ယနေ့ စက်တင်ဘာလ ၇ ရက်နေ့၊ အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စ္စကိုမြိုကမှာ ကျင်းပပြုလုပ်နေတဲ့ TechCrunch Disrupt SF 2018 ပွဲမှာ ဂျာမန် ကားထုတ်လုပ်သူ BMW ဟာ “Intelligent Personal Assistant” လို့ အမည်ပေးထားတဲ့ ကိုယ်ပိုင် Voice Assistant ကို မိတ်ဆက်သွားခဲ့ပါတယ်။
BMW ကားတွေမှာ အသုံးပြုဖို့အတွက် ရည်ရွယ် ဖန်တီးထားတာဖြစ်ပြီး၊ ၂၀၁၉ ခုနှစ် မတ်လအတွင်း ထွက်ရှိလာမယ့် BMW ကားမော်ဒယ်အသစ်တွေမှာ BMW Operating System 7.0 နဲ့အတူ စတင် မြင်တွေ့ရမယ်လို့ သိရပါတယ်။ လက်ရှိ Digital Assistant တွေအတိုင်း “Hey BMW” လို့ ခေါ်ပြီး BMW Assistant ကို အသုံးပြုနိုင်ကာ၊ Assistant ကို ကိုယ့်စိတ်ကြိုက်နာမည်လည်း ပေးထားလို့ ရမှာ ဖြစ်ပါတယ်။
BMW ရဲ့ Personal Assistant ကနေ ကားရဲ့ လုပ်ဆောင်ချက်တိုင်းကို အသံနဲ့တင် စေခိုင်းနိုင်ပြီး၊ ကားစနစ် အလုပ်လုပ်ပုံ အကြောင်းတွေကိုလည်း ရှင်းပြခိုင်းလို့ ရမှာပါ။ ဥပမာ “Hey BMW, I’m cold” လို့ ပိုင်ရှင်က ပြောလိုက်တာနဲ့ Digital Assistant က ကားတွင်းအပူချိန်ကို မြှင့်ပေးသွားမှာ ဖြစ်ပါတယ်။ “Hey BMW, how does the heating and cooling system work?” လို့ မေးလိုက်ရင်တော့ ကားတွင်းအပူ၊အအေးစနစ် အလုပ်လုပ်ပုံ အကြောင်းကို ရှင်းပြပေးမှာဖြစ်ပါတယ်။
BMW Intelligent Personal Assistant ပထမဆုံးဗားရှင်းဟာ ပိုင်ရှင်ချိန်ထားတဲ့ ကားတွင်း Settings တွေကို မှတ်သား ပေးထားနိုင်မှာဖြစ်ပါတယ်။ နောက်ထပ် ဗားရှင်းအသစ်တွေကျရင်တော့ ပိုင်ရှင် အကြိုက်ကို လေ့လာကာ Settings တွေကို အလိုအလျောက်ချိန်ပေးသွားမှာဖြစ်တယ်လို့ BMW က ပြောကြားခဲ့ပါတယ်။
BMW ရဲ့ Digital Assistant ဟာ ကားတွင်း ခိုင်းသမျှ ညွှန်ကြားချက်တိုင်း၊ မေးခွန်းတိုင်းနဲ့ Settings ပြင်ဆင်မှုအားလုံးကို လေ့လာမှတ်သားပြီး ပိုင်ရှင်အတွက် သီးသန့် ပရိုဖိုင်တခု ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီပရိုဖိုင်ကို BMW ID လို့ ခေါ်ဆိုမှာဖြစ်ပြီး၊ နောက် BMW ကားတစီးပြောင်းစီးမယ်ဆိုရင် BMW ID ဖြည့်လိုက်တာနဲ့ ကား Settings တွေက ကိုယ့်အကြိုက် အလိုလို ပြောင်းသွားမှာ ဖြစ်ပါတယ်။
ယခု Digital Assistant ကို ၂၀၁၉ ခုနှစ်အတွင်း ထွက်ရှိမယ့် OS 7.0 ပါ BMW 2019 မော်ဒယ်တိုင်းမှာ အသုံးပြုနိုင်မှာပါ။ BMW ရဲ့ Live Cockpit Professional ပရိုဂရမ်အရ နောက်နှစ် မတ်လအတွင်း Assistant စတင်ထွက်ရှိလာမှာဖြစ်ပြီး၊ ပထမဆုံး အခြေခံဗားရှင်းမှာတင် ဘာသာစကား ၂၃ မျိုးအထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
OTA Update နဲ့ပေးမယ့် အဆင့်မြင့်ဗားရှင်းမှာတော့ ယခုထက် ပိုမိုအဆင့်မြင့်တဲ့ Feature အသစ်တွေ ပါဝင်လာမှာ ဖြစ်ပြီး၊ Connected Package Professional လို့ ခေါ်ဆိုမှာ ဖြစ်ပါတယ်။
BMW ရဲ့ Intelligent Personal Assistant
Ref: Digital Trends