တောင်ကိုရီးယားအခြေစိုက် Hyundai Motor ဟာ လက်ဗွေရာနဲ့တင် ကားတံခါးဖွင့်၊ စက်နှိုးနိုင်မယ့် စနစ်တခုကို မိတ်ဆက်လိုက်ပါတယ်။
ကားတံခါးလက်ကိုင်နဲ့ စက်နှိုးခလုတ်တို့မှာ လက်ဗွေရာဆန်ဆာတွေ တပ်ဆင်ထားပြီးကားသော့ မလိုအပ်တဲ့ စနစ်တခု ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တပတ်က တရုတ်နိုင်ငံ၊ ကားပြပွဲမှာ မိတ်ဆက်ခဲ့တဲ့ 2019 Santa Fe SUV ကားမှာ စတင် ပါဝင်လာမယ်လို့ Hyundai က ပြောကြားခဲ့ပါတယ်။
ကားတစီးမှာ လက်ဗွေရာ အမြောက်အများ ထည့်ထားနိုင်တဲ့ မိသားစုဝင်တွေပါ အသုံးပြုနိုင်ပြီး ကားအသုံးပြုတဲ့ လူအလိုက် ထိုင်ခုံအနေအထား၊ နောက်ကြည့်မှန် အနေအထားတို့ကို အလိုအလျောက် ချိန်ညှိ ပြင်ဆင်ပေးနိုင်တယ်လို့ Hyundai က ပြောပါတယ်။
နောက်ထပ် Update တွေမှာ လက်ဗွေရာအလိုက် ကြိုက်နှစ်သက်တဲ့ ကားတွင်း အပူချိန်နဲ့ စတီယာရင် Setting တို့ကိုပါ အလိုအလျောက် ချိန်ညှိပေးနိုင်မှာ ဖြစ်ပါတယ်။ ယခု စနစ် ပါဝင်တဲ့ 2019 Santa Fe SUV ကားကို တရုတ်နိုင်ငံမှာပဲ ၂၀၁၉ ခုနှစ်၊ ပထမ ၃ လပတ် အတွင်း ရောင်းချသွားဖို့ စီစဉ်ထားတယ်လို့ Hyundai က ဆိုပါတယ်။
တံခါးလက်ကိုင်မှာ တပ်ဆင်ထားတဲ့ Touch Sensor ကနေ ပိုင်ရှင်ရဲ့ လက်ဗွေရာဒေတာကို လှို့ဝှက်ကုဒ်စနစ်နဲ့ ကားစနစ်ဆီ ပို့ဆောင်တာဖြစ်ပြီး၊ အမှားအယွင်း ဖြစ်နိုင်ခြေ ၅၀,၀၀၀ ပုံ တပုံပဲ ရှိပါတယ်။ Apple ရဲ့ အရင်က Touch ID စနစ်နဲ့ အတူတူပဲ ဖြစ်တာကြောင့် လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မှာပါ။
Hyundai Santa Fe ကားမော်ဒယ်အသစ်မှာ လက်ဗွေရာ စနစ်အပြင်၊ အသံထိန်းချုပ်စနစ်၊ ကားနောက်ခန်းမှာ ကလေးကျန်ခဲ့ရင် အသိပေးမယ့် Rear Occupant Aleart စနစ်၊ ကြိုးမဲ့ ဖုန်းအားသွင်းနိုင်မယ့် စနစ် စတဲ့ ခေတ်မီ နည်းပညာတွေလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။
ကားစက်နှိုးဖို့အတွက် လက်ဗွေရာဆန်ဆာကို အသုံးပြုတာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကားတံခါးလက်ကိုင်မှာ လက်ဗွေရာ ဆန်ဆာထားပြီး တံခါးဖွင့်နိုင်တာကတော့ ပထမဆုံးလို့ ဆိုရမှာပါ။ နည်းပညာမြင့် ကားတစီးဖြစ်တဲ့ Tesla Model 3 မှာ ဆိုရင် လက်ဗွေရာ ဆန်ဆာပါတဲ့ စမတ်ဖုန်းကို ကားသော့အဖြစ် အသုံးပြုနိုင်ပြီး ဖြစ်ပါတယ်။
Ref: Engadget, Fortune