Automobile

Mercedes-Benz နဲ့ Bosch တို့ ပူးပေါင်းကာ မောင်းသူမဲ့ တက္ကစီများ ထုတ်လုပ်မည်

နာမည်ကြီး ဂျာမနီ ကုမ္ပဏီနှစ်ခုဖြစ်တဲ့ Dailmer (Mercedes-Benz မိခင်ကုမ္ပဏီ) နဲ့ Bosch တို့ဟာ Nvidia ရဲ့ မောင်းသူမဲ့ ကားစနစ်ကို အသုံးချကာ မောင်းသူမဲ့ တက္ကစီတွေကို ပူးပေါင်းထုတ်လုပ်သွားမှာ ဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာလိုက်ပါတယ်။

လက်ရှိ စမ်းသပ်နေတဲ့ မောင်းသူမဲ့ကားတွေဟာ လမ်းပေါ်မှာ အလိုအလျောက် မောင်းနှင်နိုင်ဖို့အတွက် ကွန်ပျူတာ တွက်ချက်နိုင်မှုစွမ်းရည် အမြောက်အများ လိုအပ်ပါတယ်။ ဒါကြောင့် လက်ရှိ စမ်းသပ်နေတဲ့ ကားအများစုရဲ့ နောက်ဖုံးတွေထဲမှာ ကွန်ပျူတာ စက်ကြီးတွေ ပါဝင်ပြီး၊ ဒီစက်တွေဟာ ပါဝါသုံးစွဲမှု များသလို အပူ စွန့်ထုတ်မှုလည်း တော်တော် များပါတယ်။

Nvidia ကနေ နောက်ဆုံး မိတ်ဆက်ထားတဲ့ Drive Pegasus မောင်းသူမဲ့ AI စနစ်ဟာ ၁ စက္ကန့်ကို Operations ပေါင်း ၃၂၀ ထရီလျံအထိ လုပ်ပေးနိုင်ပြီး မောင်းသူမဲ့ကားတွေအတွက် လိုအပ်တဲ့ Computing Power ကို အလုံအလောက်ပေးစွမ်းနိုင်မှာပါ။ ဒါ့အပြင် Drive Pegasus AI Platform အသစ်ဟာ ယာဉ်မောင်း အပြင်၊ စတီယာရင် လက်ကိုင်ဘီးပါ လုံးဝ မလိုတဲ့ Level 4 နဲ့ Level 5 အဆင့် မောင်းသူမဲ့ကားတွေကိုပါ မောင်းနှင်ပေးနိုင်ပါတယ်။

Daimer နဲ့Bosch ကုမ္ပဏီတို့ဟာ ဒီစနစ်ကို အသုံးပြုပြီး မောင်းသူမဲ့ကားတွေကို Nvidia နဲ့ အတူ ပူးပေါင်း ထုတ်သွားမှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ မောင်းသူမဲ့စနစ်ကို ပထမဆုံး အသုံးပြုမယ့် ကားတွေ ကတော့ Mercedes ရဲ့ S-Class Sedans ကားတွေနဲ့ V-Class Vans ကားတွေ ဖြစ်ပါတယ်။

ဒီကားတွေကို လမ်းပေါ်မှာ ပထမဆုံး စမ်းသပ်မှုကိုတော့ ၂၀၁၉ ခုနှစ်၊ ဒုတိယနှစ်ဝက်အတွင်း Silicon Valley က မြို့တမြို့မှာ ပြုလုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ တည်နေရာ အတိအကျကိုတော့ ကုမ္ပဏီတွေဘက်က ထပ်မံ ကြေငြာသွားမှာပါ။ ကွန်ပျူတာ ဂရပ်ဖစ်ကတ်တွေနဲ့ နာမည်ကြီးတဲ့ Nvidia ကုမ္ပဏီဟာ Bosch နဲ့ Daimler တို့အတွက် မောင်းသူမဲ့ ယာဉ်စနစ်အပြင် မောင်းသူမဲ့ အငှားယာဉ် ခေါ်ဆိုထိန်းချုပ်မှု စနစ်ကိုပါ ရေးဆွဲပေးရမှာလည်း ဖြစ်ပါတယ်။

Daimler နဲ့ Bosch တို့ရဲ့ ယခုပူးပေါင်းမှုဟာ မောင်းသူမဲ့ကား နည်းပညာဘက်ကို ခြေဦးလှည့်နေပြီ ဖြစ်တဲ့ ပြိုင်ဘက်ကား ကုမ္ပဏီတွေကို အမှီလိုက်ဖို့ ကြိုးစားမှု တရပ်ဆိုလည်း မမှားပါဘူး။

အခုဆိုရင် Google အပိုင် “Waymo” ကုမ္ပဏီ၊ “Uber” ၊ “Volvo” ၊ “Tesla” စတဲ့ နာမည်ကြီး ကားကုမ္ပဏီ တော်တော် များများက မောင်းသူမဲ့ ပရောဂျက်တွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်နေတာ တွေ့ရတာကြောင့် မောင်းသူမဲ့ကားတွေကို ကျနော်တို့ ပတ်ဝန်းကျင်မှာ အမှန်တကယ် တွေ့မြင်ရဖို့ မဝေးတော့ဘူးလို့ ဆိုနိုင်ပါတယ်။

Ref: Engadget, Market Watch

Loading