BMW ရဲ့ မော်တော်ဆိုင်ကယ်ဌာန BMW Motorrad ဟာ ယာဉ်မောင်း မပါဘဲ အလိုအလျောက် မောင်းနှင်နိုင်တဲ့ မော်တော်ဆိုင်ကယ် တစီးကို ထုတ်ဖော်ပြသခဲ့ပါတယ်။
BMW ရဲ့ မောင်းသူမဲ့ မော်တော်ဆိုင်ကယ်ဟာ ပတ်လမ်းထဲမှာ ယာဉ်မောင်း အကူအညီ လုံးဝ မလိုအပ်ဘဲ အလိုအလျောက် ကွေ့ဝိုက် မောင်းနှင်နိုင်တဲ့အပြင် အလိုအလျောက် ဒေါက်ချ၊ ရပ်နားနိုင်တဲ့ မော်တော်ဆိုင်ကယ်စီး ဖြစ်ပါတယ်။
BMW ဟာ ယခု မောင်းသူမဲ့ဆိုင်ကယ်ကို လျှို့ဝှက်ပရောဂျက်တခုနဲ့ ၂ နှစ်တာ အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပြီး၊ “ConnectedRide” လို့ခေါ်တဲ့ အီလက်ထရောနစ် လုံခြုံရေး အကူအညီ စနစ်တခုကို ဖော်ဆောင်ဖို့ ရည်ရွယ်ချက်နဲ့ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ConnectedRide ဟာ အရေးပေါ်အခြေအနေတွေမှာ ယာဉ်ကို အပြည့်အဝ ထိန်းချုပ်ပေးနိုင်မယ့် အလိုအလျောက် စနစ်တခု ဖြစ်ပါတယ်။
BMW က ပြသခဲ့တဲ့ ဗီဒီယိုမှာ RS1200 စမ်းသပ် မော်တော်ဆိုင်ကယ်ကို တွေ့မြင်ရပြီး စထွက်တာ၊ အရှိန် မြင့်တာနဲ့ အကွေ့အဝိုက်တွေကအစ အလိုအလျောက် ပြုလုပ်နိုင်တာ တွေ့ရပါတယ်။ ဒါ့အပြင် ဆိုင်ကယ် ရပ်တဲ့အခါမှာလည်း Kickstand (ဒေါက်) ကို ချပြီး အလိုအလျောက် ရပ်နားနိုင်စွမ်း ရှိတာကို မြင်တွေ့ရမှာပါ။
မောင်းသူမဲ့ ဆိုင်ကယ်မျိုးကို ထုတ်လုပ်ဖို့ ကြိုးစားနေတာ BMW ကုမ္ပဏီ တခုတည်းတော့ မဟုတ်ပါဘူး။ Yamaha ကလည်း လူပုံစံ စက်ရုပ်ပါဝင်တဲ့ မောင်းသူမဲ့ ဆိုင်ကယ်တစီးကို စမ်းသပ်ထုတ်လုပ်နေပြီး၊ Honda ကလည်း အလိုအလျောက် ဟန်ချက်ထိန်းရပ်နိုင်ပြီး၊ တနာရီ ၃ မိုင်နှုန်းနဲ့ မောင်းနှင်နိုင်တဲ့ လျှပ်စစ် မော်တော်ဆိုင်ကယ်တစီးကို ထုတ်လုပ်လျက် ရှိပါတယ်။
BMW က ရာနှုန်းပြည့် အလိုအလျောက် မောင်းနှင်နိုင်တဲ့ မော်တော်ဆိုင်ကယ်မျိုးကို ထုတ်လုပ် ရောင်းချဖို့တော့ အစီအစဉ် မရှိဘဲ၊ ဆိုင်ကယ်ရဲ့ မက္ကင်းနစ်ကို ပိုမိုနားလည်ပြီး၊ ရရှိလာတဲ့ အချက်အလက်တွေကို အသုံးပြုကာ လုံခြုံရေးစနစ်တွေကို ပိုကောင်းအောင် လုပ်သွားမယ်လို့ ဆိုပါတယ်။
Ref: Fox News