မကြာမီအချိန်အတွင်း UK နိုင်ငံမှာရှိတဲ့ လျှပ်စစ်ကားတွေဟာ လမ်းပေါ်မှာ မောင်းနေရင်းနဲ့ကို ကြိုးမဲ့အားသွင်း လာနိုင်တော့မှာ ဖြစ်ပါတယ်။
ဗြိတိန် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန (Department of Transport) ဟာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိတဲ့ မော်တော်ကားအရေအတွက်ကို တိုးမြှင့်နိုင်ဖို့အတွက် ပေါင် သန်း ၄၀ အကုန်အကျခံကာ ကြိုးမဲ့အားသွင်းစနစ်တွေကို နိုင်ငံအနှံ့မှာ ဆောက်လုပ်သွားမယ့် စီမံကိန်းတရပ်ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။
ယခု စနစ်အသစ်နဲ့ဆို လျှပ်စစ်ကားတွေဟာ ကားရပ်နားကွင်းတွေ၊ လမ်းဘေးဝဲယာတွေအပြင် လမ်းမကြီးပေါ်တွေမှာ ပလပ်ထိုးစရာ မလိုဘဲ ကြိုးမဲ့အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ လျှပ်စစ်ကားတွေရဲ့ အဓိက အခက်အခဲတခုဖြစ်တဲ့ အားသွင်း ပြဿနာကို ဖြေရှင်းပြီးသားဖြစ်ပြီး၊ လူတွေအနေနဲ့လည်း လျှပ်စစ်ကားဝယ်ဖို့ ပိုစဉ်းစားလာမှာ ဖြစ်ပါတယ်။
အခုကြိုးမဲ့အားသွင်းစနစ်ဟာ လျှပ်စစ်သံလိုက်လျှပ်ကူးမှုနည်းပညာနဲ့ အလုပ်လုပ်မှာဖြစ်ပါတယ်။ အလုပ်လုပ်ပုံကတော့ ဗို့အားမြင့် ကေဘယ်ကြိုးကနေ လမ်းမကြီးတွေအောက်မှာ မြှုပ်ထားတဲ့ Charging Pad က Induction Coil ကွိုင်တွေကို လျှပ်စစ်ပေးထားပြီး၊ လမ်းပေါ်မှာ နောက်ထပ် Induction Coil Receiver ပါတဲ့ကားက ဖြတ်သန်းသွားတာနဲ့ လျှပ်စစ် သံလိုက်လှိုင်းဖြစ်ပေါ်ကာ ကားဘက်ထရီဆီ အားလှမ်းသွင်းပေးမှာ ဖြစ်ပါတယ်။ လက်ရှိ တန်ဖိုးကြီး စမတ်ဖုန်းတွေမှာ အသုံးပြုထားတဲ့ Qi Wireless Charging နည်းပညာမျိုးနဲ့ ဆင်တူပါတယ်။
ယခုအဆိုပြုစီမံကိန်းဟာ မီးခိုးငွေ့ထုတ်လွှတ်မှုမရှိတဲ့ယာဉ်နည်းပညာရပ်ကို မြှင့်တင်ပေးဖို့အတွက် အထူး ရေးဆွဲထားတဲ့ Dft ရဲ့ နည်းဗျူဟာတခုဖြစ်ပါတယ်။ အသစ်ဆောက်လုပ်မယ့်အိမ်တွေနဲ့ ရုံးခန်း အဆောက်အဦးတွေမှာပါ လျှပ်စစ် အားသွင်းစနစ်တွေ ထည့်သွင်းတည်ဆောက်ပြီး၊ အားလွယ်လွယ် သွင်းနိုင်ဖို့အတွက် လမ်းမီးတိုင်တွေမှာ Charger တွေ ထားပေးထားဖို့အထိ အစိုးရဝန်ကြီးတွေက လိုလားလျက် ရှိတယ်လို့ သိရပါတယ်။
အမေရိကန်ကုမ္ပဏီ Qualcomm Techonologies က တီထွင်ပေးတဲ့ ယခုကြိုးမဲ့နည်းပညာကို စတင် စမ်းသပ်နေပြီ ဖြစ်ပြီး၊ တနာရီ မိုင် ၆၀ ကျော်နဲ့ မောင်းနှင်နေတဲ့ ကားတွေကို အားသွင်းပေးနိုင်ဖို့ စမ်းသပ်လျက်ရှိပါတယ်။
ကြိုးမဲ့အားသွင်းနိုင်တဲ့လမ်းမတွေ အမှန်တကယ်ဖြစ်လာရင်တောင် လက်ရှိဈေးကွက်ထဲက လျှပ်စစ်ကား အများစုမှာ ဒီနည်းပညာကို သုံးနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် BMW လို နာမည်ကြီးကားထုတ်လုပ်သူ ကုမ္ပဏီတချို့ဟာ လျှပ်စစ် စွမ်းအင်သီးသန့်သုံးကားတွေမှာ Wireless Charging Pad တွေကို ဝယ်ချင်ရင် ဝယ်နိုင်အောင် Optional အနေနဲ့ ထုတ်ပေး ပြီးသားဖြစ်ပါတယ်။
လျှပ်စစ်ကားအားသွင်းစနစ်ကုမ္ပဏီ Chargemaster က David Martell ကတော့ ကြိုးမဲ့အားသွင်းစနစ်ဟာ လျှပ်စစ်ကား တွေကို ဓာတ်ဆီ၊ဒီဇယ်သုံးကားတွေ မောင်းနေရသလို စွမ်းဆောင်ပေးနိုင်မှာဖြစ်ပြီး၊ အဆိုပါ ကားတွေလိုတောင် ဆီဆိုင် ခဏခဏဝင်စရာလိုမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
Ref: The Times, Daily Mail