ကားတွေကို ကြည့်ရင်း နာမည်ကြီး ကားတွေရဲ့ တံဆိပ်တွေမှာ ဘယ်လို အဓိပ္ပာယ်တွေ ရှိမလဲ ဆိုပြီး တွေးဖူးပါသလား။ လူတွေအမြင်မှာ သီးသန့် တံဆိပ်တခုအဖြစ် မှတ်မိအောင် ကားကုမ္ပဏီတွေက နာမည်တွေကို ဘယ်လိုအဓိပ္ပာယ်တွေနဲ့ ပေးခဲ့လဲဆိုတာ ဗဟုသုတအနေနဲ့ ဖော်ပြပေးချင်ပါတယ်။
(၁) Lamborghini
Lamborghini ကားဟာ အီတလီနိုင်ငံထုတ် ဇိမ်ခံကားတမျိုး ဖြစ်ပါတယ်။ ဒီကားကုမ္ပဏီကိုတော့ ၁၉၆၃ ခုနှစ်မှာ Ferruccio Lamborghini က စတင်တည်ထောင်ခဲ့ပြီး ဒီကားရဲ့ တံဆိပ်ဟာ ကားတည်ထောင်သူရဲ့ ရာသီခွင်ဖြစ်တဲ့ ပြိဿရာသီကိုယူပြီး ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ကားတည်ထောင်သူဖြစ်တဲ့ Mr.Lamborghini ဟာ ကျွဲရိုင်းဝှေ့ပွဲကိုလည်း အထူးနှစ်ခြိုက်တာကြောင့် မာန်ဖီနေတဲ့ ကျွဲရိုင်းပုံကို လိုဂိုအဖြစ် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
(၂) Ferrari
Ferrari ဟာလည်း နာမည်ကြီး အီတလီကားပဲ ဖြစ်ပါတယ်။ ဒီကားကုမ္ပဏီကို ၁၉၄၇ ခုနှစ်မှာ Enzo Ferrari ကတည်ထောင်ခဲ့တာဖြစ်ပြီး ကားလိုဂိုဖြစ်တဲ့ အမဲရောင်မြင်းရဲ့ မြူးထူးနေပုံဟာ ကားတည်ထောင်သူ စွဲလန်းနှစ်သက်တဲ့ပုံ ဖြစ်ပါတယ်။ ကားတည်ထောင်သူ Mr.Ferrari ရဲ့ ပြောကြားချက်အရ ဒီမြင်းပုံဟာ တိုက်လေယာဉ်တခုရဲ့ ကိုယ်ထည်မှာဆွဲထားတဲ့ ပုံဖြစ်ပြီး အဲဒီ တိုက်လေယာဉ်မောင်းသူ Francesco Baracca ဟာ ပထမကမ္ဘာစစ်အတွင်းမှာ သေဆုံးသွားခဲ့ပါတယ်။
Mr.Ferrari ဟာ သေဆုံးသွားတဲ့ တိုက်လေယာဉ်မောင်းသူရဲ့ မိခင်ဆီသွားပြီး အဲဒီလေယာဉ် ကိုယ်ထည်က မြင်းပုံကို ယူသုံးဖို့ ခွင့်သွားတောင်းခဲ့ပါတယ်။ တိုက်လေယာဉ်မောင်းသူရဲ့ မိခင်ကတော့ မြင်းပုံဟာ ကံကောင်းခြင်းတွေ ယူဆောင်လာပေးလိမ့်မယ်လို့ ပြောဆိုပြီး အသုံးပြုခွင့် ပေးခဲ့တယ်လို့ သိရပါတယ်။
(၃) BMW
BMW ဟာ ဂျာမန်ကား ဖြစ်ပါတယ်။ ကားကုမ္ပဏီကိုတော့ ၁၉၁၄ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး အစပိုင်းမှာ လေယာဉ်များပြုလုပ်ကာ ကိုယ်ထည်ကို အဖြူနဲ့ အပြာရောင် သုတ်လေ့ရှိတယ်လို့ သိရပါတယ်။ အဖြူနဲ့ အပြာဟာ ဂျာမနီနိုင်ငံရဲ့ ပြည်နယ်တခုဖြစ်တဲ့ Bavarian ပြည်နယ်ရဲ့ အလံ ဖြစ်ပါတယ်။
(၄) Chevrolet
Chevrolet ဟာ အမေရိကန်နိုင်ငံထုတ် နာမည်ကြီး ကားအမျိုးအစားဖြစ်ပြီး ဒီကားကုမ္ပဏီကို ၁၉၁၁ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ ၁၉၁၃ ခုနှစ်အထိ ဖဲပြားပုံ လည်စည်းတံဆိပ်ကို အသုံးပြုခဲ့ပါတယ်။ ဖဲပြားပုံ လည်စည်းတံဆိပ်ဟာ ပြင်သစ်နိုင်ငံက ဟိုတယ်တခုရဲ့နံရံက ပုံကို တုပပြီးပြုလုပ်ထားတာလို့ ပြောကြပေမယ့် တချို့ကတော့ ဒီတံဆိပ်ဟာ ကားတည်ထောင်သူရဲ့ မိခင်နိုင်ငံ ဖြစ်တဲ့ ဆွစ်ဇာလန်နိုင်ငံရဲ့ ကြက်ခြေခတ်ပုံကို ယူထားတာဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုကြပါတယ်။
(၅) Mercedes-Benz
Mercedes-Benz ဟာ နာမည်ကြီး မော်တော်ကား ကုမ္ပဏီတခုဖြစ်ပြီး ၁၈၇၁ ခုနှစ်မှာ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ၁၈၇၀ ခုနှစ်မှာ ကုမ္ပဏီတည်ထောင်သူဟာ ဇနီးသည်ကို ပို့စကတ် တခု ပေးပို့ရင်း ဒီအကြံကို ရခဲ့တာဖြစ်တယ်လို့ သိပါတယ်။ ဒီတံဆိပ်မှာပါတဲ့ သုံးမြှောင့်တုံးဟာ “မြေ၊ ရေ၊ လေ” ဆိုတဲ့ အရာ ၃ ခုကို အစွဲပြုပြီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
Ref; aplus.com