ဗြိတိန်နိုင်ငံက လမ်းမတွေမှာ အပြည့်အဝ မောင်းသူမဲ့ကားတွေကို တွေ့မြင်ရဖို့ ရှိကြောင်း ဗြိတိန်အစိုးရက ဗုဒ္ဓဟူးနေ့မှာ သတင်းထုတ်ပြန် ကြေညာလိုက်ပါတယ်။
အလိုအလျောက် မောင်းနှင်နိုင်တဲ့ကားတွေကို အဆင့်မြှင့်စမ်းသပ်မယ့် အစီအစဉ်တွေကို အစိုးရဝန်ကြီးတွေက ကြေညာခဲ့ပြီးနောက်မှာ မောင်းသူမဲ့ကားနည်းပညာ အမှန်တကယ် ထွက်ပေါ်လာဖို့ ပိုမိုနီးစပ်လာပါပြီ။ ၂၀၂၁ ခုနှစ်အမီ UK လမ်းတွေပေါ်မှာ ယာဉ်မောင်း လုံးဝ မလိုအပ်တဲ့ကားတွေ မြင်တွေ့ရဖို့ ရည်ရွယ်ချက် ပြည့်တော့မှာ ဖြစ်ကြောင်းလည်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန (DfT) က ထုတ်ပြန်ခဲ့ပါတယ်။
မောင်းသူမဲ့ကားတွေကို စမ်းသပ်မှုဆိုင်ရာ လုပ်ငန်းဆိုင်ရာ သတ်မှတ်ချက်တွေကိုလည်း နည်းပညာတိုးတက်မှုရှိစေဖို့ အတွက် ပိုမိုကောင်းမွန်အောင် ရေးဆွဲဖို့ရာလည်း စီစဉ်ပြီး ဖြစ်ပါတယ်။ မောင်းသူမဲ့ကား စမ်းသပ်ခြင်းဆိုင်ရာ လက်ရှိ သတ်မှတ်ချက်တွေအရ UK က မည်သည့်လမ်းမှာမဆို စမ်းသပ်မယ့် မောင်းသူမဲ့ကားတိုင်းဟာ လုံခြုံရေးအတွက် ယာဉ်မောင်းတဦး လိုက်ပါဖို့ လိုအပ်ပါတယ်။
ဒါပေမဲ့ လာမယ့်နှစ်တွေအတွင်းမှာ UK အစိုးရဟာ အဆိုပါ လိုအပ်ချက်ကိုပါ ဖြုတ်ချပေးသွားမှာပါ။ ဒီ့အစား မောင်းသူမဲ့ကား စမ်းသပ်မှု လုပ်ဆောင်နေသူတွေအနေနဲ့ လုံခြုရေးဆိုင်ရာ သတင်းအချက်အလက်နဲ့ စမ်းသပ်မှု အစီရင်ခံစာတို့ကိုပဲ ထုတ်ပြန်ပေးပြီး၊ စမ်းသပ်မှု မလုပ်ခင် အန္တရာယ်တွက်ချက်မှုတွေ လုပ်ဆောင်ပေးဖို့ပဲ လိုအပ်တော့မှာ ဖြစ်ပါတယ်။
ယခုကြေညာချက်ဟာ UK ရဲ့ ကွန်ရက်ချိတ်ဆက် မောင်းသူမဲ့ကားဈေးကွက်ကို ကြီးမားစွာ တိုးတက်မှုဖြစ်စေမယ်လို့ DfT က ဆိုပါတယ်။ UK ရဲ့ မောင်းသူမဲ့ကားဈေးကွက်ဟာ ၂၀၃၅ ခုနှစ်မှာ ပေါင် ၅၂ ဘီလျံလောက် တန်ကြေးရှိလာမယ်လို့ လည်း ခန့်မှန်းထားပါတယ်။
“ကျနော်တို့ရဲ့ ခရီးသွားလာမှုပုံစံကို ပြောင်းလဲပစ်နိုင်တဲ့ ယခု (မောင်းသူမဲ့ကား) နည်းပညာအသစ်အဆန်းကို ပွင့်လင်းမြင်သာမှုရှိစွာနဲ့ လုံခြုံစွာ စမ်းသပ်ဖို့အတွက် အစိုးရက ထောက်ပံ့အားပေးနေပါတယ်” လို့ သယ်ယူပို့ဆောင်ရေး ဝန်ကြီး Jesse Norman က ပြောကြားပါတယ်။
ဒါပေမဲ့ တချို့သော ကျွမ်းကျင်ပညာရှင်တွေကတော့ မကြာမီအချိန်အတွင်း ဗြိတိန်က လမ်းတွေပေါ်မှာ မောင်းသူမဲ့ကား တွေကို မြင်ရတော့မယ်ဆိုတဲ့ အပြောအပေါ် သံသယ ရှိနေကြပါတယ်။ ကမ္ဘာ့ထိပ်တန်း နည်းပညာအသွင်ပြောင်းရေးအကြံပေးအေဂျင်စီ တခုဖြစ်တဲ့ PA Consulting က မောင်းသူမဲ့ကားတွေရဲ့ အလားအလာအပေါ် ထဲထဲဝင်ဝင် လေ့လာမှုတခု ပြုလုပ်ခဲ့ပါတယ်။
ကုမ္ပဏီရဲ့ လမ်းပန်းဆက်သွယ်ရေးကျွမ်းကျင်ပညာရှင်တဦးဖြစ်ပြီး၊ လေ့လာမှုကို ဦးဆောင်ပြုလုပ်ခဲ့သူ Charlie Henderson က လမ်းပေါ်မှာ မောင်းသူမဲ့ကားတွေ မောင်းနှင်သွားလာနိုင်စေဖို့အတွက် အကြောင်းရင်း ၇ ချက်လောက် လိုအပ်တယ်လို့ ဆိုပါတယ်။ နည်းပညာ၊ ဥပဒေ ပြဌာန်းမှု၊ ထိန်းသိမ်းကြပ်မတ်မှုနဲ့ အာမခံထားရှိမှု တို့ကလည်း အရေးကြီးလိုအပ်တဲ့ အချက်တွေ ဖြစ်ပေမယ့်၊ တကယ့်အရေးကြီးဆုံး အချက်တခုက လမ်းပေါ်မှာ လှုပ်ရှားသွားလာနေသူ (Road users) တွေ ဖြစ်တယ်လို့ Henderson က ပြောပါတယ်။
ရှေ့တနှစ်လောက်က အရီဇိုးနားပြည်နယ်မှာ အသက် ၄၉ နှစ်အရွယ် အမျိုးသမီးတဦး လမ်းဖြတ်ကူးနေတုန်း Uber မောင်းသူမဲ့ကားနဲ့ တိုက်မိခဲ့တာကြောင့် သေဆုံးခဲ့အပြီးမှာ လမ်းပေါ်က လူတွေဟာလည်း မောင်းသူမဲ့ကားတွေ အဓိက ကြုံရမယ့် ပြဿနာတခုဖြစ်တယ် ဆိုတာ ပိုမိုသတိထားမိလာကြပါတယ်။
“လမ်းပေါ်ကလူ (Road users) တွေဆိုတာ တခြားကားတွေတင် မကပါဘူး။ လမ်းသွားလမ်းလာတွေ၊ စက်ဘီးသမားတွေ အကုန်ပါဝင်ပါတယ်။ အကုန်လုံးဟာ ဒီ(မောင်းသူမဲ့)ယာဉ်တွေ ဘယ်လို ပြုမူလုပ်ဆောင်လဲဆိုတာ နားလည်၊ ယုံကြည်ထားဖို့ လိုအပ်ပါတယ်။ အစွမ်းကုန်လုံခြုံစေဖို့အတွက် မောင်းသူမဲ့ကားတွေကို သတိအပြည့်နဲ့ မောင်းနှင်နိုင်အောင် လုပ်လို့ ရပါတယ်။ ဒါပေမဲ့ ဒီလို လုပ်လိုက်ရင်လည်း မောင်းသူမဲ့ကားတွေက အရမ်းနှေးကွေးသွားမှာ ဖြစ်ပြီး၊ မြို့ပြဧရိယာတွေမှာ ကြီးမားတဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေ ကနေ မတော်တဆမှုတွေအထိ ဖြစ်နိုင်တယ်” လို့ Henderson က ပြောပါတယ်။
“ကားတွေတင်မက၊ ကားတွေနဲ့ ဆက်သွယ်မယ့် လူတွေရဲ့ အပြုအမူ၊ လှုပ်ရှားမှု ပုံစံတွေ အားလုံးကို ပြောင်းလဲဖို့အတွက်ကို စဉ်းစားကြဖို့ လိုပါတယ်” လို့ ဆိုပါတယ်။
Henderson ရဲ့ လေ့လာမှုအစီရင်ခံစာမှာတော့ မောင်းသူမဲ့ကားတွေကို တွင်တွင်ကျယ်ကျယ် သုံးလာနိုင်ဖို့ ဆယ်စုနှစ် တခုလောက် စောင့်ရဦးမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ၂၀၂၃ ခုနှစ်လောက်မှာတော့ သတ်မှတ်နယ်မြေတွေမှာပဲ မောင်းသူမဲ့ယာဉ်တွေကို အနည်းအကျဉ်း အသုံးပြုလာတာမျိုး ရှိလာနိုင်ပါတယ်။ ဥပမာ – ဘတ်စ်ကားတွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းသုံးယာဉ်တွေဟာ မောင်းသူမဲ့တွေ ဖြစ်လာနိုင်ပါတယ်။
မောင်းသူမဲ့ကားတွေအကြောင်း စာအုပ်အပြင် အခြားစာအုပ်အများအပြားကို ထုတ်ဝေခဲ့သူ သယ်ယူပို့ဆောင်ရေး ဂျာနယ်လစ် Christian Wolmar ကတော့ UK အစိုးရရဲ့ ယခုကြေညာချက်ဟာ နွားရှေ့ထွန်ကျူးသလို ဖြစ်နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။
“ဘာမှအဆင်သင့် မဖြစ်သေးခင် လမ်းတွေပေါ်ကို မောင်းသူမဲ့ကားတွေ တက်ခွင့် ပေးလိုက်တဲ့ အစီအစဉ်ဟာ မှားယွင်းတဲ့ လုပ်ရပ်ဖြစ်ပြီး၊ လူတွေရဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်လာနိုင်ခြေရှိပါတယ်” လို့ ဆိုပါတယ်။ ဒါ့အပြင် လူထုရဲ့ မောင်းသူမဲ့ကားနည်းပညာအပေါ် အလိုဆန္ဒကလည်း မော်တော်ယာဉ်ဈေးကွက်က ထင်ထားသလောက် မပြင်းပြသေးပါဘူး။
၂၀၁၆ ခုနှစ် လေ့လာချက်အရ UK က ယာဉ်မောင်း ၆၂ ရာခိုင်နှုန်းလောက်ဟာ လုံးဝမောင်းသူမလိုအပ်တဲ့ကားတွေ လမ်းပေါ် ရောက်လာမယ်ဆိုတာကို စိုးရိမ်ထိတ်လန့်ကြတယ်နေတယ်လို့ ယာဉ်ကြောစည်းကမ်းထိန်းသိမ်းလေ့လာရေး အဖွဲ့အစည်းတခုဖြစ်တဲ့ RAC Foundation ရဲ့ Nicholas Lyes က CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ယာဉ်မောင်း ၂၇ ရာခိုင်နှုန်းလောက်ကပဲ မောင်းသူမဲ့ကားတွေကြောင့် UK လမ်းတွေ ပိုအန္တရာယ်ကင်းသွားမယ်လို့ ယုံကြည်ထားကြတာပါ။
ဒါကြောင့် သယ်ယူပို့ဆောင်ရေးရဲ့ အနာဂတ်ဟာ အလိုအလျောက်မောင်းနှင်နိုင်တဲ့ကားတွေပဲ ဖြစ်လာမယ်ဆိုတာကို ပြည်သူတွေ လက်ခံယုံကြည်လာအောင် လုပ်ဖို့ အများကြီးလိုသေးကြောင်း Lyes က ထပ်လောင်းပြောကြားပါတယ်။
UK ရဲ့ လမ်းလုံခြုံရေးအသင်းအဖွဲ့ Brake ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးကတော့ ကွန်ရက်ချိတ်ဆက်၊ မောင်းသူမဲ့ကားတွေဟာ ယာဉ်မောင်း အမှားတွေကို အပြီးသတ် ချုပ်ငြိမ်းပစ်နိုင်မယ့် အလားအလာကောင်း ရှိပြီး၊ လမ်းတွေပေါ်မှာ နေ့စဉ်ကြုံတွေ့နေရတဲ့ လူသေဆုံးမှု၊ ဒဏ်ရာအနာတရ ရမှုတွေကို အဆုံးသတ်ပေးနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် UK အစိုးရရဲ့ ဦးဆောင်မှုကို ကြိုဆိုတယ်လို့ ဆိုပါတယ်။
“ယခုနည်းပညာပြောင်းလဲမှုမှာ လူသားတွေနဲ့ သူတို့ရဲ့ လိုအပ်ချက်တွေကို အဓိကဦးစားပေး ဆောင်ရွက်ဖို့ မဖြစ်မနေလိုအပ်ပါတယ်” လို့ Brake က ပြောကြားခဲ့ပါတယ်။
Ref: CNN, Tech Crunch