Munich အခြေစိုက် Sono Motors ကုမ္ပဏီဟာ Germany နိုင်ငံ၊ Bavarian ပြည်နယ်ရဲ့ ပြင်းထန်တဲ့ နွေအပူချိန်ကို အသုံးချပြီး၊ Sion အမည်ရ ဆိုလာကားကို အပြီးသတ်စမ်းသပ်မှုတွေ ပြုလုပ်နေပြီ ျဖစ်ပါတယ်။
Sion မော်တော်ကားဟာ လျှပ်စစ်စွမ်းအင်သီးသန့်သုံး ဆိုလာကားတစီးဖြစ်ပြီး၊ မောင်းနေရင်းနဲ့တင် နေရောင်ခြည်စွမ်းအင်နဲ့ အားသွင်းနိုင်မယ့် ကားတစီးဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်မှ စတင်တည်ထောင်ခဲ့တဲ့ Sono Motors ဟာ ဆိုလာပြားတွေကို ကားကိုယ်ထည်တွင်း တပ်ဆင်ထားတဲ့ Sion မော်တော်ကားကို ထုတ်လုပ်ဖို့ စမ်းသပ်နေတာဖြစ်ပြီး၊ ၂၀၁၉ နှစ်ဝက် ပိုင်းလောက်မှာ စတင်ထုတ်လုပ်ဖို့ ရှိတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ Sion ကားအတွက် အော်ဒါပေါင်း ၆၅၀၀ ကျော် ရရှိထားပြီဖြစ်ကာ၊ လာမယ့် နှစ်အတွင်း ယူရို ၁၆,၀၀၀ ( ၁၈,၄၅၀ ဒေါ်လာ) နဲ့ စတင်ရောင်းချနိုင်ဖို့ ရည်မှန်းချက်ထား လုပ်ဆောင်လျက် ရှိပါတယ်။
Sion မော်တော်ကားဟာ အမိုး၊ စက်ခေါင်းဖုံးနဲ့ ကားဘေးဘက်ကိုယ်ထည်တွေမှာ ဆိုလာဆဲလ်ပေါင်း ၃၃၀ ကို တပ်ဆင်ထားပြီး၊ အသင့်ပါတဲ့ ဘက်ထရီစနစ်ကနေ ၁၅၅ မိုင်လောက်ကို နေရောင်ခြည် စွမ်းအင်နဲ့ မောင်းနှင်နိုင်မှာပါ။
နေရောင်ခြည်စွမ်းအင် မရတဲ့အခါမျိုးမှာလည်း သာမန် လျှပ်စစ်ကား တစီးလိုပဲ အားသွင်းကြိုးတပ်ပြီး အားသွင်းနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
Sion ကားမှာ လျှပ်စစ်မော်တာတလုံးကို အသုံးပြုထားပြီး၊ မြင်းကောင်ရေ ၁၀၇ ကောင်အား ရှိတယ်လို့ သိရပါတယ်။ ၀ ကနေ တနာရီ ၁၀၀ ကီလိုမီတာနှုန်းကို ၉ စက္ကန့်အတွင်း အရှိန် တင်ပေးနိုင်ပြီး၊ အမြန်ဆုံးအနေနဲ့ တနာရီ ၁၄၀ ကီလိုမီတာနှုန်းအထိ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။
“Sion ကားထဲမှာ ကားထိုင်ခုံအပူပေးစနစ်၊ အဲကွန်းစနစ်တို့အပြင် ဖုန်းချိတ်လို့ရတဲ့ သတင်း အချက်အလက်နဲ့ ဖျော်ဖြေရေးစနစ်တွေ အစုံပါဝင်မှာ ဖြစ်ပါတယ်။
အပိုဆာဒါး စွမ်းဆောင်ရည်တွေ မပါဝင်ဘဲ ကားတစီးရဲ့ ကြန်အင် လက္ခဏာတွေ အပြည့် ပါဝင်တဲ့ ကားတစီး ဖြစ်ပါတယ်” လို့ Sono Motors ကို ပူးတွဲတည်ထောင်သူနဲ့ CEO ဖြစ်သူ Laurin Hahn က Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ဂျာမနီနိုင်ငံဟာ ၂၀၂၀ ပြည့်နှစ်အမီ လမ်းမတွေမှာ လျှပ်စစ်ကားအစီးရေ ၁ သန်း တွေ့မြင်ရဖို့ လျာထားချက် မပြည့်မီနိုင်တော့ပေမယ့်၊ အစိုးရဟာ လျှပ်စစ်ကားတွေအတွက် ဘက်ထရီ ထုတ်ပေးတဲ့ ကုမ္ပဏီတွေကို လိုအပ်တဲ့အကူအညီတွေ ပေးသွားမှာဖြစ်ကြောင်း လွန်ခဲ့တဲ့ ဧပြီလတုန်းက ပြောကြားခဲ့ဖူးပါတယ်။
Ref: Reuters, The Drive