Automobile

အိပ်ရာအဖြစ်ကော ရုံးခန်းအဖြစ်ပါ အသုံးပြုနိုင်မယ့် မောင်းသူမဲ့ကားရှေ့ပြေးမော်ဒယ်ကို Volvo ပြသ

Want create site? Find Free WordPress Themes and plugins.

အနာဂတ်တချိန်မှာ သင့်ရဲ့ မော်တော်ကားဟာ သင်အိပ်စက်အနားယူနိုင်မယ့်နေရာ၊ အလုပ်လုပ်မယ့်နေရာ၊ အပန်းဖြေ နိုင်မယ့်နေရာအဖြစ် စွယ်စုံအသုံးဝင်လာနိုင်မယ်လို့ Volvo က ခန့်မှန်းထားပါတယ်။

ဆွီဒင်အခြေစိုက်ကားထုတ်လုပ်သူကုမ္ပဏီ Volvo ဟာ 360c လို့ အမည်ပေးထားတဲ့ မောင်းသူမဲ့ကားရှေ့ပြေးမော်ဒယ် တခုကို ဗုဒ္ဓဟူးနေ့မှာ မိတ်ဆက်ပြသခဲ့ပါတယ်။ လျှပ်စစ်စွမ်းအင်သီးသန့်သုံးဖြစ်တဲ့ 360c မောင်းသူမဲ့ကားဟာ လူသား တွေရဲ့ ခရီးသွားလာရေးကို ပိုမိုကောင်းမွန်တဲ့အတွေ့အကြုံတွေ ပေးစွမ်းနိုင်မှာဖြစ်တယ်လို့ Volvo က ဆိုပါတယ်။

360c မောင်းသူမဲ့ကားကို ၂၀၂၁ ခုနှစ်မှာ ထုတ်လုပ်ရောင်းချနိုင်ဖို့ ရည်မှန်းထားပြီး၊ ဒီကားဟာ မိုင်ပေါင်းရာချီကွာဝေးတဲ့ မြို့နှစ်ခုအကြား ကူးသန်းသွားလာချင်တဲ့ ခရီးသည်တွေရဲ့ လိုအပ်ချက်ကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်မယ့် အဝေးပြေးမောင်းသူမဲ့တက္ကစီဖြစ်လာနိုင်မယ်လို့ Volvo က ပြောကြားခဲ့ပါတယ်။

 

 

360c ကို လူသားယာဉ်မောင်း လုံးဝမလိုအပ်တဲ့ အဆင့် (၅) မောင်းသူမဲ့ကားစနစ်နဲ့ ထုတ်လုပ်မှာဖြစ်ပြီး၊ ကားကို ပိုမိုတွင်ကျယ်စွာ အသုံးချနိုင်မယ့် နည်းလမ်းတွေကို Volvo က မိတ်ဆက်ဗီဒီယိုမှာ ပြသခဲ့ပါတယ်။

စတီယာရင်ဘီးကော အတွင်းပေါက်ကွဲမှုအားသုံး အပူအင်ဂျင် (Combustion Engine) ပါ မလိုအပ်တဲ့ Volvo မောင်းသူမဲ့လျှပ်စစ်ကားဟာ ကားအတွင်းပိုင်းကို အနာဂတ်ဆန်ဆန်ဧည့်ခန်းအဖြစ် ဒီဇိုင်းပြောင်းလဲထားမှာ ဖြစ်ပါတယ်။

ကားတွင်းလိုက်ပါသူခရီးသည်အနေနဲ့ ကားမောင်းနှင်နေစဉ်အတွင်း အိပ်စက်လိုက်ပါနိုင်သလို၊ သက်သောင့်သက်သာ အလုပ်လုပ်ပြီးလည်း လိုက်ပါနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ခရီးသည်တွေဟာ ကားအတွင်းပါတဲ့ အိပ်ရာမှာ အိပ်စက် လိုက်ပါနိုင်သလို၊ အစည်းအဝေးနဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေကို လက်ခံတွေ့ဆုံတာတွေပါ လုပ်နိုင်ကြောင်းကို ဗီဒီယိုမှာ ပြသထားပါတယ်။

 

 

ကားရဲ့ ပြတင်းပေါက်မှန်တွေဟာလည်း အနာဂတ်မှာ Screen တွေ ဖြစ်လာနိုင်ပြီး၊ ခရီးသည်လိုချင်တဲ့ သတင်း အချက်အလက်တွေကို ဖော်ပြပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗီဒီယိုမှာ “Hi, how may I help you?” ဆိုတဲ့ စာသား ကိုပါ ပြတင်းပေါက်မှာ တွေ့မြင်ရတာကြောင့် Digital Assistant တွေကိုလည်း ကားမှာ ထည့်သွင်းတပ်ဆင်နိုင်ဖွယ် ရှိပါတယ်။

“ 360c ဟာ အလိုအလျောက်မောင်းနှင်နိုင်တဲ့ယာဉ်တွေရဲ့ အနာဂတ်မှာ အသုံးဝင်လာနိုင်တဲ့ ပုံစံ ၄ မျိုးကို ပေးစွမ်းနိုင်မယ့်ကားဖြစ်ပါတယ်။ အိပ်စရာနေရာအဖြစ် အသုံးပြုမလား၊ ရွေ့လျားရုံးခန်း ဒါမှမဟုတ် ဧည့်ခန်း ဒါမှမဟုတ် အနားယူအပန်းဖြေမယ့်နေရာအဖြစ် အသုံးပြုမလား စိတ်ကြိုက်အသုံးပြုနိုင်မှာပါ။ ကျနော်တို့လူသားတွေရဲ့ ခရီးသွားလာမှုပုံစံကို တခေတ်ဆန်းစေမယ့် နည်းလမ်းတွေ ဖြစ်ပါတယ်။” လို့ Volvo က သတင်းထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

Volvo 360c ဟာ ကားရွေ့လျားမှုပုံစံကို လမ်းသွားလမ်းလာတွေနဲ့ တခြားမော်တော်ကားတွေကို အချက်ပြဖို့အတွက် မီးနဲ့ အသံစနစ်တွေ ပါဝင်ပြီး၊ ဒီစနစ်ဟာ အနာဂတ်မောင်းသူမဲ့ကားတွေအနေနဲ့ လမ်းမပေါ်က လူတွေ၊ ကားတွေနဲ့ အန္တရာယ်ကင်းစွာ ဆက်ဆံမယ့် စံစနစ်တခုဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

 

 

အနာဂတ်တချိန်မှာ လူတွေဟာ ခရီးဝေး ဒါမှမဟုတ် ခရီးနီးသွားလာမှုတွေမှာ လေယာဉ်၊ ဘတ်စ်ကားနဲ့ ရထားတွေအစား ပိုမိုသက်သောင့်သက်သာ အိပ်စက်နိုင်တဲ့ ‘အိပ်ရာပါတယောက်စီးကား’ တွေကို ရွေးချယ်လာနိုင်မယ်လို့ Volvo က ခန့်မှန်းထားပါတယ်။

360c ဟာ လောလောဆယ်မှာတော့ စမ်းသပ်ထုတ်လုပ်ထားတဲ့ ရှေ့ပြေးမော်ဒယ်တခုအနေနဲ့သာ ရှိသေးပြီး၊ ၂၀၂၁ ခုနှစ် လောက်မှ အမှန်တကယ်ထုတ်လုပ်နိုင်ဖို့ ရည်မှန်းထားပါတယ်။ ကားရဲ့ ဈေးနှုန်း၊ အသုံးပြုမယ့်နည်းပညာတွေ အကြောင်း ကိုတော့ Volvo က ဖွင့်ဟထားခြင်းမရှိသေးပါဘူး။

Ref: DailyMail

Did you find apk for android? You can find new Free Android Games and apps.
Loading