Toyota ဟာ Uber Technologies Incs မှာ ကန်ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှပ်နှံသွားမယ်လို့ သြဂုတ်လ ၂၇ ရက်နေ့က သတင်းထုတ်ပြန် ကြေညာခဲ့ပါတယ်။ ယခု ရင်းနှီးမြှုပ်နှံမှုကနေတဆင့် ကုမ္ပဏီနှစ်ခု လက်တွဲကာ မောင်းသူမဲ့ကား နည်းပညာကို ပူးတွဲဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။
Toyota ရဲ့ ယခုလို ရင်းနှီးမြှုပ်နှံမှုကြောင့် Uber ကုမ္ပဏီဟာ အခုဆိုရင် ကန်ဒေါ်လာ ၇၂ ဘီလီယံ တန်ကြေးရှိတဲ့ ကုမ္ပဏီတခု ဖြစ်သွားပြီလို့ သိရပါတယ်။
ရင်းနှီးမြှုပ်နှံမှုပါ သဘောတူညီချက်တခုအရ Toyota ရဲ့ Sienna မီနီဗန်ကားတွေကို Uber ရဲ့ မောင်းသူမဲ့ကား နည်းပညာတပ်ဆင် ထုတ်လုပ်သွားမှာဖြစ်ပြီး၊ Uber ရဲ့ အငှားယာဉ် ကွန်ရက်မှာ အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။ စတင်စမ်းသပ်မှုတွေကိုတော့ ၂၀၂၁ ခုနှစ်မှာ စတင်ပြုလုပ်သွားဖို့ ရှိပါတယ်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး “Toyota အနေနဲ့ မော်တော်ကားကုမ္ပဏီကနေ အဆင့်မြင့် သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတခုအဖြစ် ပြောင်းလဲနေမှုမှာ ယခု ရင်းနှီးမြှပ်နှံမှုနဲ့ သဘော တူညီချက်က အရေးကြီးတဲ့ မှတ်တိုင်တခု ဖြစ်လာမှာပါ။ အငှားယာဉ် ဝန်ဆောင်မှုလိုမျိုး လုံခြုံ၊ စိတ်ချမှုရှိတဲ့ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုတွေကို ချဲ့ထွင်ဆောင်ရွက်ရာမှာလည်း အကူအညီ ပေးသွားမှာ ဖြစ်ပါတယ်” လို့ Toyota Motor Corporation ရဲ့ ဒု-အမှုဆောင်အရာရှိချုပ် ဖြစ်သူ Shigeki Tomoyama က ပြောပါတယ်။
မောင်းသူမဲ့ကား နည်းပညာဖော်ဆောင်မှုမှာ Alphabet အပိုင် Waymo ကုမ္ပဏီက လက်ရှိ ဦးဆောင်လျက် ရှိပြီး၊ Toyotaနဲ့ Uber တို့ဟာ အနည်းငယ် နောက်ကောက်ကျလျက် ရှိပါတယ်။ ပြီးခဲ့တဲ့ မတ်လတုန်းက Arizona မှာ Uber ရဲ့ မောင်းသူမဲ့ SUV ကားတစီးကြောင့် လမ်းသွားလမ်းလာ တဦး သေဆုံးခဲ့တဲ့ဖြစ်ရပ်အပြီး Uber ဟာ မောင်းသူမဲ့ကားတွေကို လမ်းမတွေမှာ စမ်းသပ်နေမှုကို ရပ်ဆိုင်းခဲ့ရပြီး၊ Arizona က စမ်းသပ်မှုလုပ်ငန်းတွေကိုလည်း ရပ်ဆိုင်းခဲ့ရ ပါသေးတယ်။
Toyota ရဲ့ ယခုပူးပေါင်းကူညီမှုဟာ မောင်းသူမဲ့ကားဖော်ဆောင်မှုမှာ အခက်အခဲတွေ့နေတဲ့ Uber ကုမ္ပဏီအတွက် အထောက်အကူပြုမယ့် အစီအစဉ်တခုဖြစ်ပြီး၊ Toyota အတွက်လည်း အခွင့်အရေးကောင်းတခု ဖြစ်လာမှာပါ။ Uber မှာ ရင်းနှီးမြှပ်နှံမှုအပြီးမှာ Toyota ကုမ္ပဏီရဲ့ ရှယ်ယာဈေးနှုန်းတွေဟာလည်း ထိုးတက်သွားခဲ့တယ်လို့ သိရပါတယ်။
ဇွန်လအတွင်းကလည်း Toyota ကုမ္ပဏီဟာ စင်ကာပူအခြေစိုက် အငှားယာဉ် ဝန်ဆောင်မှု ကုမ္ပဏီ Grab မှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ပါသေးတယ်။
ဆက်စပ် သတင်းလင့်ခ် – Grab မှာ ကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံလိုက်တဲ့ Toyota
Ref: BBC, Times