Toyota Motor Corp ကုမ္ပဏီဟာ တကမ္ဘာလုံးမှာ ရောင်းချခဲ့တဲ့ Hybrid ကားအစီးရေ ၁ ဒဿမ ၀၄ သန်းကို ပြန်လည် သိမ်းယူသွားမှာဖြစ်ကြောင်း စက်တင်ဘာလ ၅ ရက်နေ့၊ ဗုဒ္ဓဟူးနေ့က ထုတ်ပြန် ကြေညာခဲ့ပါတယ်။
တကမ္ဘာလုံး ပြန်သိမ်းတဲ့အထဲမှာ ၂၀၁၅ ခုနှစ် ဇူလိုင်လကနေ ၂၀၁၈ မေလအတွင်း ထုတ်လုပ်ခဲ့တဲ့ Prius ၊ Prius PHV (plug-in hybrid) နဲ့ C-HR ကား မော်ဒယ်တွေ ပါဝင်ပြီး၊ စုစုပေါင်း အစီးရေ ၁ ဒဿမ ၀၃ သန်း ကို ဝိုင်ယာရင်းပြဿနာကြောင့် လုံခြုံရေးဆိုင်ရာ စစ်ဆေးဖို့အတွက် ပြန်လည် သိမ်းယူသွားမှာ ဖြစ်ပါတယ်။
ထို့အတူ Toyota Motor Thailand ကလည်း ထိုင်းနိုင်ငံတွင်းက Toyota C-HR Hybrid ကားတွေကို ပြန်သိမ်းယူသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ရောင်းချခဲ့တဲ့ Prius ကားတွေတော့ ပြန်သိမ်းတဲ့အထဲမှာ မပါဘူးလို့ Toyota က ပြောကြားခဲ့ပါတယ်။
မကြာမီရက်ပိုင်းအတွင်း Toyota ဟာ ထိုင်းနိုင်ငံက CH-R Hybrid ကား ဝယ်ယူထားသူတွေကို လာရောက်စစ်ဆေးမှု ပြုလုပ်ဖို့ အတွက် အကြောင်းကြားစာပေးပို့သွားမှာပါ။
Toyota ဟာ ထိုင်းနိုင်ငံမှာ ဇူလိုင်လအထိ C-HR ကားအစီးရေ ၉,၁၉၉ စီး ရောင်းချထားပြီးဖြစ်ကာ၊ အဆိုပါကားတွေထဲက ၅,၆၁၉ စီးကို ပြန်သိမ်းသွားမှာဖြစ်ပါတယ်။ Toyota ရဲ့ ပြောကြားချက်အရ ထိုင်းနိုင်ငံမှာ ရောင်းချခဲ့တဲ့ C-HR ကားအစီးရေ ၈၀ ရာခိုင်နှုန်းလောက်ဟာ Hybrid ဗားရှင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။
Toyota ဟာ ထိုင်းနိုင်ငံ၊ ချချောင်စအို (Chachoengsao) ပြည်နယ်က Gateway စက်ရုံမှာ C-HR ကားတွေကို မတ်လမှာ စတင်ထုတ်လုပ်လျက်ရှိပါတယ်။
တကမ္ဘာလုံး ပြန်သိမ်းမယ့် Toyota Hybrid ကား အစီးရေ ၁.၀၃ သန်းထဲမှာ အစီးရေ ၅၅၄,၀၀၀ စီး၊ တဝက်လောက် ကိုတော့ ဂျပန်နိုင်ငံအတွင်း ရောင်းချခဲ့တာဖြစ်ပါတယ်။ မြောက်အမေရိကမှာတော့ ကားအစီးရေ ၂၁၇,၀၀၀ စီးနဲ့ ဥရောပမှာ ၂၁၉,၀၀၀ စီး ရောင်းချခဲ့ရတယ်လို့ Toyota က ပြောကြားခဲ့ပါတယ်။ ကျန်တဲ့ ကားအစီးရေ ၅၀,၀၀၀ ကိုတော့ တခြားဒေသတွေမှာ ရောင်းချခဲ့တာပါ။
ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာပဲ Toyota Thailand ဟာ ထိုင်းနိုင်ငံအတွင်း ရောင်းချခဲ့တဲ့ Toyota ကားအစီးရေ ၄၈၄,၉၁၄ စီးကို လေအိတ် Inflator ပြဿနာကြောင့် ပြန်လည်သိမ်းယူမှာ ဖြစ်ကြောင်းလည်း ကြေညာခဲ့ပါတယ်။ အဆိုပါကားတွေရဲ့ Airbag Inflator တွေကို စစ်ဆေးပြီး၊ အသစ် လဲလှယ် ပေးသွားမှာပါ။ လက်ရှိမှာ ကားအစီးရေ ၁၀၇,၂၄၃ စီးကို Inflator အသစ်တွေ ပြန်လဲပေးပြီး ဖြစ်တယ်လို့လည်း Toyota က ပြောကြားခဲ့ပါတယ်။
Airbag Inflator ပြဿနာထဲမှာပါတဲ့ Toyota ကားမော်ဒယ်တွေကတော့ Alphard (2009-14) ၊ Camry ( 2001-06) ၊ Vios (2007-13) နဲ့ Yaris (2006-13) မော်ဒယ်တွေဖြစ်ပါတယ်။ Toyota ရဲ့ ဇိမ်ခံကားအမှတ်တံဆိပ်ဖြစ်တဲ့ Lexus ရဲ့ RX (2015-16) နဲ့ IS (2006-12) တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။
Ref: Bangkok Post, Channel New Asia