မော်တော်ဆိုင်ကယ်လောကမှာ ထိပ်သီး ကုမ္ပဏီတခုဖြစ်တဲ့ Harley-Davidson ဟာ လျှပ်စစ် မော်တော်ဆိုင်ကယ်နဲ့ လျှပ်စစ်စက်ဘီးတွေ ထုတ်လုပ်သွားဖို့ရှိကြောင်း ဇူလိုင်လ ၃၀ ရက်နေ့က သတင်းထုတ်ပြန် ကြေညာလိုက်ပါတယ်။
Harley-Davidson ဟာ ကုမ္ပဏီရဲ့ ပထမဆုံး လျှပ်စစ် မော်တော်ဆိုင်ကယ်ဖြစ်တဲ့ LiveWire ကို ၂၀၁၄ ခုနှစ်မှာ စတင် မိတ်ဆက် ပြသခဲ့ပေမယ့်၊ ယခုအချိန်ထိ ဈေးကွက်ဝင် ထုတ်လုပ်နိုင်ခြင်း မရှိသေးပါဘူး။ အစက LiveWire ကို ၂၀၁၈ ခုနှစ် မှာ ရောင်းချနိုင်ဖို့ မျှော်လင့်ထားခဲ့ပေမယ့် အခုတော့ ၂၀၁၉ ခုနှစ်မှာ ရောင်းချနိုင်မှာဖြစ်ကြောင်း ပြောင်းလဲကြေညာ လိုက်ပါတယ်။
ဒီတခါတော့ Harley-Davidson အနေနဲ့ LiveWire တစီးတည်း ထုတ်မှာမဟုတ်တော့ဘဲ၊ နောက်ထပ် လျှပ်စစ်စွမ်းအင်သုံး ဆိုင်ကယ်၊စက်ဘီး စုစုပေါင်း မော်ဒယ် ၅ မျိုးအထိ ထုတ်လုပ်ဖို့ရှိကြောင်း ပြောကြားလိုက်ပါတယ်။ မြို့ပြနေ လူငယ် လူရွယ်တွေကို ပစ်မှတ်ထား ထုတ်လုပ်သွားမယ့် လျှပ်စစ်ယာဉ် (EV) တွေဖြစ်ပြီး၊ လွယ်လွယ်ကူကူ စီးနင်းနိုင်ဖို့ အဓိက ထားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“ဈေးနှုန်းကော၊ အရွယ်အစားနဲ့ ပါဝါတို့ပါ ကွာတဲ့ မော်တော်ဆိုင်ကယ် မော်ဒယ်အသစ်တွေနဲ့ EV ဈေးကွက်ထဲကို ကျနော်တို့ အရှိန်အဟုန်နဲ့ ဝင်လာပါတော့မယ်” လို့ Harley Davidson ရဲ့ COO ဖြစ်သူ Michelle Kumbier က ပြောကြားခဲ့ပါတယ်။
လျှပ်စစ်စွမ်းအင်သုံး ပထမဆုံး Harley-Davidson ဆိုင်ကယ်ဖြစ်တဲ့ LiveWire ကို ၂၀၁၉ ခုနှစ်မှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။ LiveWire ပြီးရင်တော့ ပိုမိုဈေးသက်သာပြီး အရွယ်သေးငယ်တဲ့ လျှပ်စစ်မော်တော်ဆိုင်ကယ် ၂ မျိုးကို ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်တို့မှာ အသီးသီး ထပ်မံမိတ်ဆက်သွားမှာ ဖြစ်ပါတယ်။
Kumbier ရဲ့ အဆိုအရ နောက်မိတ်ဆက်မယ့် မော်ဒယ်သစ်နှစ်မျိုးဟာ Middleweight ဆိုင်ကယ်ပုံစံ ဆန်ပြီး၊ လျှပ်စစ်နဲ့ မောင်းဖို့ အဓိကဒီဇိုင်းဆွဲထားတာ ဖြစ်တယ်လို့ သိရပါတယ်။ ပုံမှန် ဆိုင်ကယ်တွေလို Clutch ပါဝင်မှာ မဟုတ်တဲ့အတွက် လီဗာဆွဲပြီး တန်းမောင်းနိုင်မယ့် Harley-Davidson လျှပ်စစ်ဆိုင်ကယ်တွေ ဖြစ်လာမှာပါ။
Harley-Davidson ကနေ နောက်ထပ်မိတ်ဆက်မယ့် EV သုံးမျိုးကတော့ ခြေနင်း မပါတဲ့ လျှပ်စစ်တောင်တက် စက်ဘီးပုံစံ EV မော်ဒယ်တမျိုး၊ တောင်တက်ဆိုင်ကယ်ပုံစံ လျှပ်စစ် စကူတာ တမျိုးနဲ့ ဘီးကြီးတွေပဲ ထုတ်လေ့ရှိတဲ့ H-D အတွက် အထူးခြားဆုံးအနေနဲ့ လျှစ်စက်ဘီးတမျိုး တို့ ဖြစ်ပါတယ်။
Harley-Davidson ရဲ့ လျှပ်စစ်ဆိုင်ကယ်၊ စက်ဘီး၊ စကူတာအသစ်တွေရဲ့ အသေးစိတ် အချက်အလက်ကိုတော့ မသိရသေးပါဘူး။ ယခု EV ပရောဂျက်အတွက် ၂၀၂၂ ခုနှစ်အထိ ကန်ဒေါ်လာ သန်း ၁၅၀ ကနေ သန်း ၁၈၀ လောက် သုံးဖို့ စီစဉ်ထားတယ်လို့တော့ သိရပါတယ်။
Ref: Electrek, Cnet