ကတည်းက အမေရိကန်၊ ကနေဒါ၊ မက္ကဆီကိုနဲ့ အရှေ့အလယ်ပိုင်း တို့မှာ ဈေးကွက်ရခဲ့တဲ့ ဇိမ်ခံကားအမျိုးအစားဖြစ်တဲ့ Mercury ကို ဆက်မထုတ်တော့ပါဘူး။
၂၁ ရာစုအစပိုင်းမှာ ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်း ဖြစ်စဉ်အခါကလည်း ကုမ္ပဏီဟာ ဒေဝါလီခံရလုနီးပါး ဖြစ်ခဲ့ရပေမယ့် အမြတ်ငွေကြောင့် ပြန်လည် ရပ်တည်လာနိုင်ခဲ့ပါတယ်။ Ford ကုမ္ပဏီဟာ General Motors ပြီးရင် အမေရိကန်အခြေစိုက်ဒုတိယအကြီးမားဆုံး မော်တော်ကားထုတ်လုပ်သူဖြစ်ပြီး Toyota, VW, Hyundai-Kia နဲ့ General Motors ပြီးရင် ကမ္ဘာပေါ်မှာ ပဉ္စမမြောက် အကြီးမားဆုံး မော်တော်ကားထုတ်လုပ်သူလည်း ဖြစ်ပါတယ်။
၂၀၁၀ ခုနှစ် နှစ်ကုန်ပိုင်းမှာတော့ Ford ဟာ ဥရောပမှာ ပဉ္စမမြောက် မော်တော်ကားထုတ်လုပ်သူ ဖြစ်လာခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ Ford ဟာ မော်တော်ကား ၅ ဒဿမ ၅၃၂ သန်းကို ထုတ်လုပ်ခဲ့ပြီး ကမ္ဘာတဝန်းမှာရှိတဲ့ စက်ရုံနဲ့ အလုပ်ရုံ ၉၀ မှာ အလုပ်သမား ၂ သိန်း ၁ သောင်း ကျော်ကိုခန့်ထားခဲ့ပါတယ်။
အခုတော့ အထက်မှာဖော်ပြခဲ့တဲ့ Ford ကုမ္ပဏီကနေ အခု ၂၀၁၈ ခုနှစ်အတွင်းမှာပဲ ထုတ်လုပ်လိုက်တဲ့ ဇိမ်ခံကား ၆ မျိုး အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
(၁) 2018 FIESTA
ဈေးနှုန်းက ဒေါ်လာ ၁၄၂၀၅ ကနေ စတဲ့ Fiesta မော်ဒယ်ဖြစ်ပါတယ်။ ငွေကြေးကုန်ရတာနဲ့တန်တဲ့ မောင်းနှင်အား ကိုပေးနိုင်ပြီး ဝယ်သူစိတ်တိုင်းကျစေမယ့် ကားတစီးလည်း ဖြစ်ပါတယ်။ Hand-free စနစ်နဲ့ ချိတ်ဆက်ထားပြီး ရှေ့ထိုင်ခုံတွေမှာ တပ်ထားတဲ့ သားရေနဲ့ ထိုင်ခုံသားကြောင့် ရှေ့မှာထိုင်တဲ့သူတွေအတွက် စိတ်သက်သောင့်သက်သာ ဖြစ်စေမှာပါ။ ကားအမြန်မောင်းရတာကြိုက်နှစ်သက်သူတွေအတွက်တော့ စိတ်တိုင်း ကျစေနိုင်မှာဖြစ်ပြီး တခြား မောင်းနှင်မှုကို ထိန်းချုပ်နိုင်မယ့်အင်္ဂါရပ်တွေလည်း ပါရှိပါတယ်။
(၂) 2018 FOCUS
ဒီကားကိုမောင်းနှင်ချင်ရင်တော့ နည်းနည်းတော့ ဈေးကြီးကြီး ပေးဝယ်ရပါလိမ့်မယ်။ ဈေးနှုန်းက ဒေါ်လာ ၁၇၉၅ဝ ကနေ စတင်တဲ့ ဒီကားဟာ အမြန်နှုန်း ၆ ခုအထိ တင်နိုင်တဲ့ PowerShift Automatic Transmission စနစ်ပါဝင်ပါတယ်။ ထူးခြားချက်က ပါကင်ထိုးလိုတဲ့အခါ ယာဉ်မောင်းသူရဲ့ အကူအညီမလိုဘဲ အလိုအလျောက် ပါကင်ထိုးပေးနိုင်တဲ့ စနစ်ပါဝင်လာပါတယ်။
(၃) 2018 FUSION
ဒီကားတော့ ဈေးနှုန်းလည်း မြင့်လာသလို အဆင့်လည်း မြင့်လာတဲ့ကားဖြစ်ပါတယ်။ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းပါးစေတဲ့ အင်ဂျင် ၃ မျိုး၊ Hand free စနစ်၊ ပါကင်ထိုးစနစ်နဲ့ အခုမှကားမောင်းတဲ့သူတောင် အသုံးပြုနိုင်တဲ့ တခြားစနစ်တွေအများကြီးပါဝင်ပါတယ်။ ဈေးနှုန်းကတော့ အမေရိကန် ဒေါ်လာ ၂၂၂၁၅ ကနေစပါတယ်။
(၄) 2018 C-MAX
ဒါကတော့ Ford ရဲ့အမာခံ ပရိသတ် ယာဉ်မောင်းသူတွေ မျှော်လင့်နေကြတဲ့ Hybrid ကားအမျိုးအစား ဖြစ်ပါတယ်။ ခရီးသည် ငါးဦးလိုက်ပါနိုင်တဲ့အပြင် သက်သောင့်သက်သာ ရှိမှုက စိတ်ကျေနပ်စရာပါ။ ဒါ့အပြင် ကားအင်ဂျင်ရဲ့ မြင်းကောင်ရေအားကတော့ အံ့မခန်းစရာပါပဲ။ C-MAX က ဘယ်ကိုပဲသွားသွား စီးတဲ့သူတိုင်းကို စိတ်တိုင်းကျစေမှာပါ။
(၅) 2018 MUSTANG
ဒီကားကတော့ တကယ့် MUSTANG မှ MUSTANG ပါပဲလို့ ပြောယူရမယ့်ကားအမျိုးအစားဖြစ်ပါတယ်။ ကားရဲ့ ပုံပန်း သွင်ပြင်ကို ခဏ ဖယ်ထားလိုက်ပါဦး။ ကားပေါ်တက်ပြီး မောင်းလိုက်တဲ့အခါ ခံစားရမယ့် ကားရဲ့စွမ်းအားကတော့ အံ့မခန်းစရာပါ။ တခြားကိုမျှော်လင့်မနေပါနဲ့တော့။ MUSTANG ကိုပဲ မျှော်လင့်လိုက်ပါ။
(၆) 2018 TAURUS
ဈေးနှုန်းအမြင့်ဆုံးကားလို့တောင် ဆိုနိုင်ပါတယ်။ အမေရိကန် ဒေါ်လာ ၂၇၆၉၀ ကနေ စပါတယ်။ ကားရဲ့ ပါဝါကို သုံးမျိုး ရွေးချယ် နိုင်ပါတယ်။ အဲဒီပရီမီယံ Classic ကားတော့ ထူးခြားတဲ့နည်းပညာနဲ့ စမတ်ကျတဲ့ အဆင်ချောမွေ့မှုတွေ ပါဝင် ပါတယ်။ အင်အားကောင်းတဲ့ Tarus ကတော့ ယာဉ်မောင်းဝါသနာအိုးတွေအတွက် ဒီဇိုင်းထုတ်ထားတာလည်း ဖြစ်ပါတယ်။
Ref : ford.com