ကမ္ဘာ့ပထမဆုံး ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ရထားကို ဂျာမနီနိုင်ငံမှာ စတင်ပြေးဆွဲနေပြီ ဖြစ်ပါတယ်။ ကုန်ကျစရိတ် ပိုများပေမယ့်၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု မရှိတဲ့ ယခုနည်းပညာသစ်ဟာ လေထု ညစ်ညမ်းမှု ရှိတဲ့ ဒီဇယ်အင်ဂျင်သုံး ရထားတွေကို စိန်ခေါ်နိုင်မယ့် ပထမဆုံးခြေလှမ်းလည်း ဖြစ်ပါတယ်။
“Coradia iLint” လို့ နာမည်ပေးထားတဲ့ အပြာရောင်တောက်တောက် ရထားတွဲ နှစ်စီးကို ပြင်သစ် မြန်နှုန်းမြင့် လျှပ်စစ်ရထား ထုတ်လုပ်သူကုမ္ပဏီ Alstom က ထုတ်လုပ်ပေးထားတာဖြစ်ပြီး၊ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ စတင်ပြေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံမြောက်ပိုင်းက Cuxhaven ၊ Bremerhaven ၊ Bremervoerde နဲ့ Buxtehude မြို့တွေအကြား ကီလိုမီတာ ၁၀၀ အကွာအဝေး လမ်းကြောင်းမှာ စတင်ပြေးဆွဲမှု ပြုလုပ်ခဲ့တာပါ။
“ကမ္ဘာ့ပထမဆုံး ဟိုက်ဒရိုဂျင်စွမ်းအင်သုံးရထားကို အများပြည်သူအတွက် စတင်ပြေးဆွဲနေပြီ ဖြစ်ပါတယ်။ ဆက်လက်ပြီး အမြောက်အများ ထုတ်လုပ်ဖို့လည်း အသင့်ပါပဲ” လို့ Alstom ရဲ့ CEO Henri Poupart-Lafarge က Bremervoerde ဘူတာရုံမှာ ပြုလုပ်ခဲ့တဲ့ ရထားအသစ် မိတ်ဆက် ဖွင့်လှစ်ပွဲမှာ ပြောကြားခဲ့ပါတယ်။ ရထားတွေအတွက် လိုအပ်တဲ့ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ကိုလည်း အဆိုပါဘူတာရုံမှာ ပြန်လည်ဖြည့်နိုင်မှာ ဖြစ်ပါတယ်။
ဟိုက်ဒရိုဂျင်ရထားတွေဟာ ဟိုက်ဒရိုဂျင်နဲ့ အောက်စီဂျင် ဓာတ်ပြုမှုကနေ လျှပ်စစ်စွမ်းအင် ထုတ်ပေးတဲ့ လောင်စာ ဆဲလ်တွေကို တပ်ဆင်ထားပြီး၊ ရေနွေးငွေ့နဲ့ ရေတို့ကိုသာ စွန့်ထုတ်မှု ရှိတာကြောင့် ပတ်ဝန်းကျင် ထိခိုက်မှု မရှိတဲ့ ရထားတွေ ဖြစ်ပါတယ်။ ပိုလျှံတဲ့ လျှပ်စစ်စွမ်းအင်တွေကို ရထားပေါ်မှာ ပါရှိတဲ့ Lithium ion ဘက်ထရီတွေမှာ သိမ်းထားမှာ ဖြစ်ပါတယ်။
Coradia iLint ရထားတွေဟာ ဟိုက်ဒရိုဂျင် တတိုင်ကီနဲ့ မိုင်ပေါင်း ၆၀၀ (၁၀၀၀ ကီလိုမီတာ) လောက် ပြေးဆွဲနိုင်ပါတယ်။ Alstom ကုမ္ပဏီက ဟိုက်ဒရိုဂျင်ရထားတွေဟာ ဒီဇယ်အင်ဂျင် ရထားတွေထက် အသံ ပိုတိတ်ဆိတ်ပြီး၊ သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီမှုရှိတာကြောင့် လျှပ်စစ်ရထားလမ်း မဟုတ်တဲ့ သာမန် ရထားလမ်းကြောင်းတွေမှာ ဟိုက်ဒရိုဂျင် ရထားတွေကို အစားထိုး ပြေးဆွဲနိုင်ဖို့ မျှော်မှန်းထားပါတယ်။
“ဟိုက်ဒရိုဂျင် ရထားတွေကို ဝယ်မယ်ဆိုရင် ဒီဇယ်ရထားတွေထက် ဈေးပိုကြီးပေမယ့်၊ ပြေးဆွဲမှု စရိတ်မှာတော့ ဟိုက်ဒရိုဂျင် ရထားတွေက ပိုသက်သာပါတယ်” လို့ ယခုပရောဂျက်ရဲ့ မန်နေဂျာဖြစ်သူ Stefan Schrank က ပြောကြားခဲ့ပါတယ်။
ဂျာမနီအပြင် ဗြိတိန်၊ နယ်သာလန်၊ ဒိန်းမတ်၊ နော်ဝေ၊ အီတလီနဲ့ ကနေဒါနိုင်ငံတို့ အပါအဝင် တခြားနိုင်ငံ အများအပြားကလည်း ဟိုက်ဒရိုဂျင်ရထားတွေကို အသုံးပြုဖို့ စိတ်ဝင်စားနေကြောင်း Alstom ကုမ္ပဏီက ဆိုပါတယ်။ ပြင်သစ်အစိုးရကတော့ ၂၀၂၂ ခုနှစ်အမီ ဟိုက်ဒရိုဂျင်ရထား ပြေးဆွဲတာကို မြင်ချင်ကြောင်း ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။
Ref: The Guardian