ဒီနေ့မှာတော့ လတ်တလော မြန်မာနိုင်ငံမှာ Hit ဖြစ်နေတဲ့ “2017 Rolls-Royce Phantom” ကား အမျိုးအစားအကြောင်း ဖော်ပြပေးချင်ပါတယ်။ အရင်ဆုံး အဲဒီကားကို ထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီသမိုင်း ကြောင်းကစလို့ ပြောပြပါ့မယ်။
၁၉၀၄ ခုနှစ်မှာစတည်ထူထောင်ခဲ့ပြီး အစဉ်အလာ ကြီးမားခဲ့တဲ့ Rolls-Royce Limited ကုမ္ပဏီကနေ ဖြစ်တည်လာခဲ့တဲ့ “Rolls-Royce Motor Cars” Limited ကုမ္ပဏီက ဒီကားကို ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ ဗြိတိသျှ ဇိမ်ခံကား ကုမ္ပဏီဖြစ်ပေမယ့် ဂျာမန်ကုမ္ပဏီ BMW ရဲ့ လက်ခွဲကုမ္ပဏီ တခုလည်း ဖြစ်ပါတယ်။ BMW ကုမ္ပဏီဟာ Rolls-Royce ဆိုတဲ့နာမည်နဲ့ ကားထုတ်လုပ်ခွင့်လိုင်စင် ရခဲ့ပြီးတဲ့ နောက် ၁၉၉၈ ခုနှစ်မှာ ကုမ္ပဏီကို စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
၂၀၀၃ ခုနှစ်မှာတော့ အင်္ဂလန်နိုင်ငံမှာ သမိုင်းအစဉ်အလာ ကြီးမားတဲ့ Goodwood မြို့မှာ ထုတ်လုပ်ရေး စက်ရုံကို ဖွင့်လှစ်ပြီး စတင်လည်ပတ်ခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ “Rolls-Royce” ဆိုတဲ့ Brand နာမည်နဲ့ မော်တော်ကားတွေရဲ့ အလုံးစုံ ထုတ်လုပ်သူအဖြစ် Rolls-Royce Motors Cars Limited က ရပ်တည်ခဲ့ပါတယ်။
တံခါး ၄ ပေါက် ပါဝင်တဲ့ ဆွီဒင်ကားအမျိုးအစား Rolls-Royce Phantom ဟာ ၂၀၀၃ ခုနှစ်မှာ ရောင်းချဖို့ ပထမဆုံး ထုတ်လုပ်ခဲ့တဲ့ ကားလည်းဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းတော့ တံခါး ၂ ပေါက် ပါတဲ့ကား ၊ အမိုးကို အလိုအလျှောက် ခေါက်သိမ်းလို့ရတဲ့ Phantom ကား၊ တံခါး ၄ ပေါက်ပါတဲ့ Ghost ကားနဲ့ တံခါးနှစ်ပေါက်ပါတဲ့ Wraith ကား အမျိုးအစားတွေကို ဆက်လက် ထုတ်လုပ်ခဲ့ပါတယ်။
Rolls-Royce Phantom ရဲ့ ကောင်းကွက်တွေကို ပြောရမယ်ဆိုရင် ဇိမ်ကျပြီး သက်တောင့်သက်သာဖြစ်မှုမှာ ထိပ်တန်းအဆင့် ဖြစ်ပါတယ်။ ဆီသုံးစွဲမှုကလည်း ပုံမှန်မှာရှိပါတယ်။ ဂန္တဝင်မြောက်တဲ့ Rolls-Royce စတိုင် ဖြစ်ပါတယ်။ ကားက သာမန်ထက် မြင့်နေတာရယ်၊ ထိန်းချုပ်မောင်းနှင်ဖို့ရယ်၊ ရှေးကျတဲ့ပုံစံမျိုး ဖြစ်နေတာရယ်၊ ဈေးနှုန်းက ရှိသင့်တာထက် ပိုမြင့်နေတာရယ်က အားနည်းချက်တွေဖြစ်ပါတယ်။
ဒါပေမယ့် Mercedes-Benz နဲ့ BMW ကားတွေကို ထားပစ်ခဲ့ပြီး တခြားဇိမ်ခံကားကောင်းကောင်းကို ရွေးမယ်ဆိုရင်တော့ ထိပ်ဆုံးမှာ ရှိနေပါတယ်။ မကြာခင် ဒီဇိုင်းပိုင်း အနည်းငယ် ပြောင်းလဲမယ်လို့ ဆိုပေမယ့် ဈေးနှုန်းကတော့ ပုံမှန်ထက် ကြီးမြင့်နေဦးမှာ ဖြစ်တယ်လို့ ခန့်မှန်းရပါတယ်။
ပြီးပြည့်စုံတဲ့ကားတစီးကို အမှတ် ၁၀ မှတ်ပေးမယ် ဆိုရင် ဒီ Phantom ကားဟာ ၈ မှတ်ရရှိမှာဖြစ်ပါတယ်။ အားနည်းချက်ကို ထောက်ပြပါဆိုရင် ဈေးနှုန်းက မိုးထိမြင့်နေတာ၊ လောင်စာသုံးစွဲမှုနည်းနည်းမြင့်တာနဲ့ လူရွေးပြီး ရောင်းတာတို့ပဲ ဖြစ်ပါတယ်။
ဒီကားမျိုးကို ကမ္ဘာပေါ်မှာ ဘယ်လိုလူမျိုးတွေ ပိုင်ဆိုင်ထားသလဲဆိုတာ အားလုံးသိချင်မယ့် မေးခွန်းတခု ဖြစ်ပါတယ်။ အနောက်တိုင်းရဲ့ Reality Star ဖြစ်တဲ့ Kim Kardashian ၊ အကအလှဘုရင်မ Jennifer Lopez ၊ ကမ္ဘာကျော် အဆိုတော် လေဒီဂါဂါ နဲ့ လူငယ်အဆိုတော် ဂျက်စတင်ဘီဘာ တို့က ဒီလိုကားမျိုးတွေကို ပိုင်ဆိုင်ထား ကြပါတယ်။ ဘောလုံး အကျော်အမော်ဟောင်း ဒေးဗစ်ဘက်ခမ်းပိုင်ဆိုင်ထားတဲ့ ဒီလိုကား အမျိုးအစားဟာ ခန့်မှန်းချေ အမေရိကန် ဒေါ်လာ ၄ သိန်း ၆ သောင်း ပေါက်ဈေး ရှိပါတယ်။
နောက်မေးခွန်းတခုက သင်သာ အမေရိကန် ဒေါ်လာ ၄ သိန်း ၆ သောင်း ရှိမယ်ဆိုရင် ဒီကားကို “ဝယ်လို့ ရပါသလား” ဆိုတဲ့ မေးခွန်းပါ။ အဖြေကတော့ ငွေရှိတိုင်း ဝယ်ယူလို့ရမယ့် ကားအမျိုးအစားထဲမှာ ဒီကား မပါဝင်ပါဘူး။ ယူကေနိုင်ငံ၊ Goodwood မှာရှိတဲ့ Rolls Royce ကုမ္ပဏီဟာ ဝယ်တဲ့သူတိုင်းကို သူတို့ကားတွေ မရောင်းပါဘူး။
သူတို့ ကြိုက်တဲ့သူတွေကိုပဲ ရွေးချယ်ပြီးတော့ ရောင်းတာဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ သူတို့ဟာ နာမည်ကျော် အနုပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ နာမည်ကျော် ပုဂ္ဂိုလ်တွေကိုပဲ ရွေးချယ်ရောင်းချတာဖြစ်ပါတယ်။
Ref: whatcar.com