တရုတ်နိုင်ငံမှာ ရောင်းချမယ့် မော်တော်ကားများအတွက် မောင်းသူမဲ့နည်းပညာကို Audi နှင့် Huawei တို့ ပူးပေါင်း ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီနှစ်ခုက ယနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
Audi နဲ့ Huawei တို့ဟာ Level 4 အဆင့် မောင်းသူမဲ့ကားနည်းပညာကို အဓိက အကောင်အထည်ဖော် သွားမှာ ဖြစ်ပါတယ်။ မောင်းသူမဲ့ကားနည်းပညာမှာ အမြင့်ဆုံးက မပါဝင်တဲ့ Level 5 ဖြစ်ပြီး၊ လူဝင်ရောက်ထိန်းချုပ်မှု လုံးဝ မလိုအပ်တဲ့ အဆင့်ဖြစ်ပါတယ်။
Level 4 ကတော့ သတ်မှတ်ကန့်သတ် ဧရိယာတချို့နဲ့ အခြေအနေတချို့ မှာ ဒရိုင်ဘာက စိတ်ချလက်ချ လွှတ်ထားလို့ ရတဲ့အဆင့် ဖြစ်ပါတယ်။
ယခုပေါင်းစည်းမှုအနေနဲ့ ရှေ့တပတ်က ပြုလုပ်ခဲ့တဲ့ Connect 2018 ပွဲမှာ Huawei ရဲ့ Mobile Data Center (MDC) စက် တပ်ဆင်ထားတဲ့ Audi A7 ကားကို ပြသခဲ့ပါတယ်။
ကားခေါင်မိုးပေါ်မှာ တပ်ဆင်ထားတဲ့ MDC ဟာ AI Chip အမြောက်အများနဲ့ အဓိက CPU တခု၊ ကင်မရာနဲ့ LIDAR (လေဆာထိုးအကွာအဝေးတိုင်းစနစ်) တို့ ပါဝင်တဲ့ စက်ပစ္စည်းတခုဖြစ်ပါတယ်။ ‘မြို့ပြမောင်းသူမဲ့ကားနယ်ပယ်’ မှာ MDC ကို အသုံးချနိုင်မှာဖြစ်ကြောင်း Huawei က ပြောကြားခဲ့ပါတယ်။
Huawei နဲ့ Audi တို့ဟာ အနာဂတ်စမတ်ကားတွေအတွက် ယာဉ်အချင်းချင်းဆက်သွယ်မှုနည်းပညာနဲ့ ချိတ်ဆက်ကား နည်းပညာဝန်ဆောင်မှု (Connected Car Solutions) တွေကို ပေးစွမ်းနိုင်ဖို့အတွက် ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ မောင်းသူမဲ့ကားတွေ စမ်းသပ်ခွင့်အတွက် တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ထားတဲ့ နိုင်ငံတခုဖြစ်ပါတယ်။ အဓိကအားဖြင့် ပြည်ပကုမ္ပဏီတွေအနေနဲ့ မောင်းသူမဲ့ကားစမ်းသပ်ရင်းနဲ့ တရုတ်နိုင်ငံတွင်းက အသေးစိတ်မြေပုံအချက်အလက်တွေကို ရရှိသွားမှာ စိုးတာကြောင့်ပါ။
ဒီလို စည်းကမ်းကြပ်မတ်မှုတွေကို ရှောင်ရှားနိုင်ဖို့အတွက် Mercedes-Benz လို ပြည်ပကုမ္ပဏီတွေဟာ Baidu နဲ့ တခြားတရုတ်အခြေစိုက်ကုမ္ပဏီတွေနဲ့ ပူးပေါင်းလုပ်ဆောင်လျက်ရှိပါတယ်။ အကယ်၍ Audi အနေနဲ့လည်း Huawei နဲ့ လက်မတွဲဘူးဆိုရင် ပြိုင်ဘက်ကုမ္ပဏီတွေထက် နောက်ကောက်ကျ ကျန်နေခဲ့နိုင်သလို၊ တရုတ်ဈေးကွက်တခုလုံးကို ရှောင်ကွင်းရဖို့ပဲ ရှိပါတယ်။
တရုတ်အစိုးရဟာ ပြည်ပကားကုမ္ပဏီတွေအနေနဲ့ နိုင်ငံတွင်းမှာ ကားထုတ်ချင်ရင် ပြည်တွင်းကုမ္ပဏီတွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ စည်းကြပ်ထားတာတွေကို ဖြေလျော့ပေးဖို့ ရှိကြောင်းကိုတော့ ယခုနှစ်အစောပိုင်းတုန်းက ထုတ်ပြန် ကြေညာခဲ့ပါတယ်။
Ref: The Verge, ZD Net