Tesal ဟာ ပထမဆုံး ပြည်ပ Gigafactory စက်ရုံတည်ဆောက်ဖို့အတွက် ရှန်ဟိုင်းမှာ ၂၁၀ ဧက အကျယ်အဝန်းရှိ၊ မြေနေရာတခုကို ဝယ်ယူရရှိသွားပြီဖြစ်ပါတယ်။
ဘေဂျင်းအစိုးရဟာ အမေရိကန်လုပ် သွင်းကုန်ပစ္စည်းတွေကို စည်းကြပ်ခွန် တိုးကောက်လျက်ရှိတာကြောင့် Tesla ဟာ ရှန်ဟိုင်းမှာ စက်ရုံဆောက်မယ့် အစီအစဉ်ကို အရှိန်မြှင့် လုပ်ဆောင်လျက်ရှိပါတယ်။ ယခုမြေနေရာဝယ်ယူခွင့် သဘောတူညီချက်ဟာ ကုမ္ပဏီအတွက် အရေးပါတဲ့ သမိုင်းမှတ်တိုင်တခုလို့ ဆိုရမှာပါ။
Tesla ဟာ ယခုစက်ရုံတည်ဆောက်ခွင့်ကို ပြီးခဲ့တဲ့ဇူလိုင်လတုန်းက ရှန်ဟိုင်းအာဏာပိုင်တွေနဲ့ လက်မှတ်ရေးထိုးနိုင်ခဲ့ တာဖြစ်ပါတယ်။ အဆိုပါစက်ရုံဟာ အမေရိကန်နိုင်ငံပြင်ပမှာ တည်ဆောက်မယ့် ပထမဆုံး Tesla စက်ရုံလည်း ဖြစ်ပါတယ်။ Tesla ရဲ့ တကမ္ဘာလုံးဆိုင်ရာထုတ်လုပ်မှုကို နှစ်ဆ တိုးမြှင့်ပေးနိုင်မယ့် စက်ရုံဖြစ်ပြီး၊ ကမ္ဘာ့အကြီးဆုံးကား ဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံမှာ ရောင်းချမယ့် Tesla ကားတွေရဲ့ ဈေးနှုန်းကိုလည်း လျော့ချပေးနိုင်ပါလိမ့်မယ်။
Tesla ဟာ ရှန်ဟိုင်းမြေနေရာကို ငွေပမာဏ ဘယ်လောက်နဲ့ ဝယ်ယူခဲ့သလဲဆိုတာကိုတော့ ထုတ်ပြန်မကြေညာခဲ့ပါဘူး။ ရှန်ဟိုင်းမြေနေရာချထားရေးနဲ့ မြေအရင်းအမြစ်ဌာနကတော့ စတုရန်းမီတာ ၈၆၄၈၈၅ အကျယ်အဝန်းရှိ မြေကွက်တခုကို ကန်ဒေါ်လာ ၁၄၀.၅၁ သန်းနဲ့ လေလံတင်ရောင်းချနိုင်ခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ တည်ဆောက်ဖွင့်လှစ်မယ့် Tesla ရဲ့ Gigafactory စက်ရုံဟာ တနှစ်ကို ကားအစီးရေ ငါးသိန်းအထိ ထုတ်လုပ်နိုင်မယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီလိုထုတ်လုပ်နိုင်ဖို့ကိုတော့ စက်ရုံတည်ဆောက်မှု စတင်ပြီးနောက်၊ နောက်ထပ် အချိန် ၂ နှစ်၊ ၃ နှစ်လောက် ယူရဦးမှာဖြစ်ကြောင်း Tesla ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောကြားခဲ့ပါတယ်။
Tesla ရဲ့ ရှန်ဟိုင်းစက်ရုံဟာ နိုင်ငံခြားကုမ္ပဏီတွေကို တဦးတည်းပိုင်စက်ရုံတွေ တည်ဆောက်၊ လည်ပတ်ခွင့် ပြုလိုက်တဲ့ တရုတ်အစိုးရရဲ့ အပြောင်းအလဲတခုလည်း ဖြစ်ပါတယ်။
အရင်တုန်းက နိုင်ငံခြားကုမ္ပဏီတွေနဲ့ တရုတ်မှာ စက်ရုံဆောက်ချင်တယ်ဆိုရင် ဒေသတွင်းကုမ္ပဏီတခုခုနဲ့ ၅၀-၅၀ ရာခိုင်နှုန်း လက်တွဲမှု ယူပြီးမှ ဆောက်နိုင်ခဲ့တာဖြစ်ပါတယ်။
Ref: Reuters, Tech Crunch