အမေရိကန်အခြေစိုက် Walmart ကုမ္ပဏီဟာ Google (Alphabet) အပိုင် မောင်းသူမဲ့ကား ကုမ္ပဏီတခုဖြစ်တဲ့ “Waymo” နဲ့ ပူးပေါင်းကာ မောင်းသူမဲ့ကား စမ်းသပ်မှု အစီအစဉ်တခု ပြုလုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။
ယခုအစီအစဉ်အရ Walmart ဟာ လာမယ့် နွေရာသီက စတင်ပြီး၊ သူတို့ကုန်တိုက်တွေမှာ ဈေးလာဝယ်တဲ့ ဖောက်သည်တွေကို မောင်းသူမဲ့ မီနီဗန်ကားတွေနဲ့ အကြိုအပို့ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ ကားလမ်း အရမ်း မရှုပ်တဲ့ Arizona ပြည်နယ်၊ Phoenix မြို့ဆင်ခြေဖုံးအရပ်က Walmart ဆိုင်တွေမှာပဲ စတင် စမ်းသပ်သွားမှာ ဖြစ်ပြီး၊ အဆိုပါ အရပ်ဟာ Waymo မောင်းသူမဲ့ကားတွေကို စမ်းသပ်ပြေးဆွဲနေတဲ့နေရာလည်း ဖြစ်ပါတယ်။
“Early Rider Program” လို့ အမည်ပေးထားတဲ့ ယခုအစီအစဉ်ဟာ လုံးဝ အခမဲ့ ဖြစ်ပြီး၊ ပါဝင်ဖို့အတွက် လူအနည်းငယ်ကိုပဲ သီးသန့်ရွေးဖိတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပါဝင်စမ်းသပ်သူတွေ အနေနဲ့ Walmart website မှာ ဈေးဝယ်ပြီးရင် Waymo ရဲ့ Chrysler Pacifica မောင်းသူမ ဲ့မီနီဗန်ကားတွေက အိမ်တိုင်ရာရောက် လာကြိုပေးမှာပါ။ ပြီးရင် Walmart ကုန်တိုက်ရောက်တဲ့အထိ အလိုအလျောက် ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။
ကုန်တိုက်ရောက်တဲ့ အခါမှာလည်း ကားထဲကတောင် ထွက်စရာ မလိုဘဲ Walmart ဝန်ထမ်းတယောက်က မှာယူထားတဲ့ ပစ္စည်းတွေကို ကားဆီ လာပို့ပေးမှာပါ။ ပြီးတာနဲ့ အိမ်ကို မောင်းသူမဲ့ကားနဲ့ပဲ ပြန်လိုက်ပို့ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
ယခုအစီအစဉ်ဟာ Walmart အနေနဲ့ ပြိုင်ဘက် “Amazon.com” ကို ယှဉ်ပြိုင်နိုင်ဖို့အတွက် e-commerce ဘက်ကို ဦးစားပေးသွားဖို့ ပြင်ဆင်နေတဲ့ ခြေလှမ်းတရပ်လည်း ဖြစ်ပါတယ်။ Google ပိုင် Waymo အနေနဲ့ လည်း မောင်းသူမဲ့ကားတွေကို အငှားယာဥ ်ဝန်ဆောင်မှုမှာသာမက တခြားအရပ်ဘက် စီးပွားရေး လုပ်ငန်းတွေမှာပါ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ဖို့ ရည်မှန်းချက်တွေရဲ့ အစလည်း ဖြစ်ပါတယ်။
“Waymo” ဟာ Phoenix မှာပဲရှိတဲ့ Element Hotel နဲ့လည်း သဘောတူညီမှု ရယူထားပြီးဖြစ်ကာ ဟိုတယ်ကို တည်းဖို့လာတဲ့ စီးပွားရေးလုပ်ငန်းသမားတွေ၊ ဧည့်သည့်တွေကို Phoenix မြို့အတွင်း အသွားအလာ ပြုလုပ်ဖို့အတွက် Waymo မောင်းသူမဲ့ ကားတွေကို ဝန်ဆောင်မှုပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မောင်းသူမဲ့ကား နည်းပညာကို စီးပွားရေးသမားတွေ အနေနဲ့ အပြည့်အဝ တွေ့ကြုံခံစားနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။
“Walmart နဲ့ Waymo” တို့ရဲ့ ယခုလက်တွဲမှု အစီအစဉ်ဟာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းရဲ့ အနာဂတ်ကို လှစ်ဟပြလိုက်တာ လို့လည်း ခေါ်ဆိုနိုင်ပါတယ်။ ကျွမ်းကျင်သူ အားလုံးလိုလိုက မောင်းသူမဲ့ကားတွေဟာ သယ်ယူပို့ဆောင်ရေး စရိတ်ကို အများအပြားလျော့ချနိုင်ဖို့ မျှော်လင့်ထားကြပြီး၊ စီးပွားရေးလုပ်ငန်းတွေ အနေနဲ့လည်း သူတို့ဆီအရောက် Customers တွေ ခေါ်လာဖို့အတွက် မောင်းသူမဲ့ကားလုပ်ငန်းတွေကို ပျော်ပျော်ကြီး ငွေပုံပေးဖို့ အသင့်ဖြစ်နေလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။
“Waymo” ဟာ အမေရိကန်ပြည်ထောင်စုရဲ့ အကြီးဆုံး ကားဝန်ဆောင်မှု လုပ်ငန်းတွေဖြစ်တဲ့ “AutoNation နဲ့ Avis Budget Group” တို့နဲ့လည်း လက်တွဲထားပြီး၊ Phoenix မြို့က Customer တွေအတွက် Waymo မောင်းသူမဲ့ ကားတွေကို ငှားရမ်းပေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။
Ref: Autonews, Medium, CNN