BMW ဟာ တရုတ်နိုင်ငံမှာ ဒီဇင်ဘာလအတွင်း Uber ပုံစံ အငှားယာဉ် ဝန်ဆောင်မှု စတင်လုပ်ကိုင်သွားမှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ ဂျာမန်ကားကုမ္ပဏီ BMW ဟာ တိုးတက်မှုမြန်ဆန်လျက်ရှိတဲ့ တရုတ်နိုင်ငံဈေးကွက်မှာ အငှားယာဉ် ဝန်ဆောင်မှုလုပ်ကိုင်ခွင့် ရရှိတဲ့ ပထမဆုံး ပြည်ပကားကုမ္ပဏီလည်း ဖြစ်ပါတယ်။
BMW Group ရဲ့ လက်အောက်ခံ BMW Mobility Service Ltd., ဟာ တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ Sichuan ပြည်နယ်၊ မြို့တော် Chengdu မှာ အငှားယာဉ်ဝန်ဆောင်မှု လုပ်ကိုင်ခွင့် ရယူနိုင်ခဲ့တာပါ။
BMW ဟာ Brilliance China Automotive Holdings Ltd နဲ့ ပူးပေါင်းထားတဲ့ လုပ်ငန်းမှာလည်း ရင်းနှီးမြှပ်နှံငွေကို ၅၀ ရာခိုင်နှုန်းကနေ ၇၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားဖို့ရှိကြောင်း အောက်တိုဘာလတုန်းက ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ အငှားယာဉ်ဝန်ဆောင်မှု ဈေးကွက်ဟာ အမေရိကန်ဒေါ်လာ ၂၃ ဘီလျံခန့် တန်ကြေးရှိပြီး၊ အခြား အငှားယာဉ်ဈေးကွက်တွေ အားလုံးပေါင်းထက် ပိုမိုများပြားပါတယ်။ တရုတ်နိုင်ငံရဲ့ ကားအငှားခေါ်ယူမှု ဘွတ်ကင်ပေါင်း ၉၀ ရာခိုင်နှုန်းအထိကိုတော့ ပြည်တွင်းကုမ္ပဏီ Didi Chuxing က သိမ်းပိုက်ထားလျက် ရှိပါတယ်။
BMW ရဲ့ ပြိုင်ဖက်၊ Mercedes-Benz ရဲ့ မိခင်ကုမ္ပဏီ Daimler ကလည်း Geely Group နဲ့ ပူးပေါင်းကာ တရုတ်နိုင်ငံမှာ အငှားယာဉ် ဝန်ဆောင်မှု လုပ်ကိုင်ဖို့ စီစဉ်နေတယ်လို့ အောက်တိုဘာလက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Ref: Reuters