ဂျပန်ကား ကုမ္ပဏီကြီးတခုဖြစ်တဲ့ Toyota ဟာ စင်ကာပူအခြေစိုက် အငှားယာဉ် ဝန်ဆောင်မှု ကုမ္ပဏီ Grab မှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံလိုက်ပြီ ဖြစ်ကြောင်း ဇွန်လ ၁၃ ရက်နေ့က တရားဝင်ထုတ် ထုတ်ပြန် ကြေညာလိုက်ပါတယ်။
Toyota ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုကြောင့် Grab ကုမ္ပဏီဟာ အခုအချိန်မှာ တန်ကြေး အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ အထိ ရှိသွားပြီဖြစ်တယ်လို့ ကုမ္ပဏီနဲ့ ရင်းနှီးသူတဦးက CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
Grab ဟာ မတ်လတုန်းကလည်း အရှေ့တောင်အာရှမှာရှိတဲ့ ပြိုင်ဘက်ကုမ္ပဏီ Uber ရဲ့ လုပ်ငန်းတွေကို ဒေါ်လာ ဘီလီယံများစွာ တန်ကြေးရှိတဲ့ ရှယ်ယာသဘောတူညီချက်နဲ့ ဝယ်ယူနိုင်ခဲ့တာကြောင့် ကုမ္ပဏီရဲ့ ယခုနှစ် ရလဒ်တွေက အားရစရာလို့ ဆိုရမှာပါ။
Toyota နဲ့ Grab ကုမ္ပဏီတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်ကြောင့် Toyota ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်တွေ ထဲက တဦးလည်း Grab ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ထဲမှာ ပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Toyota ဝန်ထမ်း တဦးလည်း Grab မှာ အမှုဆောင်အရာရှိအဖြစ် အချိန်ပြည့် တာဝန်ပြောင်းလဲ ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။
ကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့တဲ့အပြင် Toyota ကုမ္ပဏီရဲ့ နည်းပညာတွေကိုလည်း Grab ကုမ္ပဏီနဲ့ မျှဝေသွားမှာ ဖြစ်ပြီး၊ အဆိုပါနည်းပညာတွေထဲမှာ ကားကို ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်မယ့်အချိန်ကို ကြိုတင်ခန့်မှန်းပေးနိုင်တဲ့ Software လည်း ပါဝင်မှာပါ။
Toyota နဲ့ Grab ကုမ္ပဏီတို့ဟာ အစကတည်းက နှစ်ဘက်ကြားကောင်းမွန်တဲ့ ဆက်ဆံရေးရှိတဲ့ ကုမ္ပဏီတွေ ဖြစ်ပါတယ်။ မနှစ်ကလည်း Toyota Group ရဲ့ ကုမ္ပဏီတခုဖြစ်တဲ့ Toyota Tsusho ကုန်သွယ်ရေးကုမ္ပဏီကလည်း Grab မှာ မဖော်ပြထားတဲ့ ငွေပမာဏ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။
“Toyota ရဲ့ Connected ကားနည်းပညာတွေကို ကောင်းမွန်စွာ အသုံးချနိုင်မယ့် ကုမ္ပဏီနှစ်ခုကြား ပူးပေါင်းမှုတွေ ပိုမို ခိုင်မာလာတာ မြင်ရတ တကယ့်ကို ဝမ်းသာပီတိဖြစ်မိပါတယ်” လို့ Toyota ရဲ့ ဒုတိယ အမှုဆောင်အရာရှိချုပ် Shigeki Tomoyama က ပြောကြားခဲ့ပါတယ်။
Toyota ရဲ့ အခုရင်းနှီးမြှုပ်နှံမှုဟာ Grab ရင်းနှီးမြှုပ်နှံမှု ရှာဖွေရေးအစီအစဉ်ရဲ့ တစိတ်တဒေသဖြစ်ပြီး၊ ရင်းနှီးမြှုပ်နှံမှုက ရရှိတဲ့ ငွေတွေကို အစားအသောက် ပို့ဆောင်ရေးဝန်ဆောင်မှုနဲ့ မိုဘိုင်းငွေပေးချေမှု ပလက်ဖောင်း လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်ဖို့အတွက် အသုံးပြုသွားမှာ ဖြစ်တယ်လို့ Grab က ဆိုပါတယ်။
Uber ဟာ Grab အပြင် Uber ကုမ္ပဏီမှာလည်း ၂၀၁၆ ခုနှစ်က ရင်းနှီးမြှုပ်နှံငွေ ထည့်ဝင်ထားပါတယ်။ ငွေပမာဏကိုတော့ တရားဝင် မဖော်ပြခဲ့ပါဘူး။
မော်တော်ကား ထုတ်လုပ်သူ ကုမ္ပဏီတွေဟာ အငှားယာဉ် ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ရင်းနှီးမြှပ်နှံမှုတွေ များလာတာ တွေ့ရပါတယ်။ ၂၀၁၆ ခုနှစ်တုန်းက General Motors (GM) ကုမ္ပဏီဟာ Lyft ကုမ္ပဏီမှာ ဒေါ်လာ သန်း ၅၀၀ ၊ Volkswagen ကုမ္ပဏီက Gett မှာ ဒေါ်လာသန်း ၃၀၀ နဲ့ Honda ကုမ္ပဏီက Grab မှာ မဖော်ပြထားတဲ့ ငွေပမာဏတို့ကို အသီးသီး ရင်းနှီးမြှုပ်နှံထားကြပါတယ်။ ယခုနှစ် အစောပိုင်းတုန်းကလည်း Hyundai ကုမ္ပဏီက Grab မှာ ရင်းနှီး မြှုပ်နှံ ခဲ့ပါသေးတယ်။
Ref: CNN